မှုံရွှေရည် ဇာတ်မင်းသားကြီး ရန်ကုန် စိန်ကိုကို
2024.07.30
မြန်မာဂီတာကို ပေါင်ပေါ်မှာတင်ပြီး ပပဝင်းလို့ အမည်ရတဲ့ ရှေးဟောင်းသီချင်းတစ်ပုဒ်ကို ကျွမ်းကျင်စွာ တီးခတ်သီဆိုနေသူကတော့ တစ်ချိန်က ဇာတ်သဘင်လောကမှာ ထင်ရှားခဲ့တဲ့ ရန်ကုန် ဦးစိန်ကိုကိုပါ။ ဒီသံစဉ်တွေကြားမှာ သူ့ဘ၀ကို နှစ်မြှုပ်ရင်း ဖြတ်သန်းလာတာ အခုဆိုရင် အသက် ၇၈ နှစ်ရှိပါပြီ။
သူဟာ ဂီတာ၊ မယ်ဒလင်၊ တယောနဲ့ ကီးဘုတ်တို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ တီးခတ်နိုင်သူပါ။ အသက် ၁၅ နှစ်သားအရွယ်ကစပြီး မန္တလေးမြို့က ပန်တျာကျောင်းမှာ သုံးနှစ်ကြာ လေ့လာသင်ယူခဲ့တဲ့ ဦးစိန်ကိုကိုဟာ မြန်မာ့ရိုးရာ အကကိုလည်း အခုချိန်ထိ ဟန်ချက်ညီညီ ကပြနိုင်ပါတယ်။
“ပိတိစားရတာက ဗီတာမင်အားဆေးထက် အားရှိတယ်ဗျ။ အနုပညာသမားတစ်ယောက်ရဲ့ ခံစားချက်”
ဦးစိန်ကိုကိုဟာ ၁၉၆၅ ခုနှစ်မှာ အမျိုးသားအကနဲ့ ပထမဆုရရှိခဲ့ပြီး နိုင်ငံတော်အဆင့် ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မှုံရွှေရည်ဇာတ်ကားမှာ မင်းသမီး ခင်သန်းနုနဲ့အတူ တွဲဖက်ကပြခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန် စိန်ကိုကိုဆိုတဲ့အမည်နဲ့ ဇာတ်သဘင်ထူထောင်ပြီး နိုင်ငံတစ်ဝန်း နှစ်ပေါင်း နှစ်ဆယ်ကျော် လှည့်လည်ကပြခဲ့ပါသေးတယ်။
ရန်ကုန်တိုင်း ဆိုကရေးတီး ပြိုင်ပွဲတွေ၊ ခရိုင်အဆင့် ဂီတာအတီးပြိုင်ပွဲတွေမှာ ဆုတွေ မကြာခဏ ရရှိခဲ့သူပါ။ သူရရှိခဲ့တဲ့ ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုမှတ်တမ်းတွေမှာ ကပ်နေတဲ့ ဖုန်တွေကို ပွတ်သပ်ရင်း တစ်ချိန်က သူ့ရဲ့ အောင်မြင်မှုအပေါ် ဂုဏ်ယူနေသူတစ်ယောက်ပါ။
“ဟိုတုန်းက ကကြိုးပေါင်း လေးဆယ်လောက်ကို နှစ်ပါးသွား နရီထဲမှာ မြိုင်ထထဲမှာကပြီး အပြီးသတ်ပေါ့။ နှစ်ခန်းသိမ်း ဟင်း ဆိုပြီး သက်ပြင်းချလိုက်ရင် ပရိသတ်ကလည်း ကြိုက်ရင် လက်ခုပ်ကို ဗြောင်းဗြောင်းဗြောင်းဗြောင်းဆို အဲဒီရင်ထဲမှာ ဝမ်းသာတာတော့ သားရယ် ကိုယ်ချင်းစာကြည့်ရင် လူတိုင်း သိမှာပါ။ ပိတိတွေ။ အဲဒီ ပိတိစားရတာက ဗီတာမင်အားဆေးထက် အားရှိတယ်ဗျ။ အနုပညာသမား တစ်ယောက်ရဲ့ ခံစားချက်”
၁၉၈၈ ခုနှစ်နောက်ပိုင်း အုပ်ချုပ်သူတွေက ပွဲမိန့်တွေ ခွင့်ပြုမပေးတော့လို့ သူ မြတ်နိုးတဲ့ ဇာတ်သဘင် လောကကနေ လမ်းဘေးစျေးသည်ဘဝ ရောက်ခဲ့ရပါတယ်။
“၈၈၊ ၈၉၊ ၉၀၊ ၉၁ ခုနှစ်မှာ အဘတို့က ရေခဲချောင်းရောင်းရတယ်။ နာနတ်သီးစိတ်၊ ဖရဲသီးစိတ်တွေ။ ခေါင်းဆောင်မင်းသားနော်။ ဘ၀ ပျက်သွားပြီ”
၁၉၉၁ ခုနှစ်မှာတော့ မြို့သစ်စီမံကိန်းလုပ်မယ်ဆိုတာကြောင့် သူနေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ် ဘေလီတံတားအနီးက ကျူးကျော်ရပ်ကွက်တွေ ဖယ်ရှားခံရပြီး လက်ရှိနေထိုင်တဲ့ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်ကို ပြောင်းရွှေ့ခဲ့ရပါတယ်။
