ဘဝကိုအရှုံးမပေးသူတွေရဲ့ သီဟရာဇာ ဆိုင်ကယ်ဝပ်ရှော့
2023.11.17

အသက် ၃၈ နှစ်အရွယ် ကိုသီဟနဲ့ အသက် ၄၀ အရွယ် ကိုမြင့်စိုးအောင်တို့ နှစ်ဦးဟာ မသန်စွမ်းသူတွေဖြစ်ပေမယ့် ဘဝကိုအရှုံးမပေးဘဲ မန္တလေးတိုင်း၊ တံတားဦးမြို့ပေါ်မှာ ဆိုင်ကယ်ပြင်ဆိုင်လေးဖွင့်ပြီး နေ့စဉ် ဝမ်းရေးအတွက် ရုန်းကန်နေပါတယ်။ ဘဝတူ မသန်စွမ်းတွေအတွက် တတ်နိုင်သလောက် ကူညီ ထောက်ပံ့ပေးနေပါတယ်။
ချိုင်းထောက်မပါရင် ထိုင်ပြီးပဲသွားနိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုသီဟဟာ နို့စို့အရွယ် ကလေးဘဝကတည်းက ကာကွယ်ဆေးထိုးရာကနေ ပိုလီယိုရောဂါကြောင့် ခြေထောက်မသန်တော့ဘဲ မသန်စွမ်းဘဝ ရောက်ခဲ့ရတာပါ။
သူ့ရဲ့မွေးစားဖခင် ဦးချစ်မြဲက ဆိုင်ကယ်ပြင်တဲ့ အတတ်ပညာနဲ့ အသက်မွေးဖို့ သူ့ကိုအကြံပေးရာကနေ ၂၀၀၁ ခုနှစ်ကစလို့ တံတားဦးမြို့မှာ ဆိုင်ကယ်ဝပ်ရှော့ဆိုင်လေး သူဖွင့်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ သူ့ရဲ့ဆိုင်မှာ ဘဝတူ မသန်စွမ်းတွေကို ပညာပြန်မျှဝေပေးခဲ့ပါတယ်။
"ထိုက်သင့်တဲ့ လုပ်အားခကိုယူတယ်။ ပြီးရင် ကလေးတွေကိုလည်း ပညာမျှဝေတယ်"
အခုတော့ သူ့လိုပဲ မသန်စွမ်းတစ်ယောက်ဖြစ်တဲ့ ကိုမြင့်စိုးအောင်နဲ့အတူ "သီဟရာဇာ" ဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့လေးကို ကိုသီဟ ဖွင့်လှစ်ထားပါတယ်။
"ဆိုင်ကယ်လာပြင်တဲ့သူတွေကို ကျွန်တော်တို့က အသနားခံပြီး ပြင်တာမဟုတ်ဘူး။ ကျွန်တော်တို့ဆီ လာပြင်တဲ့သူတွေရဲ့ လိုအပ်ချက်ပေါ့၊ သူတို့ဖြစ်နေတဲ့ ပြဿနာ၊ သူတို့ဖြစ်နေတဲ့ အခက်အခဲ၊ သူတို့ စိတ်တိုင်းမကျတဲ့အရာတွေအားလုံးကို ပြုပြင်တဲ့နေရာမှာ ကျွန်တော်တို့ သေချာသုံးသပ်ပေးတယ်။ မသန်စွမ်းတွေကို သင်ပေးတယ်။ ထိုက်သင့်တဲ့ လုပ်အားခကိုယူတယ်။ ပြီးရင် ကလေးတွေကိုလည်း ပညာမျှဝေတယ်"
သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အသက် ၄၀ အရွယ် ကိုမြင့်စိုးအောင်ကို သူက ဘကြီးစိုးလို့ ချစ်စနိုး ခေါ်ပါတယ်။ ကိုမြင့်စိုးအောင်ဟာ အသက် ၂၅ နှစ်အရွယ်အထိ ခြေ၊ လက်အားလုံး ကောင်းခဲ့ပေမယ့် အသက် ၂၅ နှစ်အရွယ်ရောက်မှ ရထားပေါ်ကပြုတ်ကျ၊ ရထားကြိတ်မိပြီး ခြေနှစ်ဖက်လုံး ဆုံးရှုံးခဲ့တာပါ။ ဒုက္ခိတဘဝ ရောက်သွားတဲ့အခါ ဇနီးဖြစ်သူနဲ့ပါ အိမ်ထောင်ကွဲသွားပါတယ်။
