စစ်ကောင်စီ ကန့်သတ်လိုက်တဲ့ ကျောင်းသားဗီဇာ
2024.09.19
Non-Immigrant ED Visa လို့ခေါ်တဲ့ ကျောင်းသားဗီဇာဆိုတာ ထိုင်းအစိုးရအသိအမှတ်ပြု တက္ကသိုလ်ကောလိပ်တွေ၊ Internship လို့ခေါ်တဲ့ လုပ်ငန်းခွင်သင်တန်း၊ ပညာရေးသင်တန်း တက်မဲ့ နိုင်ငံခြားသားတွေအတွက် ထုတ်ပေးတဲ့ဗီဇာပါ။
ကျောင်းသားဗီဇာ နှစ်မျိုးရှိပါတယ်။ ယေဘုယျအားဖြင့် ဒီဗီဇာနှစ်မျိုးလုံးက ထိုင်းမှာ တရားဝင် အလုပ်လုပ်ခွင့် မရှိပါဘူး။
University ED Visa ဆိုတာ တက္ကသိုလ်ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းတွေ တက်ပြီး ထိုင်းမှာ နှစ်ရှည်နေချင်သူတွေအတွက်ပါ။ တစ်ပတ်မှာ အနည်းဆုံး သုံးရက်ကနေ လေးရက်၊ ကျောင်းတက်ရပါတယ်။ သတ်မှတ်ထားတဲ့ နှစ်ပြည့်အောင် တက်ပြီးရင် ထိုင်းအစိုးရအသိအမှတ်ပြု ဘွဲ့လက်မှတ်ရပါမယ်။
ဗီဇာ တစ်ခါလျှောက်ရင် ၁၅ လအထိ နေခွင့်ရပြီး ကုန်ကျစရိတ်ကတော့ ကျောင်းပေါ် မူတည်ပြီး ဘတ်ငါးသောင်းကနေ ခုနစ်သောင်းဝန်းကျင် ရှိပါတယ်။ သက်ဆိုင်ရာကျောင်းက ထုတ်ပေးတဲ့ ကျောင်းသားကတ်နဲ့ ထိုင်းနိုင်ငံတွင်းမှာ ခရီးသွားလာနိုင်ပါတယ်။
Language School Visa ဆိုတာကတော့ အကြောင်းအမျိုးမျိုးနဲ့ ထိုင်းကို ရောက်နေပြီး ကျောင်းတက်ချင်သူ၊ လုပ်ငန်းခွင်တစ်ဖက်နဲ့ ဘာသာစကား သင်ချင်သူတွေ လျှောက်ကြတာပါ။ ထိုင်း၊ အင်္ဂလိပ်၊ တရုတ် … စတဲ့ ဘာသာစကား သင်ကျောင်းတွေကို ရွေးနိုင်ပါတယ်။ အစိုးရအသိအမှတ်ပြု ပြင်ပသင်တန်းကျောင်းတွေမှာ ကျောင်းအပ်ပြီး အွန်လိုင်းကနေ တက်နိုင်ပါတယ်။
ဗီဇာတစ်ခါလျှောက်ရင် တစ်နှစ် နေခွင့်ရပါတယ်။ သင်တန်းနဲ့ ဘာသာရပ်အပေါ် မူတည်ပြီး ဘတ်သုံးသောင်းကနေ လေးသောင်းဝန်းကျင် ကုန်ကျပါတယ်။ တစ်နှစ်တက်ပြီးရင် သင်တန်းဆင်းလက်မှတ်ရမှာ ဖြစ်ပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာလိုက်ပြီးနောက်မှာတော့ စစ်မှုမထမ်းချင်တဲ့ မြန်မာလူငယ်တွေဟာ Language School ကျောင်းသားဗီဇာနဲ့ ထိုင်းနိုင်ငံကို အများအပြား ဝင်ရောက်လာကြပါတယ်။
အခုတော့ ထိုင်းမှာ ကျောင်းသားဗီဇာနဲ့နေတဲ့ မြန်မာနိုင်ငံသားတွေ များလာတဲ့အတွက် “စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး တက္ကသိုလ်ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသားတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကလွဲလို့ ကာလတို ဘာသာစကားသင်တန်း တက်နေသူတွေရဲ့ နိုင်ငံကူးလက်မှတ်တွေကို သက်တမ်း တိုးမပေးတော့ဘူး”ဆိုပြီး ဘန်ကောက် မြန်မာသံရုံးက စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်ရှင်။