စစ်တပ်က တင်းမရွာသား ၁၈ ဦးကို နှစ်နှစ်ကြာတဲ့အထိ မိသားစုထံ ပြန်မပို့သေး
ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်က မီးရထားဘူတာ စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဒေါ်အေးရီဟာ သူမရဲ့တစ်ဦးတည်းသော သားဖြစ်သူ ပြန်လာမယ့်လမ်းကို စောင့်မျှော်နေပါတယ်။
ဒေါ်အေးရီတို့ဟာ ကျောက်တော်မြို့နယ် တင်းမကျေးရွာက ထွက်ပြေးလာကြတာပါ။ သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသား မောင်ထွန်းထွန်းဝေကို ရွာကနေ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သတင်း အစအနမရဘဲ ပျောက်ဆုံးနေတာ အခုဆိုရင် တစ်နှစ်နဲ့ ခုနှစ်လရှိသွားပါပြီ။
မိခင်ရဲ့ မျက်စိရှေ့မှာတင် စစ်သားတွေက ဖမ်းဆီးသွားတဲ့ သားကို အကောင်းပကတိပြန်လာဖို့ ဒေါ်အေးရီ တစ်ယောက် ဒီနေ့အထိ မျှော်နေဆဲပါ။
“ကျွန်မသားလေးကို ခရီးဆောင်လမ်းပြအဖြစ် ခေါ်သွားလား။ သတ်ပစ်လိုက်ပြီလား။ အချုပ်မှာ ထားလား။ ထောင်မှာ ထားလား။ ကျွန်မတို့ ဝေခွဲမရဖြစ်နေပါတယ်။ အခုက အချုပ်မှာလည်းမရှိ။ ထောင်မှလည်းမရှိ တော့ ကျွန်မတို့ စဉ်းစားရခက်နေပါပြီ။ မျှော်လင့်ချက်ကတော့ ကျွန်မသားလေးဟာ ဖျားတာ နာတာ လည်းမဟုတ် ကျွန်မ မျက်စိထက်က အကောင်းအတိုင်း သူတို့ ခေါ်ယူသွားလို့ လိုက်သွားတာ ဘယ်လိုမှာ တားလို့လည်း မရလိုက်ဘူး။ ကျွန်မသားလေးမှာ အပြစ်လည်း မရှိဘူး။ ကျောင်းတက်နေတဲ့ ရှစ်တန်း ကျောင်းသား။ ကျွန်မသားလေးကို ကျွန်မ မျက်စိထက်က ကျန်းကျန်းမာမာ ခေါ်ယူသွားတာ ကျွန်မက တော့ သူတို့လွှတ်တဲ့တစ်ရက် ကျွန်မ သားလေး ကျွန်မရင်ခွင်ကို ပြန်ရောက်လာမယ်ဆိုပြီး မျှော်လင့်ချက်နဲ့ အခုလည်း စောင့်နေတာပါပဲ”
မိဘနှစ်ပါးလုံးဟာ ကျောင်းပညာကို ပြည့်ပြည့်၀၀ မသင်ခဲ့ရဘဲ ဝမ်းရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတာ ကြောင့် သူမရဲ့ သားဖြစ်သူကိုတော့ ကျောင်းပညာကို ပြည့်စုံအောင်သင်ပေးဖို့ မျှော်လင့်ထားခဲ့ကြတာပါ။
“သူတို့ကို မျှော်နေတာပါပဲ။ အခုအထိ ပေါ်မလာသေးတာက သူတို့ဟာ သေနေပြီလား"
ဒါပေမဲ့ အခုတော့ သူတို့ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ သားဟာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ပျောက်ဆုံးနေ သလို ရွာမှာ ခက်ခက်ခဲခဲစုဆောင်းခဲ့တဲ့ ပိုင်ဆိုင်မှုဟာလည်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေနဲ့အတူ ပျက်စီးဆုံးရှုံးခဲ့ပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်စခန်းမှာပဲ ကျပ်ကျပ်တည်းတည်း ဖြတ်သန်းနေရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့က ရှစ်တန်းကျောင်းသား မောင်ထွန်းထွန်းဝေ အပါအဝင် တင်းမကြီး ကျေးရွာသား ၁၀ ဦးနဲ့ မတ်လ ၁၃ ရက်နေ့က တင်းမသစ်ကျေးရွာသား ရှစ်ဦးကို အမှတ် ၅၅ ဘတ်တံဆိပ်ပါ စစ်ယူနီဖောင်းတွေ ဝတ်ဆင်ထားတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