မန္တလေးမြို့က "အလင်းသစ်" မသန်စွမ်းသူများ ဖွံ့ဖြိုးရေးစင်တာမှာ ဆိုင်ကယ်ပြင်တဲ့ ပညာကို သင်ပေးဖူးတဲ့ ကိုသီဟနဲ့ ပြန်ဆုံပြီး အခုတော့ သူတို့နှစ်ဦး နေ့စဉ်ဘဝအတွက် ရုန်းကန်ရှင်သန်နေပါတယ်။ တံတားဦးက လိုအပ်သူတွေအတွက် ဆိုင်ကယ်ပြင်တဲ့ အလုပ်ကို သူတို့ လုပ်ပေးပါတယ်။
မသန်ပေမယ့် စွမ်းနိုင်အောင် ကြိုးစားဖို့၊ စိတ်ဓာတ်မကျဖို့ သူတို့လို ဘဝတူတွေကို ကိုမြင့်စိုးအောင်က တိုက်တွန်းပါတယ်။
"ကိုယ့်အားကိုယ်ကိုးနိုင်ပြီးတော့ သူများအားမကိုးဘဲနဲ့ တစ်ပိုင်တစ်နိုင်ကို လုပ်စေချင်တယ်။ ပြီးတော့ (ဘဝတူတွေ) စိတ်ဓာတ်လည်းမကျကြပါနဲ့လို့ အားပေးစကား ပြောချင်တာပေါ့"
တံတားဦးမြို့၊ အမှတ် (၃) ရပ်ကွက် လွှစဥ်တန်းအရပ်မှာ ဆိုင်ခန်းလေးတစ်ခုကို တစ်လ ကျပ် ငါးသောင်းနဲ့ ငှားပြီး “သီဟရာဇာ” ကို ကိုသီဟ ဖွင့်လှစ်ထားတာပါ။ မသန်စွမ်းနှစ်ယောက် ပြုပြင်တဲ့ ဝပ်ရှော့ဆိုပေမယ့် တစ်ရက်ကို အနည်းဆုံး ဆိုင်ကယ်ရှစ်စီးလောက်တော့ ပြင်ရပါတယ်။
ဒီဆိုင်ကရတဲ့ ဝင်ငွေနဲ့ပဲ မိသားတစ်စုလုံးရဲ့ စားဝတ်နေရေးသာမက ဇနီးဖြစ်သူသင်ချင်တဲ့ အလှပြင်ပညာအတွက်ပါ ထောက်ပံ့ပေးနိုင်တယ်လို့ ကိုသီဟရဲ့ဇနီး မခက်သဇင်က ဆိုပါတယ်။
"အိမ်ရဲ့စီးပွားရေးကလည်း သူပဲလေ။ ကိုယ်က ပညာသင်နေတဲ့အချိန်ဆိုတော့ ဝင်ငွေမရှိဘူး။ ဝပ်ရှော့ကရတဲ့ ငွေနဲ့ပဲ အိမ်စရိတ်တွေထောက်တာ။ သားရဲ့ ပညာရေးတွေရော၊ ကိုယ်က အရင်က အလှပြင်ပညာ တက်ခဲ့တယ်၊ ဒါပေမဲ့ အခုနောက်အသစ်တွေကိုကျတော့ လိုက်မမီတော့ဘူးလေ။ လှယမင်း အလှပြင် သင်တန်းမှာ ပြန်ပြီး မွန်းမံသင်တန်းကိုလည်း သူ့ဝပ်ရှော့ကရတဲ့ငွေနဲ့ပဲ ပြန်ပြီး မွန်းမံတက်နေတယ်"
သူတို့ဇနီးမောင်နှံမှာ သားလေးတစ်ယောက် ရှိပါတယ်။
ဈေးချိုပြီး စိတ်တိုင်းကျလုပ်ပေးလို့ ဆိုင်ကယ်ပျက်တိုင်း ဒီဆိုင်မှာပဲ လာပြင်လေ့ရှိတယ်လို့ တံတားဦးမြို့သူ မမွှေးမွှေးက ပြောပါတယ်။
