ကျောင်းဆရာဘဝကနေ တော်လှန်ရေးသမားဖြစ်လာသူ ကိုမြဖြိုးကို
ပြီးခဲ့တဲ့ ၂၀၂၀ ဇူလိုင် ၁၉ ရက်နေ့မှာကျရောက်တဲ့ အာဇာနည်နေ့ကိုဂုဏ်ပြုပြီး ဒါရိုက်တာ မင်းရသ ရိုက်ကူး တဲ့ "ဗိုလ်ချုပ်" ဆိုတဲ့ ဇာတ်လမ်းတိုလေးမှာ ဗိုလ်ချုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတဲ့ ကိုမြဖြိုးကိုဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ ဗိုလ်ချုပ်အောင်ဆန်းလိုပဲ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့တွေကို တော်လှန်ခဲ့တာဖြစ်ပေမဲ့ အခုတော်လှန်နေရတာက ကိုယ့်လူမျိုး၊ စစ်တပ်ကို ပြန်တော်လှန်ရတာမို့ တော်လှန်ရေးနယ်မြေကိုရောက်နေတဲ့ ကိုမြဖြိုးကိုတစ်ယောက် မကျေမနပ် ဖြစ်နေပါတယ်။
"ဘာကွာလဲဆိုတော့ ဗိုလ်ချုပ်တော်လှန်ရတာက တိုင်းတပါးက ဖက်ဆစ်ဘီလူးတွေကို တော်လှန်ရ တာပေါ့။ ကြားကောင်းသေးတယ်ပေါ့ဗျာ။ ကျနော်တို့ တော်လှန်ရတဲ့ မအလတပ် စကစတပ်တွေက ကိုယ့်လူမျိုးအချင်းချင်း ဂုတ်သွေးစုတ်နေတာ။ မတရားကျွန်ပြုပြီးတော့ မတရားအဖွဲ့အဖြစ်နဲ့ သတ်မှတ် ထားပြီးတော့ လူမျိုးအချင်းချင်း တော်လှန်နေရတဲ့အခါကျတော့ မတူဘူးပေါ့ဗျာ။ ပိုပြီးတော့ ခံပြင်းစရာ ကောင်းတယ်။ ကိုယ့်လူမျိုးအချင်းချင်းပေါ် ဘာလို့ရက်စက်ရတာလဲ၊ ဖိနှိပ်ချင်ရတာလဲပေါ့"
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှာ မူလတန်းကျောင်းဆရာလေးအဖြစ် ကလေးတွေကို စာသင်နေတဲ့ အချိန်ကတည်းက ပြည်သူတွေချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းမျက်နှာနဲ့ အတော်ဆင်တူတယ်လို့ အသိမိတ်ဆွေတွေက သူ့ကို မကြာခဏ မှတ်ချက်ပေးပြောဆိုခဲ့ကြပါတယ်။
၂၀၁၈ မှာတော့ ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်တယ်ဆိုပြီး သူ့ဓာတ်ပုံတွေ အွန်လိုင်းမှာ ပြန့်သွားပြီးနောက်ပိုင်း ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်လမ်းတိုမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာပါတယ်။
အဲဒီကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး ဗိုလ်ချုပ်ရဲ့ သရုပ်သဏ္ဍန်တွေပေါ်အောင်လို့ ပြောဟန်၊ လမ်းလျှောက် တဲ့ဟန်တွေကို လေ့ကျင့်တာ၊ ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်မှတ်လေ့လာတာတွေ အတွက် သူ တစ်နှစ်လောက် အချိန်ယူခဲ့ရပါတယ်။
၁၉၄၅ ကာလ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ရချိန်က သုံးရက်လောက် ထမင်းမစားခဲ့ရတဲ့ ဗိုလ်ချုပ်ဟာ ဟင်္သာတမြို့မှာ ထမင်းတောင်းစားခဲ့ရတဲ့ ဇာတ်လမ်းတိုလေးတစ်ခုကို ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ရိုက်ကူး ခဲ့ကြတာပါ။ ၂၀၂၀ ပြည့်နှစ်မှာတော့ ဇာတ်လမ်းရှည်တစ်ကား ထပ်မံရိုက်ကူးခဲ့ပေမဲ့ လက်ရှိအခြေအနေအရ မပြသနိုင်သေးဘူးလို့ ကိုမြဖြိုးကိုက ပြောပါတယ်။
