မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ် ဗေဒါရွာမှာ ရိုဟင်ဂျာ ၄၀ ကျော် သေဆုံး

RFA Burmese
2023.05.17
မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ် ဗေဒါရွာမှာ ရိုဟင်ဂျာ ၄၀ ကျော် သေဆုံး ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အပျက်အစီးများအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရိုဟင်ဂျာတွေ နေထိုင်တဲ့ ဗေဒါရွာမှာ တစ်ရွာလုံး ပျက်စီးသွားတဲ့အပြင် ရွာမှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာ ၄၀ ကျော် သေဆုံး သွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

အဲဒီ ဗေဒါ ရွာဟာ မိုခါဆိုင်ကလုန်းမုန်တိုင်း အဓိကဖြတ်သွားတဲ့ စစ်တွေမြို့ အနောက်ဘက် ဘင်္ဂလားပင်လယ်ကမ်းစပ် ကျွန်းပေါ်မှာရှိတာပါ။

မေလ ၁၆ ရက်အထိ အလောင်း ၃၀ ကျော် ရှာတွေ့ထားပေမယ့် ကျန်တာတွေကိုတော့ ရှာမတွေ့သေးဘူးလို့ ရွာခံတွေက ပြောပါတယ်။

"သူတို့ အိမ်ထဲကနေ ထွက်ပြေးနေတဲ့အချိန်မှာ လမ်းမရှိတော့ဘူး၊ ရေတွေပြည့်နေပြီ အဲဒီမှာ မိန်းမတွေ၊ ကလေးတွေကို ကယ်လို့မရလိုက်တော့တာ”

ကိုယ်ဝန်ငါးလရှိတဲ့ အမျိုးသမီး၊ သားဖြစ်သူ၊ ယောက္ခမနဲ့ ယောက်ဖတို့ သေဆုံးခဲ့ပြီး သားဖြစ်သူရဲ့အလောင်းကို ရှာမတွေ့သေးဘူးလို့ ဗေဒါရွာခံ ရိုဟင်ဂျာ ဦးမောင်စိန်က RFA ကို ပြောပါတယ်။

“ကျွန်တော့် ကလေးတစ်ယောက် ပျောက်ဆုံးနေတယ်။ အခုအထိ အလောင်းမရပါ။ ကျွန်တော့်မိန်းမလည်း သေသွားတယ်။ ကျွန်တော့်မိန်းမမှာက ကိုယ်ဝန်နဲ့ပါ။ ကျွန်တော့် ယောက္ခမလည်း သေသွားတယ်။ ကျွန်တော့် ယောက်ဖလည်း သေသွားတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်နဲ့ဆိုတော့ ငါးယောက်သေသွားတာပါ။ မိန်းမမှာ ကိုယ်ဝန် ငါးလရှိပါတယ်။ ကျန်တဲ့ ကျွန်တော့်ကလေးနှစ်ယောက်ကိုတော့ တခြားရွာမှာ ပြောင်းထားပါတယ်။ ဟိုမှာ ထားမယ့်နေရာမရှိတော့လို့ ကျွန်တော်တို့က ဒီမှာ နေလိုက်တာပါ။ လှိုင်းအဲဒီလောက်ထိကြီးတာ ကျွန်တော် တစ်ခါမှ မကြုံဖူးဘူး။ လှိုင်းအကြီးကြီး တစ်ခုလာပြီးတော့ ကျွန်တော်တို့မိသားစုကို ဆွဲခေါ်သွားတာပါ”

ဦးမောင်စိန်ဟာ မုန်တိုင်းဝင်တဲ့အချိန်က သေဆုံးသွားတဲ့မိသားစုဝင်တွေနဲ့ တူတူရှိနေ ခဲ့တာဖြစ်ပြီး သူကတော့ ရေကူးတတ်သလို ရေဘူးကို ဖမ်းဆုပ်မိလိုက်တာကြောင့် အသက်ဘေးကနေ လွတ်မြောက်ခဲ့တာလို့ ဆိုပါတယ်။

မိသားစုဝင်တွေကတော့ ရေလှိုင်းနဲ့အတူ မျောပါသွားခဲ့ပြီး သဲချောင်းရွာကမ်းစပ်မှာ အလောင်းတွေကို ပြန်တွေ့ရတာလို့ ဦးမောင်စိန်က ပြောပါတယ်။

အလားတူပဲ ဗေဒါရွာခံ ကိုဆော်လီမူလာကလည်း အိမ်စောင့်ကျန်ခဲ့တဲ့ အသက် ၇၀ အရွယ် ယောက္ခမဖြစ်သူ မုန်တိုင်းကြောင့် သေဆုံးသွားတယ်လို့ RFA ကို ပြောပါတယ်။

