စစ်မှုထမ်းသင်တန်းနောက်ကွယ်က ကျန်ရစ်တဲ့ မိသားစုဒုက္ခ
2024.06.27
အာဏာသိမ်းစစ်ကောင်စီ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ စစ်သင်တန်းတက်ဖို့ ခေါ်ဆောင်ခံရသူတွေထဲမှာ အိမ်ထောင်သည်အမျိုးသားတွေ များစွာပါဝင်နေပါတယ်။ အဲဒီထဲမှာ ဧရာဝတီ တိုင်းအတွင်းက ရွာတစ်ရွာမှာ ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဖို့ လိုက်ပါသွားရတဲ့နောက် မိသားစုတွေ စားဝတ်နေရေး ခက်ခဲကျပ်တည်းနေရတဲ့ မအေးအေးဟာ ခင်ပွန်းအတွက်လည်း စိတ်သောက ရောက်နေရပါတယ်။
"အဆက်အသွယ်လည်း မရ။ မုဆိုးမဖြစ်ရုံပဲ ရှိမှာပေါ့။ ကျန်တာကတော့ ဘာမှ ကူညီမဲ့သူလည်း မရှိဘူး။ ထောက်ပံ့တဲ့သူလည်း ရှိမှ မရှိတာ”
စစ်သင်တန်း အပတ်စဉ် (၂) တက်ဖို့ မေလက ဆင့်ခေါ်ခံရတဲ့ ခင်ပွန်းဖြစ်သူအတွက် ဇနီးသည် မအေးအေးက -
“ဒါနှစ်နှစ်ဆိုလည်း နှစ်နှစ် အလျောက် ထမ်းဆောင်ပြီးရင် ပြီးတာပဲ။ ဒါပေမဲ့ အဲဒီ နှစ်နှစ်ကြားထဲမှာ သေသွားရင်တော့ ကိုယ်တွေအတွက်ကတော့ ဘာမှလည်း ဟိုဟာဖြစ်တာမှ မဟုတ်တာ။ အဆက်အသွယ်လည်း မရ။ မုဆိုးမဖြစ်ရုံပဲ ရှိမှာပေါ့။ ကျန်တာကတော့ ဘာမှ ကူညီမဲ့သူလည်း မရှိဘူး။ ထောက်ပံ့တဲ့သူလည်း ရှိမှ မရှိတာ” လို့ ပြောပါတယ်။
ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဆင့်ခေါ်ခံရပြီးတဲ့နောက်ပိုင်း သားသမီးတွေထဲက သမီးကြီးကို ကျောင်းဆက်မထားနိုင်တော့ဘဲ မုန့်ရောင်းခိုင်းရသလို သူကိုယ်တိုင်လည်း ရရာအလုပ်လုပ်ရင်း စားဝတ်နေရေး ဖြေရှင်းနေရပါတယ်။
မအေးအေးရဲ့ ခင်ပွန်းဟာ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီးနောက် ရှမ်းပြည်နယ်က စစ်သင်တန်းကျောင်းတစ်ခုမှာ စစ်သင်တန်း တက်နေရတာပါ။
ကလေးတွေနဲ့ စားဝတ်နေရေး ခက်ခဲနေတဲ့ မအေးအေးတို့သားအမိကို မိဘတွေက ပြန်ခေါ်ထားပြီး စောင့်ရှောက်ထားပါတယ်။ စစ်သင်တန်းတက်နေရတဲ့ သမက်ဖြစ်သူဆီက အထောက်အပံ့မရတဲ့အပြင် ပြန်လည်ထောက်ပံ့နေရတယ်လို့ ဖခင်ဖြစ်သူ ဦးမြင့် က ပြောပါတယ်။
“သူတို့မှာ ဟိုမှာနေရတဲ့ကောင်ကလည်း သုံးစရာ၊ စွဲစရာမရှိတော့ ဒီကနေ ကြံဖန်ပြီးတော့ ပိုက်ဆံတွေ လှမ်းတောင်း။ လှမ်းတောင်းတော့ ဒီကနေကြံဖန်ပြီး ငတ်နေတဲ့အထဲကနေ ခြိုးခြံချွေတာပြီးတော့ သူ့ကိုတစ်ခါ ထည့်ပေးရတာပေါ့”
ကြုံရာကျပန်းလုပ်ကိုင်နေတဲ့ မအေးအေးရဲ့ တစ်နေ့လုပ်အားခဟာ မိသားစုဝမ်းရေးကို ဖြေရှင်းဖို့ မလုံလောက်ပါဘူး။