ဒီဇာတ်လမ်းတွေဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဒါရိုက်တာလူမင်း ဦးဆောင်ပြီး ရိုက်ကူးဖို့ ပြင်ဆင်ခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ မဆိုင်ဘူးလို့လည်း သူက ရှင်းပြပါတယ်။
"တချို့ကမှားတယ်။ ဘောလုံးသမား ကိုကျော်ကျော်မျိုး လို့ထင်တယ်။ ဒါက ကျနော်တို့ဘတ်ဂျက်နဲ့ ကျနော်တို့ရိုက်တယ်။ ကျနော်တို့ဘာသာ ကျနော်တို့ ထုတ်လုပ်မယ်ဆိုတဲ့ အပိုင်းကဏ္ဍနဲ့ သွားတယ် ပေါ့နော်။ ဒါက နိုင်ငံတော်ကကိုင်တဲ့ ဇာတ်ညွှန်းလည်း မဟုတ်ပါဘူး။ ဘတ်ဂျက်လည်း မဟုတ်ပါဘူး။ ကျနော်တို့ကိုယ်တိုင် ဗိုလ်ချုပ်ကို လေးစားတဲ့အတွက် ဂုဏ်ပြုချင်တယ်။ ဗိုလ်ချုပ်ရဲ့ Humanity လူသားဆန်မှုကို ပေါ်လွင်စေချင်တယ်။ ဒီအချက်တွေကြောင့်ပဲ ကျနော်တို့ဘာသာ ကျနော်တို့ ဖန်တီး ခဲ့တာဖြစ်ပါတယ်"
"ကျနော်တို့ တော်လှန်ရတဲ့ မအလတပ်က ကိုယ့်လူမျိုးအချင်းချင်း ဂုတ်သွေးစုတ်နေတာ"
လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရုပ်ချင်းဆင်လို့ ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ခဲ့ပေမဲ့ တိုင်းပြည်အပေါ် ချစ်တဲ့ ဗိုလ်ချုပ်ရဲ့စိတ်ဓာတ်နဲ့တော့ မနှိုင်းယှဉ်ရဲဘူးလို့ သူက ဆိုပါတယ်။ ဗိုလ်ချုပ်နဲ့ ရုပ်ချင်းဆင်တူလို့ ဂုဏ်ယူခဲ့ရသလို အခုလိုတော်လှန်ရေးကာလမှာ ကိုယ်တိုင်ပါဝင်လာတဲ့အခါမှာလည်း ပြည်သူတွေ အားဖြစ် စေနိုင်တယ်လို့ ကိုမြဖြိုးကိုက ယုံကြည်နေပါတယ်။
"ကျနော့်အနေနဲ့ကတော့ ဂုဏ်ယူတာပေါ့ဗျာ။ ဒါပေမဲ့လို့ ရဲရဲဝံ့ဝံ့ ဂုဏ်ယူတာမျိုးတော့ မရှိခဲ့ဘူး။ ဘာလို့ဆို ကျနော်က ကျနော့်အလုပ် ကျနော်လုပ်တယ်။ ကျောင်းဆရာဘဝပဲ အေးအေးချမ်းချမ်း ဖြတ်သန်းမယ် ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိတော့တယ်။ ဒီလိုမျိုး တူလာတော့လည်း ဂုဏ်ယူတာပေါ့။ အခုလိုမျိုး အချိန်ကာလ ရောက်လာတော့လည်း ကျနော် အာဏာရှင်ကို တော်လှန်တယ်ပေါ့။ တော်လှန်တဲ့အခါမျိုးမှာလည်း ပြည်သူတွေအတွက် ဘာပဲဖြစ်ဖြစ် အားဖြစ်တာပေါ့။ နိုင်ငံ့ခေါင်းဆောင်နဲ့ တူတယ်ဆိုတော့ ကျနော်လည်း ဂုဏ်ယူပါတယ်"
တကယ်တော့ ကိုမြဖြိုးကိုဟာ စစ်အာဏာမသိမ်းခင်က စကားနည်း၊ အနေအေးပြီး လုပ်သက် ၇ နှစ်ရှိတဲ့ မူလတန်းပြ ကျောင်းဆရာတစ်ယောက်ပါ။ ကျောင်းဆရာဖြစ်လာတဲ့အခါ ကလေးတွေကို ချစ်တတ်လာပြီး နုနယ်တဲ့ မူလတန်းအရွယ် ကလေးငယ်တွေကို ပညာရေးအပြင် စည်းကမ်း ကောင်းအောင်ပါ ဆရာပီပီသသနဲ့ သင်ကြားပေးခဲ့သူဖြစ်ပါတယ်။