“လူတွေအားလုံး ရှောင်နေကြပါတယ်။ သူက သွားလို့မရတော့ အိမ်စောင့်ကျန်ခဲ့တာပါ။ လေရော လှိုင်းရော ဝင်လာတော့ သူက သွားမရတော့ဘူးလေ။ အလောင်းကိုတွေ့တာက ဒါးပိုင်ရွာက ကလေးတွေ တွေ့တာပါ။ ကျွန်တော်တို့ကပြေးနေတာ အလောင်းကို မတွေ့လိုက်ဘူး။ သိတဲ့သူတွေက ကျွန်တော်တို့ကို အလောင်းကို ဒီလိုရတယ် မြေမြှုပ်ပြီလို့ပြောမှ သိရတာပါ”

အဲဒီရွာမှာ အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေနှစ်ထောင်ကျော်ရှိပြီး မုန်တိုင်းမတိုက်ခင်မှာ ရွာသားအများအပြား ပြောင်းရွှေ့ကြပေမယ့် ကျန်ခဲ့တဲ့ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးအရွယ် ၄၀ ခန့်ကတော့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ သဲချောင်းရွာနဲ့ ဒါးပိုင်ရွာကမ်းခြေတွေမှာ ပြန်တွေ့ခဲ့ပြီး မေလ ၁၅ ရက်နေ့မှာပဲ မြေမြှုပ် သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတချို့ဟာ မုန်တိုင်းပြင်းထန်မယ်လို့ မထင်တာကြောင့် ကျန်ခဲ့တာဖြစ်ပြီး မုန်တိုင်းရော၊ ရေလှိုင်းရော ရောက်လာချိန် တစ်ယောက်မှ ကယ်လို့မရတော့ဘူးလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ ကိုမောင်သန်းနိုင်က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဗေဒါမွတ်စလင်ရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

“သူတို့က ဒီလောက်ထိပြင်းထန်လိမ့်မယ်လို့ မထင်ထားဘူး။ အဲဒါကြောင့် သူတို့ဒီမှာပဲ နေခဲ့တာ။ အစက လေ ၄၀၊ ၅၀ လောက်တိုက်နေတဲ့အချိန်မှာ သူတို့အကုန်လုံး အိမ်မှာပဲ ရှိသေးတယ်။ အဲဒီကနေ လေတိုက်နှုန်းမြင့်လာတော့ ဒီရေတွေလည်း တက်လာတယ်ပေါ့။ အဲဒီအချိန်မှာ လူတွေက အော်နေပြီ။ အိမ်ထဲမှာ ရေပြည့်နေပြီဆိုတော့ အကုန်လုံး ကြောက်နေပြီ။ သူတို့ အိမ်ထဲကနေ ထွက်ပြေးနေတဲ့အချိန်မှာ လမ်းမရှိတော့ဘူး၊ ရေတွေပြည့်နေပြီ အဲဒီမှာ မိန်းမတွေ၊ ကလေးတွေကို ကယ်လို့မရလိုက်တော့တာ”

မုန်တိုင်းကြောင့် တစ်ရွာလုံး အိမ်မှာကျန်ခဲ့တဲ့ စားနပ်ရိက္ခာနဲ့ ပိုင်ဆိုင်သမျှ ပျက်စီးသွား ခဲ့သလို လက်ရှိလည်း ပင်လယ်ရေစိုသွားတဲ့ ဆန်တွေ၊ သရက်သီးတွေကို ငတ်မသေရုံ ဖြစ်သလိုစားသောက်နေကြရတာကြောင့် အရေးပေါ်အကူအညီလို အပ်နေတယ်လို့ ရိုဟင်ဂျာတွေက RFA ကို ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး၊ ပျောက်ဆုံးသူလည်း အများအပြားရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရိုဟင်ဂျာ အကြံပေးအဖွဲ့နဲ့ မြေပြင်မှာ စေတနာ့ ဝန်ထမ်းအချက်အလက် ကောက်ယူနေသူတွေက ပြောပါတယ်။

RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းအရ ရခိုင်၊ ဧရာဝတီ၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ မိုခါမုန်တိုင်းကြောင့် မေလ ၁၅ ရက်နေ့အထိ သေဆုံးသူ ၃၁ ဦးရှိပြီး အဲဒီအထဲမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ရဲ့ သေဆုံးစာရင်း မပါဝင်သေးပါဘူး။

အလားတူပဲ မုန်တိုင်းဒဏ် အဓိကခံခဲ့ရတဲ့ စစ်တွေမြို့အနောက်ဘက်ခြမ်းက ရိုဟင်ဂျာရွာ တွေနဲ့ ဒုက္ခသည် စခန်းတွေမှာလည်း သေဆုံးသူအများအပြား ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။