ခင်ပွန်းဖြစ်သူ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီးနောက်ပိုင်း သူတို့ပတ်ဝန်းကျင်က လူငယ်တွေဟာ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်နေကြတယ်လို့ အိမ်နီးချင်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“အဲဒီကောင်လေး စစ်မှုထမ်းဥပဒေနဲ့ပါသွားကတည်းက ရပ်ကွက်ထဲက ကလေးတွေက အိမ်တွေမှာ မနေနိုင်ကြပါဘူး။ အဲဒီလိုမျိုး လျှောက်သွားနေကြတာပေါ့နော်။ လျှောက်ရှောင်နေတာတွေလည်း တွေ့ရပါတယ်။ အိမ်မှာ လည်း မနေနိုင်ပါဘူး။ မိဘတွေနဲ့အတူ မနေရပါဘူး။ လျှောက်ပြေးနေကြရပါတယ်”
စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူတွေရဲ့ မိသားစုဝင်တွေ အထောက်အပံ့မရတဲ့အပေါ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးဆီ RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာတော့ ရုံးတာဝန်ရှိသူတစ်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေအရ လစာနဲ့ ထောက်ပံ့ကြေးပေးတယ်လို့ ဖြေကြားပါတယ်။
“ပြည်သူ့စစ်မှုထမ်း တစ်ဦးစာပေါ့နော်။ တစ်ဦးစာဆိုရင် ကျွန်တော်တို့က သူတို့လက်ထဲကို ရောက်မှာကတော့ နှစ်သိန်းခွဲ ရောက်မယ်ပေါ့။ ကျန်တဲ့သူတို့ ထောက်ပံ့ကြေး အနေအထားတွေ၊ ကျန်တဲ့ထောက်ပံ့ကြေးတွေနဲ့ ပေါင်းလိုက်ရင် ကျွန်တော်တို့က တစ်ဦးစာကို ကာကွယ်ရေးဘက်ကပေါ့။ လေးသိန်း ခုနစ်သောင်းခွဲလောက် အဲဒီလောက်အထိ သုံးပေးထားတယ်”
မအေးအေးတို့နေထိုင်ရာ ရပ်ကွက်တွေထဲမှာ စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်တာတွေကို မတ်လ တတိယပတ်ထဲမှာ စတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလိုမဲနှိုက်ရွေးချယ်ခံထားရတဲ့ လူ ငါးဆယ်ကျော်ကို စစ်မှုထမ်း အပတ်စဉ် (၁) အတွက် ခေါ်ဆောင်သွားပြီး ပြီးခဲ့တဲ့မေလအတွင်းမှာတော့ မအေးအေးတို့ရွာမှာ စစ်မှုထမ်းအပတ် စဉ် (၂) အတွက် မဲနှိုက်ရွေးချယ်တာတွေ မလုပ်တော့ဘဲ နာမည်တပ်ပြီး ဆင့်ခေါ်ခဲ့တာလို့ ပြောပါတယ်။
အဲဒီလိုဆင့်ခေါ်ခံရသူတွေထဲမှာ မအေးအေးရဲ့ ခင်ပွန်းဖြစ်သူသာ စစ်သင်တန်းတက်ခဲ့ရပြီး ကျန်တဲ့ လူငယ်တချို့ ကတော့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။ မအေးအေးကတော့ စစ်သင်တန်းတက်နေတဲ့ ခင်ပွန်းဖြစ်သူ အန္တရာယ်ကင်းဖို့၊ ရှေ့တန်းမထွက်ရဖို့ပဲ ဆုတောင်းနေပါတော့တယ်။
“ဖြစ်ချင်တဲ့ ဆန္ဒကတော့ ကောင်းတဲ့နေရာပဲ ရောက်ပါစေပဲ ဆုတောင်းရတာပေါ့။ ကျန်တာကတော့ ကိုယ်လည်း မတတ်နိုင်ဘူးလေ။ နေရာကောင်းလေး ရပါစေပဲ။ ရှေ့တန်းမထွက်ရပါစေနဲ့ပဲ ဆုတောင်းရတာပေါ့”