မိုခါမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းမှာ အဆောက်အအုံ ရာနှုန်းပြည့်နီးပါး ပျက်စီး
2023.05.16

ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေမြို့အနီးကနေ မေလ ၁၄ ရက်နေ့က ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်မြို့နယ်တွေမှာ နေအိမ်တွေ ရာနှုန်းပြည့်နီးပါး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်အိမ်လုံးမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့အတွက် ပြန်လည်ထူထောင်ရေးအတွက် ရင်လေးမိတယ်လို့ စစ်တွေမြို့နယ်မှာနေထိုင်တဲ့ ဦးထွန်းမြင့်က RFA ကိုပြောပါတယ်။
"ပြန်လည်ထူထောင်ရေးအတွက် ပြန်စဉ်းစားမိတော့ ရင်လေးမိတာပေါ့။ ဒါပေမဲ့ ဖြစ်လာတဲ့ဟာတွေအတွက် ပြန်ကြိုးစားပြီးမှ ထူထောင်ရတာပေါ့။ လူမှုကူညီရေး အဖွဲ့တွေ နည်းနည်းကူညီလို့ရှိရင်တော့ အဆင်ပြေတာပေါ့။ လူမှုအဖွဲ့တွေက လာပြီးကူညီလို့ရှိရင် နည်းနည်းပြန်ထူထောင်နိုင်မှာပါ"
"ပြန်လည်ထူထောင်ရေးအတွက် ပြန်စဉ်းစားမိတော့ ရင်လေးမိတာပေါ့။ ဒါပေမဲ့ ဖြစ်လာတဲ့ဟာတွေအတွက် ပြန်ကြိုးစားပြီးမှ ထူထောင်ရတာပေါ့"
စစ်တွေမြို့မှာ လူဦးတစ်သိန်းကျော်ခန့်ဟာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့နယ်တွေကို ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပါတယ်။
မုန်တိုင်းမတိုက်ခင်အချိန်က မုန်တိုင်းသတင်းတွေကို အွန်လိုင်းတွေပေါ်မှာ တင်ပေးကြတာက ဒေသခံတွေအတွက် ကြိုတင်ရှောင်ရှားဖို့ အထောက်အကူဖြစ်စေခဲ့တယ် လို့ စစ်တွေမြို့နယ် ကျားမသောက်ရွာမှာနေထိုင်တဲ့ ဦးခိုင်ကျော်အေးက ပြောပါတယ်။
"လိုင်းတွေမှာတော့ မုန်တိုင်းအခြေအနေကို အမြဲတင်ထားကြပါတယ်။ အဲဒီကတည်းက အားလုံးကြိုပြီး ကြောက်နေကြတာပေါ့။ အိမ်မှာနေသူကနေ၊ အခြားနေရာတွေ၊ အခြားမြို့နယ်တွေကို ကြိုတင်ရှောင်ရှားခဲ့ကြရတယ်"
အခုတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းဟာ ၂၀၀၈ ခုနှစ်မှာတိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းထက်တောင် ပိုမိုဆိုးရွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။
မုန်တိုင်းတိုက်ပြီး နေအိမ်နဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးတာကို ရုတ်တရက်မြင်လိုက်ရတော့ မူးလဲသွားခဲ့ရတယ်လို့ စစ်တွေမြို့နယ်မှာနေထိုင်တဲ့ ဒေါ်ဦးခင်လှက RFA ကိုပြောပါတယ်။
"ဘယ်လိုခံစားရတယ်ဆိုတာ ပြောမပြတတ်အောင်ပါပဲ။ အသက်တစ်ရာ မနေရ နိုင်ပေမယ့် ဒီလိုမျိုးကြုံရတဲ့အချိန်မှာ ခံစာရတာကို ဘယ်လိုပြောရမယ်မှန်းတောင် မသိတော့ပါဘူး။ ဘဝမှာ နောက်မရှိနိုင်တော့လောက်အောင် ခံစားရတာပါ။ စိတ်ထဲမှာ ငိုရမတတ်၊ ရယ်ရမတတ်ပါပဲ။ ဆေးရုံတင်ရလောက်အောင်ထိ အိပ်ရာမှာ လဲသွားတယ်။ အမျိုးသားက စိတ်ကိုအေးအေးထားဖို့ပြောတယ်။ ပျက်စီးတာတွေရှိပေမယ့် နောက်ပိုင်း ပြန်ဖြစ်လာလိမ့်မယ်လို့ပြောတော့ လူဆိုတာ သေတစ်နေ့၊ မွေးတစ်နေ့လို့ စိတ်ကို ဖြေသိမ့်ထားရတယ်"
ဆက်သွယ်ရေးတာဝါတိုင်တွေနဲ့ လျှပ်စစ်ဓာတ်တိုင်တွေအပါအဝင် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေ ပြိုလဲပျက်စီးသွားတဲ့အတွက် စစ်တွေမြို့မှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်မီး တွေ ပြတ်တောက်နေပါတယ်။
လက်ရှိမှာတော့ စစ်တွေနဲ့ မြောက်ဦးက ရပ်ကွက်အချို့မှာ စစ်ကောင်စီက အရေးပေါ် မိုဘိုင်းဖုန်းတာဝါတိုင်တွေ တပ်ဆင်ပေးထားတဲ့အတွက် ဖုန်းလိုင်းအချို့ပြန်ရနေပါတယ်။ ဒါပေမဲ့ နေရာအနှံ့ကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်တွေ၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေမှာ ပျက်စီးသွားတဲ့နေအိမ်တွေကို ဒေသခံတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြန်လည်ပြင်ဆင်တာတွေရှိနေပေမယ့် ပြိုလဲသွားတဲ့ သစ်ပင်တွေ၊ ဓာတ်တိုင်တွေကိုတော့ ဒီနေ့အထိ ဖယ်ရှားရှင်းလင်းနိုင်ခြင်း မရှိသေးပါဘူး။
အိမ်တွေပျက်စီးသွားတဲ့ ဒေသခံတွေဟာလည်း နီးစပ်ရာစာသင်ကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။
RFA က သီးသန့်ကောက်ယူထားတဲ့စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုခါမုန်တိုင်းကြောင့် မေလ ၁၅ ရက် မနေ့ကအထိ သေဆုံးသူ ၃၁ ဦးရှိနေပါပြီ။ အဲဒီအထဲမှာ ဒီနေ့ စာရင်းရရှိတဲ့ ရိုဟင်ဂျာ ၄၀၀ ကျော်ရဲ့ သေဆုံးစာရင်း မပါဝင်သေးပါဘူး။