ဆက်နွှယ်သောသတင်းများ
အာဏာသိမ်းမှုကြောင့် အငြိမ့်နဲ့ ဇာတ်သဘင်ပညာရှင်တွေ အခက်တွေ့
မီးရောင်အောက်မှာ ပြန်ကရဖို့ မျှော်လင့်နေတဲ့ အငြိမ့်မင်းသမီး
ဖျာပုံမြို့က သက်တမ်းရှည်ရာမာယဏဇာတ်ဖျော်ဖြေမှု ထိန်းသိမ်းဖို့ခက်ခဲလာ
ဇာတ်သဘင်လောကကို သူ ကျောခိုင်းခဲ့ပေမဲ့ တတ်ကျွမ်းတဲ့ ဂီတပညာနဲ့ ဆိုင်းဝိုင်းတစ်ခု ထူထောင်ခဲ့ပါသေး တယ်။ ဒါပေမဲ့ ခေတ်ပေါ်တူရိယာတွေ ထွန်းကားလာတာကြောင့် ဆိုင်းဝိုင်း ငှားရမ်းသူ နည်းပါးလာလို့ ၂၀၁၉ ခုနှစ်မှာ ဆိုင်းဝိုင်းကို ပြန်လည်ရောင်းချခဲ့ရပါတယ်။ အခုတော့ ဘာအလုပ်မှ မလုပ်ကိုင်နိုင်တာကြောင့် သမီးအငယ်ဖြစ်တဲ့ မခင်စောပြည့်တို့ မိသားစုနဲ့ အတူနေထိုင်ရင်း သူ တတ်ထားတဲ့ အနုပညာတွေကို မြေးတွေနဲ့ စိတ်ဝင်စားတဲ့လူငယ်တွေကို လက်ဆင့်ကမ်း သင်ကြားပေးနေပါတယ်။
မခင်စောပြည့်ကတော့ ဖခင်နဲ့အတူ အလှူနဲ့ မင်္ဂလာဆောင်ပွဲတွေမှာ သီချင်းတွေ သီဆိုဖူးသလို ဖခင်ဖြစ်သူရဲ့ အောင်မြင်မှုအပေါ် အမြဲဂုဏ်ယူနေသူတစ်ယောက်ပါ။
“ကိုယ့်အဖေနဲ့ပတ်သက်တာတော့ ဂုဏ်ယူတယ်ပေါ့။ ဘာပဲပြောပြော မကြီးအဖေက နိုင်ငံကျော်မင်းသား ဖြစ်ခဲ့တာကိုး။ ကိုယ့်မိဘ တစ်ယောက်လုံးက အနုပညာအလုပ်ကို ဝါသနာပါတဲ့အခါ၊ လုပ်တဲ့အခါကျတော့ ဂုဏ်ယူပါတယ်”
ဦးစိန်ကိုကိုမှာ သားသမီး လေးဦး ထွန်းကားခဲ့ပြီး မြေး ခုနစ်ဦး ရှိပါတယ်။ အသက် ၂၇ နှစ်အရွယ် ကိုဘုန်းနိုင်ကတော့ ဦးစိန်ကိုကိုရဲ့ မြေးအကြီးဆုံးပါ။ သူကတော့ အဘိုးဖြစ်သူရဲ့ ကီးဘုတ်ပညာကို သင်ယူတတ်မြောက်ထားသလို ဂီတာပညာကို လေ့လာသင်ယူနေတာပါ။
“အဘိုးကတော့ တကယ့်လုံး၀ ပါရမီရှင်ပဲ။ အကုန်လုံး အီးယားရင်းအပိုင်းလည်း နားထောင်လိုက်တာနဲ့တင် တူရိယာတော်တော်များများလည်း တီးတတ်တယ်။ အဘိုးကတော့ ပညာတတ်သမျှ အကုန်သင်ပေးတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကျတော့ အရမ်းမြင့်တယ်။ အဘိုး သင်ပေးတဲ့ဟာတွေကလေ။ ကျွန်တော်တို့ပါရမီလို့လည်း ပြောရမှာပေါ့။ ကျွန်တော်တို့က အဘိုးသင်ပေးတဲ့ဟာကို အကုန်လုံး မရနိုင်ဘူး”
ဦးစိန်ကိုကိုဟာ နောက်ဆုံးထွက်သက်အထိ အနုပညာ ပညာရပ်နဲ့ ပျော်မွေ့ရင်း ဘဝကို ကုန်ဆုံးဖို့ ဆန္ဒရှိသူပါ။
သူ့ဘဝရဲ့ လက်ကျန်အချိန်တွေမှာ သူ တတ်ကျွမ်းထားတဲ့အနုပညာကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်း သင်ကြားပေးပြီး သူရဲ့အနုပညာကို ပြန်လည်ပြသခွင့်ရဖို့လည်း မျှော်လင့်နေဆဲပါ။
“အဘကတော့ စဉ်းစားတယ်လေ။ မနက်ဖြန်တွေ တကယ်လို့ ကွယ်ပျောက်သွားဖို့ဆိုတာ ဝေးပါစေလို့ပဲ ဆုတောင်းတယ်။ ဒီအတောအတွင်းမှာ အခုလိုပေါ့ အနုပညာ မြတ်နိုးသူလေးတွေနဲ့ အဘနဲ့ ဆုံစည်းပြီး ပျော်ပျော်ရွှင်ရွှင်လေးတွေ ဖြတ်သန်းရပါစေ”