"ဘယ်လိုပဲဖြစ်နေဖြစ်နေ မကောင်းတာလေးတွေလည်း သူဟာလေးနဲ့သူ ပြင်ဆင် ပေးတယ်။ ပြီးတော့ လိုအပ်ချက်လေးတွေလည်း အကုန်လုပ်ပေးတော့ လာပြင် ဖြစ်တာပေါ့။ ငွေရေး၊ ကြေးရေးက အစပေါ့၊ ကိုယ်နဲ့အဆင်ပြေလို့လားတော့ မသိဘူးပေါ့နော်၊ ဆိုင်ကယ် ဘာပဲဖြစ်နေဖြစ်နေ လုပ်ပေးတော့ အဆင်လည်းပြေတယ်။ ဘာပဲလုပ်လုပ် တိကျတယ်။ အဲဒါကြောင့် သူတို့ဆီကို အမြဲလာပြင်ဖြစ်တယ်"
စေတနာထားပြီး အကောင်းဆုံးပြုပြင်ပေးလို့ သူတို့ဆိုင်မှာ ဆိုင်ကယ်ပြင်သူတွေ များနေတာလို့ ကိုသီဟနဲ့ ဆိုင်နီးချင်းဖြစ်တဲ့ မစန္ဒာက ပြောပါတယ်။
"တစ်ခါတလေ သူတို့ လက်ခယူတာ သူများဆိုင်တွေထက်ကို နည်းနေလို့ပေါ့နော်၊ အစ်မတို့က ဘေးကနေ ပြောပြောပေးနရတာ။ အဲဒီလောက်တော့မယူနဲ့ ဒီခေတ်ဒီအခါ ကုန်စျေးနှုန်းနဲ့ပေါ့။ တစ်ခါတလေကျရင် သူတို့က ကိုယ်ပညာထည့်ရတာ မမြင်တော့ဘူး။ သူများတွေ အဆင်ပြေသွားပြီးရောဆိုပြီး လုပ်ပေးလိုက်တာတွေရှိတယ်"
စိတ်တိုင်းကျ ဝန်ဆောင်ပေးနေပေမယ့် မသန်စွမ်းတွေဖြစ်လို့ လာပြင်သူတွေဘက်က အထင်အမြင်သေးတာမျိုးကိုတော့ တစ်ခါတစ်ရံ ကြုံတွေ့ရတယ်လို့ ကိုသီဟက ဆိုပါတယ်။
"တချို့က လမ်းမှာဆိုင်ကယ်ပျက်လို့ တွန်းလာတယ်၊ သူတို့ရဲ့အခက်အခဲကို ပြင်ပေးတယ်ပေါ့။ အဲဒီထိတော့ ပြဿနာမတက်သေးဘူး။ အစ်ကိုနဲ့ သူနဲ့ ပြင်နေတာ ကြည့်လိုက်တော့ မသန်စွမ်းတွေဆိုတာ သိသွားတာပေါ့၊ သူတို့စိတ်ထဲမှာ တန်ဖိုး မထားတော့ဘူး။ ငါးထောင်ကျမယ့်ဟာဆို နှစ်ထောင်ဝန်းကျင်လောက်ပဲ ပေးချင်တော့တာပေါ့။ ဘယ်လောက်ခက်ခဲခက်ခဲ၊ ဘယ်လိုအနေအထားနဲ့ ဘယ်လိုပဲပျက်ပျက် ရအောင်လုပ်ပေးတယ်ဆိုတာကို မမြင်တော့ဘူး။ သူတို့ရဲ့ စိတ်ထဲမှာ မသန်စွမ်းလူတစ်ယောက်က လုပ်ပေးတာဆိုတော့ ကောင်းမှ ကောင်းပါ့မလား၊ ရေရှည်မှ ခံပါ့မလားဆိုတဲ့ သံသယတွေပေါ့၊ ဒီလိုမျိုးတွေတော့ ကြုံရတယ်"
ကိုသီဟနဲ့ ကိုမြင့်စိုးအောင်တို့ နှစ်ဦးဟာ သူတို့ရတဲ့ဝင်ငွေနဲ့ ဘဝတူမသန်စွမ်းတွေကို တစ်လတစ်ကြိမ် ထောက်ပံ့ပေးလေ့ရှိပါတယ်။
မသန်တာကို ဘေးဖယ်ထားပြီး ဘဝအတွက်၊ လူ့အသိုက်အဝန်းအတွက် စွမ်းဆောင် နိုင်အောင် ကြိုးစားကြဖို့ ဘဝတူတွေကို သူတို့နှစ်ဦးက တိုက်တွန်းထားပါတယ်။