မွန်ပြည်နယ်မှာ ခရီးသွားမရှိလို့ ရိုးရာလက်မှုလုပ်ငန်းတွေ ခက်ခဲလာ

မိယဉ်စနိုင်း
2022.09.27
Share on WhatsApp
Share on WhatsApp
မွန်ပြည်နယ်မှာ ခရီးသွားမရှိလို့ ရိုးရာလက်မှုလုပ်ငန်းတွေ ခက်ခဲလာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်က မြန်မာ့လက်မှုပစ္စည်း ကျောက်သင်ပုန်း ထုတ်လုပ်သည့် လုပ်ငန်းခွင်မြင်ကွင်းတစ်ခု။
Photo: RFA

မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါအပြင် စစ်တပ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် သွားလာခွင့် ကန့်သတ်ချက်တွေ၊ လမ်းခရီးမလုံခြုံမှုတွေ ဖြစ်ပြီး၊ ပြည်တွင်းပြည်ပက အလည်အပတ်ခရီးသွားဧည့်သည်တွေ မရှိသလောက်ဖြစ်လာပါတယ်။ ဒါကြောင့် သူတို့ရဲ့ဝယ်လိုအားကိုမှီခိုရတဲ့ ရိုးရာလက်မှုလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းရတဲ့သူတွေ အခက်အခဲ ဖြစ်လာနေပါတယ်။

ခရီးသွားတွေ စိတ်ဝင်စားခဲ့တဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်နဲ့ မုဒွန်းရွာက ကျောက်သင်ပုန်းလုပ်ငန်းနဲ့ ဆေးတံလုပ်ငန်းတွေဟာ အခုတော့ လာလည်တဲ့သူတွေ မရှိတော့လို့ ရပ်တည်ဖို့ ခက်ခဲနေတယ်လို့ ကျောက်သင်ပုန်းလုပ်ငန်းရှင် ဦးအောင်မျိုးလွင်က ပြောပါတယ်။

“ခရီးသွားမရှိဘူး သူတို့လာနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ကျသွားတယ်”

“ကိုဗစ်ကာလနဲ့ အာဏာသိမ်းမှုကြားမှာ လုပ်ငန်းကတော်တော်လေးကို ဆိုးရွားသွားတယ်။ ဘာကြောင့် ဆိုးရွားသွားလဲဆိုတော့ အာဏာသိမ်းမှုကြားမှာ ဒီခရီးသွားတွေက အာဏာသိမ်းတာ ကြောက်နေရတာတစ်ကြောင်း၊ ကိုဗစ်လည်း ကြောက်နေရတယ်ဆိုတော့ အပြင်ထွက်တာ နည်းသွားတယ်ပေါ့”

အာဏာမသိမ်းခင်မှာ ပြည်တွင်းပြည်ပ ခရီးသွားတွေလာတာကြောင့် ဝင်ငွေရှိနေတဲ့အတွက် လုပ်ငန်းအဆင်ပြေခဲ့ပြီး အခုအခြေအနေက ကွာခြားသွားပြီလို့လည်း သူကဆက်ပြောပါတယ်။

“အာဏာမသိမ်းခင်က နိုင်ငံခြားက လာတာများတယ်။ နေ့တိုင်းလိုလို လာတယ်၊ အာဏာသိမ်းပြီး သူတို့လာတာမရှိတော့ဘူး။ နည်းသွားတယ်ပေါ့။ နည်းတာ မဟုတ်ဘူး။ လုံးဝမရှိတော့ဘူး။ ခရီးသွားမရှိဘူး သူတို့လာနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ကျသွားတယ်။ ဟိုတုန်းကဆိုရင် နေ့ရှိသ၍ ခရီးသွားတွေက လာနေကြတယ်။ ကိုယ့်ဗမာပြည်ထဲက ဧည့်သည်တွေ နိုင်ငံခြားသားဧည့်သည်တွေက။ အခုက တစ်ပတ်မှာ စနေ၊ တနင်္ဂနွေမှာ တစ်ဦးနှစ်ဦးလောက်လာတယ်။ နောက်ရက်ဆိုမလာဘူး ရုံးသမားတွေက ရုံးပိတ်ရက်ဆိုလာကြတယ်”