မောင်ထွန်းထွန်းဝေနဲ့ အတူတူ ဖမ်းဆီးခံခဲ့ရတဲ့သူတွေထဲမှာ ဆွံ့အနားမကြားတဲ့ ဦးနေလင်းဦးလည်း ပါဝင်ပါတယ်။ သူ့မှာတော့ ဇနီးဖြစ်သူ မသီတာဝင်းနဲ့ အသက် သုံးနှစ်အရွယ်သာရှိသေးတဲ့ သားတစ်ဦး ရှိနေပါတယ်။
ဦးနေလင်းဦး အပါအဝင် ရွာသားတွေ ဖမ်းဆီးခံခဲ့ရတာကို စုံစမ်းရှာဖွေပေးဖို့ ဖခင်ဖြစ်သူ ဦးမောင်ကျော်ဝင်းက ပြည်နယ်အစိုးရနဲ့ နိုင်ငံတော် သမ္မတရုံးအထိ တိုင်ကြားခဲ့ပေမယ့် ဒီနေ့အထိ အကြောင်းမထူးပါဘူး။
“သူတို့ကို မျှော်နေတာပါပဲ။ အခုအထိ ပေါ်မလာသေးတာက သူတို့ဟာ သေနေပြီလား။ ဒါမှမဟုတ် ဖျောက်ထားတာလား။ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း သိချင်တယ်။ နောက်ပြီးတော့ သားကလည်း ကျန်းမာရေးမကောင်းဘူး။ စကားလည်း မပြောတတ်ဘူး။ သူက ဆွံ့အနားမကြား။ အခုအချိန်ထိ ပြန်မလာသေးတော့ တကယ့်ကို စိုးရိမ်တာပေ့ါ။ မိဘဖြစ်သူမှာတော့။ ပြည်နယ်တို့၊ ပြီးရင် ပြောမယ်ဆိုရင် သမ္မတရုံးအထိတောင် စာပို့ခဲ့တာ ရှိခဲ့တာ။ ဒါပေမဲ့ အချိန်အထိ ဘာမှထူးခြားတာ မရှိသေးဘူး”
သားဖြစ်သူ ဦးနေလင်းဦးရဲ့ ဇနီးဖြစ်သူဟာလည်း ဆွံ့အနားမကြားသူဖြစ်သလို မြေးဖြစ်သူဟာလည်း အသက် သုံးနှစ်သာရှိနေသေးတာကြောင့် သူတို့ရဲ့ ဘဝရပ်တည်ရေးဟာ ပိုမိုခက်ခဲနေပါတယ်။
သူတို့နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး ပျောက်ဆုံးနေတဲ့အထဲမှာ အရွယ်မရောက်သေးတဲ့ သားသမီး ရှစ်ဦးရဲ့ဖခင် အသက် ၄၇ နှစ်အရွယ် ဦးမောင်ဝင်းလည်း အပါအဝင်ဖြစ်ပါတယ်။
ဦးမောင်ဝင်းရဲ့ဇနီး ဒေါ်မသန်းတင်ကတော့ သူ့ရဲ့ခင်ပွန်းဟာ အသက်ရှင်လျှက် ရှိနေသေးလား၊ မရှိတော့ဘူး လားဆိုတာ ဝေခွဲမရဖြစ်နေပြီး သားသမီး ရှစ်ဦးနဲ့အတူ ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။
“အခုဆိုရင် ကျွန်မခင်ပွန်းကို ဖမ်းသွားတာ နှစ်နှစ်ပြည့်တော့မယ်။ ရှိမယ်လို့တော့ မထင်တော့ဘူး။ ဒါပေမဲ့ ရှိများရှိနေဦးမှာလား မရှိတော့ဘူးလားဆိုတာ ဝေခွဲမရဖြစ်နေပါတယ်။ အမျိုးသား မရှိတော့ စားဝတ်နေ ရေးကလည်း အရမ်းကို ခက်ခဲတာပေါ့။ သုံးရေး၊ စားရေး၊ နေရေးထိုင်ရေးအတွက် အလုပ်အကိုင်တွေ ကလည်း လုပ်လို့၊ ကိုင်လို့ မရဘူး။ အခုက အလှူရှင်တွေက ထောက်ပံ့ကြေးပေးမှ စားရတယ်၊ မပေးရင် မစားရတဲ့ ဘဝပါပဲ။ ဒုက္ခသည်မှာတော့ သူများမျက်မှာကိုပဲ ကြည့်နေရတာ”
သူတို့ရဲ့သားသမီး ရှစ်ဦးထဲမှာ အကြီးဆုံးသမီးဟာ အသက် ၂၀ ရှိပြီး အငယ်ဆုံး သားကတော့ အခုဆိုရင် နှစ်နှစ် အရွယ်ပဲ ရှိပါတယ်။
ဦးမောင်ဝင်း ရှိစဉ်တုန်းကဆိုရင် ကျေးရွာထဲမှာ နေ့စားအလုပ်တွေ၊ ငါးဖမ်းအလုပ်နဲ့ လယ်ယာအလုပ်တွေကို လုပ်ကိုင်ရင်း စားဝတ်နေရေး အဆင်ပြေခဲ့ပါတယ်။ အခုတော့ အိမ်ထောင်ဦးစီး မရှိတော့သလို ဒုက္ခသည် စခန်းမှာ ခိုလှုံနေရတာကြောင့် သူတို့အတွက် ခက်ခဲနေတာပါ။
ပျောက်ဆုံးနေတဲ့ တင်းမရွာသား ၁၈ ဦးအရေးအတွက် ဒေသခံ လွှတ်တော်ကိုယ်စားလှယ် လေးဦးနဲ့ ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လအတွင်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့ နိုင်ငံတော် အကြီးအကဲတွေထံကို စာရေးသား တိုင်ကြားခဲ့ကြပါတယ်။
