မုန်တိုင်းကြောင့် သေဆုံးသွားရတဲ့ ရိုဟင်ဂျာများ
2023.05.16

မုန်တိုင်းကြောင့် သေဆုံးသွားရသူတွေရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်နေကြတာပါ။
သူတို့ချစ်ရတဲ့ သားသမီးတွေ၊ မိဘတွေ၊ အိမ်ထောင်ဖက်တွေ မုန်တိုင်းထဲ ပါသွားပါတယ်။
"ကျွန်မချွေးမနဲ့ မြေးမလေးရဲ့အလောင်းဒီနားမှာတွေ့တယ်။ ကျွန်မသားနဲ့ ကျွန်မမောင်လေးအလောင်းကိုတော့ ရွာနားမှာ ပြန်တွေ့တာ၊ လမ်းပေါ်မှာ တစ်ယောက်တွေ့တယ်။ ဒီဘက်ရွာထဲမှာ တစ်ယောက်တွေ့တယ်"
နာဘားရဲ့မောင်ရော သားရော၊ ချွေးမရော၊ မြေးဖြစ်တဲ့သူပါ မုန်တိုင်းကြောင့် သေဆုံးသွားပါတယ်။
အသက်မသေဘဲ ကျန်ရစ်တဲ့ ဘူလ်ဟူဆန်တို့ မိသားစု သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို သင်္ဂြိုဟ်ဖို့ ပြင်နေကြတာပါ။ သူ့မိသားစုဝင် ၁၄ ယောက်မှာ ကိုးယောက်တောင် မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရပါတယ်။
"မိသားစု ၁၄ ယောက်မှာ ငါးယောက်ပဲ အသက်ရှင်ကျန်တယ်။ လေပြင်းတွေတိုက်တော့ သူတို့ဘယ်လိုမှ တောင့်မခံနိုင်ဘဲ မုန်တိုင်းထဲပါပြီး သေဆုံးသွားရတယ်"
မေလ ၁၅ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဗဟိုချက်မအဖြစ် ဖြတ်သန်းတိုက်ခိုက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းအယောက် ၄၃ဝ ကျော်သေဆုံးသွားရတယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။
နဘားတို့ ဘူလ်ဟူဆန်တို့နေတဲ့ ဘဇယာရွာ (ရိုဟင်ဂျာရွာ)လည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူအသေအပျောက်များပါတယ်။
"ကလေးတွေ၊ လူငယ်တွေ ယောကျာ်းလေးရော၊ မိန်းကလေးရော ၁၇ ယောက် အလောင်းရထားတယ်။ အဲဒီအလောင်းတွေကို သင်္ချိုင်းမှာ မြှုပ်ထားပြီ။ ကျွန်တော်တို့ ရပ်ကွက်ထဲက လူအယောက် ၁ဝဝ လောက်ပျောက်တယ်"

ပျောက်ဆုံးနေတဲ့သူတွေကို မိသားစုဝင်တွေ ဆက်ရှာနေပါတယ်။
မုန်တိုင်းကျရောက်နိုင်တဲ့နေရာတွေကို အာဏာပိုင်တွေက ကြေညာထားပေမဲ့ ရိုဟင်ဂျာတွေကတော့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်မရလို့ မုန်တိုင်းဘေးရှောင်ဖို့ အခက်တွေ့ခဲ့ကြပါတယ်။
"ဘယ်အစိုးရ ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ လာမေးတာမရှိသေးဘူး။ နောက်ဆုံးပြောရရင် မေးဖို့သူတောင်မရှိဘူး။ ကိုယ်ဖြစ်ကိုယ်ခံနေရတယ်"
"အသက်ရှင်ဖို့မနည်းရုန်းကန် လှုပ်ရှားနေရတာ၊ အခုတော့ မရှိမဲ့ရှိမဲ့ ပိုင်ဆိုင်မှုတွေလည်း မုန်တိုင်းထဲပါသွားပါပြီ။ စားစရာ ထမင်းမပြောနဲ့ ပန်းကန်တောင်မရှိတော့ပါဘူး။ ကျွန်မတို့အိမ်ကို ဘယ်လိုလုပ်ပြန်ဆောက်မှာလဲရှင်။ ထမင်းမစားရတာတောင် နှစ်ရက်ရှိပြီ။ နောက်ထပ်ဘယ်နှရက် ထပ်ငတ်ဦးမလဲမသိပါဘူး။ အစိုးရကလည်း ဘယ်တော့များမှလာမလဲ မသိပါဘူးရှင်"
မေလ ၁၆ ရက်နေ့အထိ အချက်အလက်ကောက်ယူနေသူတွေရဲ့ စာရင်းတွေအရ မုန်တိုင်းကြောင့် သေဆုံးရသူတွေထဲ ရိုဟင်ဂျာဒုက္ခသည်တွေ အများဆုံးဖြစ်ပါတယ်။ လက်ရှိရခိုင်ပြည်နယ်ထဲ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် သေဆုံးသူစာရင်း အတိအကျမရသေးတာမို့ နောက်ထပ်သေဆုံးသူတွေ တိုးလာနိုင်သေးတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။