နဂိုကတည်းက လုပ်ကိုင်သူနည်းပါးလာတဲ့ ရိုးရာလက်မှုတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ အာဏာသိမ်းမှုတွေကြောင့် နှစ်နှစ်ကျော်ကြာရပ်တန့်ထားလိုက်ရတဲ့အတွက် ရှေ့ဆက်ပြီးရပ်တည်သွားဖို့ မျှော်လင့်ချက်တွေ ပျောက်ကွယ်နေရပြီလို့ဆိုပါတယ်။

“ဒါက မိသားစုလုပ်ငန်းပေါ့။ ဒီဆေးတံနဲ့ပဲ အသက်မွေးဝမ်းကျောင်းလုပ်ခဲ့တယ်။ ဒီကနေ့အထိပေါ့။ အာဏာမသိမ်းခင်အထိကတော့ အရောင်းအဝယ်က ရှိတယ်ပေါ့။ ကိုဗစ်ပြီးတာနဲ့ အာဏာသိမ်းတာနဲ့ ဧည့်သည်လည်းမလာ အရောင်းအဝယ်လည်း မရှိဘူးပေါ့။ ဒီလိုပဲ ကိုယ့်ဗမာပြည်သားတွေက ဧည့်သည့် တစ်ခါတစ်လေရောက်လာရင် အရောင်းအဝယ် ဖြစ်တာပေါ့။ တစ်ခါတစ်လေမှ တစ်လုံးနှစ်လုံး ရောင်းရတာပေါ့။ ဒါပေမဲ့ ရန်ကုန်လည်းမပို့ရဘူးလေအခုကဟိုမှာက ဧည့်သည်မရှိပြန်တော့ မဝယ်ကြတော့ဘူး”

အရင်ကဆို ကျောင်းဖွင့်ရာသီတွေမှာ ကျောက်သင်ပုန်းတွေကို ကျောင်းသုံးအဖြစ် အသုံးပြုကြပါတယ်။ ဆေးတံနဲ့ကျန်တဲ့ လက်မှုပစ္စည်းတွေကိုလည်း နိုင်ငံခြားသားခရီးသွားတွေက အမှတ်တရ ရိုးရာလက်ဆောင်အဖြစ် ဝယ်ယူသွားလေ့ရှိပါတယ်။ ဒါပေမယ့် အခုတော့ အရောင်းအဝယ်မရှိတဲ့အတွက် စားဝတ်နေရေး ခက်ခဲတော့မယ်လို့ နှစ် ၆၀ ကျော် လုပ်ကိုင်ခဲ့တဲ့ ဆေးတံလုပ်ငန်းရှင် ဦးကျင်ဖေ က ပြောပါတယ်။

“ဆုတ်ယုတ်သွားတာပေါ့။ တစ်ခါတစ်လေ ရောင်းရတာပေါ့။ ဧည့်သည်မလာရင် မရောင်းရဘူး။ ဧည့်သည်မလာတာများတယ်။ လည်ပတ်တာက ဒီလိုပဲ ကိုဗစ်မထိခင်တုန်းက ကုန်ကြမ်းတွေက ကုန်အောင်လုပ်နေရတယ်။ အရောင်းအဝယ်တော့ မရှိသေးဘူး။ ကိုယ်လုပ်တော့ စုထားရတာပေါ့။ နောက်တစ်ချိန်ချိန် ကောင်းလာရင် အရောင်းအဝယ် ဖြစ်လာမှာပေါ့ အရင်အခြေအနေက ကောင်းတာပေါ့။ အခုအခြေအနေက ထမင်းငတ်တော့မယ် အရောင်းအဝယ်မှ မရှိတော့ဘဲ”

တိုင်းပြည်အခြေအနေကောင်းလာရင် ပြန်ဦးမော့လာလိမ့်မယ်လို့ သူက မျှော်လင့်ထားပါတယ်။

ဒီကြားထဲမှာတော့ နိုင်ငံရေးအခြေအနေ ပြန်ကောင်းလာနိုးနဲ့ပဲ စုဆောင်းထားသမျှ ငွေစလေးတွေနဲ့ စားဝတ်နေရေးဖာထေးနေရတယ်လို့ လက်မှုလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ မဝင်းဝင်းဌေးက ပြောပါတယ်။