ဒါပေမဲ့ အဲဒီလူတွေကို စစ်တပ်က ဖမ်းဆီးထားတာ မရှိဘူးလို့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကော်မရှင်က အကြောင်းပြန်ခဲ့ပါတယ်။
မိသားစုဝင်တွေနဲ့ ကျေးရွာသားတွေ အားလုံးကတော့ ရွာသား ၁၈ ဦးဟာ သူတို့ မျက်စိရှေ့မှာ ဖမ်းဆီးခံ ခဲ့ရတာကြောင့် ဒါဟာ အစိုးရရဲ့ ပြောင်ကျကျ ငြင်းဆိုမှုတစ်ရပ်အဖြစ် လက်ခံထားကြပါတယ်။
ကာယကံရှင် မိသားစုဝင်တွေဟာ ဖမ်းဆီးခံ ရွာသား ၁၈ ဦးကိစ္စအတွက် ကျောက်တော် မြို့မရဲစခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့နဲ့ ဒီဇင်ဘာလ ၈ ရက်နေ့မှာ စစ်တပ်ကို နှစ်ကြိမ်တိုင်တိုင် အမှုဖွင့်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲစခန်းက အမှုကို လက်မခံခဲ့ပါဘူး။
ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသား ၁၈ ဦးနဲ့ပတ်သက်လို့ တရားမျှတမှုအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကျောက်တော်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကတော့ အာဏာသိမ်း စစ်တပ်ရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတဲ့လုပ်ရပ်အဖြစ် ရှုမြင်ပါတယ်။
“စစ်ရေးပဋိပက္ခတွင်းထဲမှာ လက်လွန်ခြေလွန် တစ်ခုခုဖြစ်သွားရင်တောင်မှ ခေါ်သွားတဲ့အဖွဲ့အစည်းက တာဝန်ယူမှု တာဝန်ခံမှုနဲ့ သူတို့တွေရဲ့ နစ်နာမှုတွေအတွက် မိသားစုဝင်တွေနဲ့တွေ့ပြီး နှစ်သိမ့်မှုတွေ ပေးသင့်တယ်။ နောက်ပြီး အဲဒီအပေါ်မှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိတဲ့ ဖြစ်စဉ် တွေဖြစ်သွားတယ်ဆိုရင် ဒါကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှုတို့ တစ်ခုခုတော့ လုပ်ပြသင့်တယ်လို့ ထင်တယ်။ ဒီအတိုင်းပဲ အစပျောက်သွားတယ်၊ ပြီးရင်ပြီးရော ဒီအတိုင်းထားတဲ့ အနေအထားမျိုးက တော်တော်လေးကို မဖြစ်သင့်တဲ့ ကိစ္စတွေပေ့ါဗျာ”
မိသားစုဝင်တွေက ပျောက်ဆုံးနေသူတွေ တစ်နေ့ပြန်လာနိုးနဲ့ နေ့စဉ် ပူးဆွေးသောက ရောက်နေကြရ တာကြောင့် အာဏာပိုင်တွေအနေနဲ့ တိကျသေချာတဲ့ အဖြေတစ်ခု ပေးသင့်တယ်လို့ သူက ဆိုပါတယ်။
ပျောက်ဆုံးနေတဲ့ တင်းမရွာသား ၁၈ ဦးအရေးနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က အောက်တိုဘာ ၁၃ ရက်နေ့က ဖုန်းနဲ့မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်တို့အကြား နှစ်နှစ်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခ တွေအတွင်း စစ်ကြောရေး စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးတာနဲ့ စစ်တပ်ရဲ့ စစ်ကြောရေးစခန်း ကနေ အလောင်းကို ဆေးရုံနဲ့ ရဲစခန်းကို လာရောက်အပ်နှံတာ စုစုပေါင်း ၃၂ ဦး အပါအဝင် သေဆုံးသူ ၂၃၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၇၃၀ ဦးအထိ ရှိခဲ့တာကို RFA က စာရင်းပြုစုထားနိုင်ခဲ့ပါတယ်။
နစ်နာခဲ့ရတဲ့မိသားစုကတော့ ဒီနေ့အထိ တရားမျှတမှုနဲ့ အလှမ်းဝေးနေကြဆဲဖြစ်သလို သူတို့ရဲ့ မိသားစုဝင် တွေ အိမ်ပြန်ရောက်လာနိုးနဲ့ မျှော်လင့်နေကြဆဲဖြစ်ပါတယ်။