ကလေးတွေရဲ့ ဖြူစင်တဲ့ စိတ်ဓာတ်လေးတွေကြောင့် စကားနည်းခဲ့တဲ့ ကိုမြဖြိုးကိုဟာ ကလေးတွေနဲ့အတူ ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။
"ကျောင်းဆရာဘဝမှာတုန်းက ကျနော်က အစပိုင်းမှာတုန်းက လပိုင်းလောက် သိပ်တော့ မပျော်ဘူး ပေါ့ဗျာ။ သူများရွာတွေ သွားပြီးတော့ တာဝန်ထမ်းဆောင်ရတဲ့အခါမျိုးမှာပေါ့။ နောက်ပိုင်းကလေးတွေရဲ့ ဖြူစင်တဲ့ စိတ်နှလုံးတွေနဲ့ ကျနော်ကိုယ်တိုင် ထိတွေ့ခဲ့ရတယ်။ ကျနော်ကိုယ်တိုင်က နဂိုကတည်းက စကားသိပ်ပြောတဲ့ကောင် မဟုတ်ဘူး။ ကလေးတွေနဲ့ကျတော့ ကျနော်က ကလေးပြန်ဖြစ်သွားပြီးတော့ စကားတွေ အများကြီးပြောလာတယ်။ သူတို့ရဲ့ နှလုံးသားလေးတွေကို မြင်လာနိုင်တယ်။ ဖြူစင်တဲ့အရွယ် လေးတွေ မြင်တယ်ပေါ့။ ကြည်နူးစရာတွေကတော့ အများကြီးပေါ့ဗျာ"
အရင်ကတော့ ကလေးတွေကို စာသင်ရတဲ့ ကျောင်းဆရာတစ်ယောက်အနေနဲ့ လက်နက်ကိုင်လမ်းစဥ်ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြို့ပြအာဏာရှင် ဖီဆန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာကြောင့် ကျောင်းဆရာဘဝကနေ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတစ်ခုမှာ စစ်သင်တန်းတက်ဖို့ သူရောက်လာခဲ့ရပါတယ်။
လက်နက်ကိုင်နယ်မြေမှာ အနေထိုင်အစားအသောက်နွမ်းပါးတာ၊ ပင်ပန်းတာတွေက မပြောပလောက်ပေမဲ့ မိဘက အမွေဖြတ်လိုက်တဲ့ သတင်းစာကြော်ငြာကို မြင်တဲ့အခါမှာတော့ သူဝမ်းနည်းစိတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရည်ရွယ်ထားတဲ့ တော်လှန်ရေးအောင်မြင်ဖို့ကိုသာ ဦးတည်ထားတယ်လို့ ကိုမြဖြိုးကိုက ပြောပါတယ်။
"မိသားစုတစ်စုက စွန့်ပစ်ခံရတယ်ဆိုတာ ပြောပြလို့ မတတ်အောင်ကို စိတ်မကောင်းဖြစ်ရတာပေါ့။ ဒါပေမဲ့ မတတ်နိုင်ဘူးပေါ့ဗျာ။ တော်လှန်ရေးလုပ်နေတဲ့အခါ နှောင်ကြိုးတွေရှိနေလို့မရဘူး။ နောင်တတွေ ထားနေလို့မရဘူး။ ပြတ်ပြတ်သားသား တော်လှန်ရမယ်။ ပြတ်ပြတ်သားသား ချေမှုန်းရမယ်။ မိသားစုနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရပေမဲ့ နိုင်ငံ့အရေးနဲ့ ပတ်သက်လာရင် မပြောပလောက်တဲ့ ခံစားချက် တစ်ခုပါပဲ"
ကိုမြဖြိုးကိုတို့ လက်ရှိသင်တန်းကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိမှတ်ပြုထားတဲ့ စခန်းဖြစ်ပေမဲ့ ထောက်ပံ့မှု တစ်စုံတစ်ရာ မရသေးပါဘူး။ စစ်အာဏာရှင် တော်လှန်ရေးအတွက် လက်နက် အပါအဝင် လိုအပ်ချက်တွေ ရှိနေတာကြောင့် အကူညီတွေ လိုအပ်နေတယ်လို့လည်း သူက ဆိုပါတယ်။ ဒီတော်လှန်ရေးကို မနိုင်နိုင်အောင် တိုက်ပြီးရင်တော့ နိုင်ငံရဲ့ပညာရေးမြင့်မားဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်သွားဖို့ ရေရှည် အနာဂတ် ရည်မှန်းချက် ချထားတယ်လို့ ကိုမြဖြိုးကို က ပြောပါတယ်။