“ဧည့်သည်မှ မလာတာ။ ဆိုးမှာပေါ့၊ နားထားတာ နှစ်နှစ်လောက်ရှိနေပြီ။ အခုမှနည်းနည်းပြန်စလုပ်လာ တယ်။ ကွာတာပေါ့ အာဏာမသိမ်းခင်တုန်းက ဧည့်သည်တွေ လာတယ်လေ။ အခုကျ ဧည့်သည်မှ မရှိတာ ကွာတယ်ပေါ့။ ဧည့်သည်မှ မလာတာ ရောင်းအားကျမှာပေါ့။ နိုင်ငံခြားသားတွေ အလာများတယ်။ အခုကျ ဘာမှမရှိဘူး။ တစ်ယောက်မှ မရှိတော့ဘူး။ နိုင်ငံခြားသားတွေ။ ကွာသွားတာ မဟုတ်ဘူး”

ခရီးသွားလုပ်ငန်းနဲ့ပတ်သက်ပြီး ပြည်တွင်းဧည့်သည်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေကို လေ့လာသုံးသပ်နေတဲ့ ဒေါ်ရည်မွန်စု ကပြောပါတယ်။

“ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကဆိုလို့ရှိရင် ကိုဗစ်ဖြစ်သွားတဲ့အချိန်မှာ ခရီးမသွားကြတော့ဘူး။ ၂၀၂၁ မှာ ကျတော့လည်း ဒီနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ခရီးသွားလို့မရနေဘူး။ ခရီးမသွားကြဘူးပေါ့နော်။ အဲမှာကျသွားတာကို ပြောချင်တာ။ ဒေသတစ်ခုနဲ့တစ်ခု လာတဲ့ဟာတွေပေါ့။ အစကတည်းက နိုင်ငံခြားသားတစ်ခုတည်းကို အဓိကထားတာမဟုတ်ဘူး။ Tourism လို့ပြောပေမယ့် local က ပိုပါပါတယ်ဆိုတဲ့ဟာမျိုး ဖြစ်တယ်”

nna5.jpg
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ထုတ်လုပ်ရောင်းချသည့် မြန်မာ့လက်မှုပစ္စည်း ကျောက်သင်ပုန်းများ။ (Photo: RFA)

မွန်ပြည်နယ်ကို ပြည်တွင်း ပြည်ပခရီးသွားဝင်ရောက်တာ ၂၀၁၉ ခုနှစ်က ၁၇ သိန်းကျော်ထိရှိခဲ့ပေမယ့် ၂၀၂၀ မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းတွေ ရပ်လုနီးပါးဖြစ်ခဲ့ရပါတယ်။

ကိုဗစ်နဲ့လုံခြုံရေးအကြောင်းပြပြီး နိုင်ငံခြားသားခရီးသွားတွေကို ကန့်သတ်နယ်မြေသတ်မှတ်ထား တာကို ၂၀၂၂ ခုနှစ် သြဂုတ်လကပြီး စစ်ကောင်စီက ဖြေလျှော့လာပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် အမေရိကန်၊ ဗြိတိန်၊ ဥရောပနဲ့ နိုင်ငံတော်တော်များများက သူတို့နိုင်ငံသားတွေ မြန်မာပြည်ခရီးသွားမှာကို အထူးသတိပေးထားပါတယ်။

ပြည်တွင်းမှာလည်း နေ့တိုင်းလိုလို ဗုံးပေါက်ကွဲတာတွေ၊ တိုက်ပွဲဖြစ်တာတွေ၊ လူတွေသတ်ဖြတ်ခံရ၊ နေအိမ်တွေမီးရှို့ ဖျက်ဆီးခံရတာတွေ၊ စီးပွားရေးမကောင်းတာတွေကြောင့် ပြည်တွင်းခရီးသွားတွေလည်း မရှိသလောက် ဖြစ်နေတာလပေါင်း ၂၀ နီးပါးရှိနေပါပြီ။ ဒါကြောင့် ခရီးသည်တွေကို မှီခိုနေရတဲ့လုပ်ငန်းတွေလည်း ပိုပြီးခက်ခဲလာနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။