တရုတ်ကုန်ကြမ်းတွေကို ပြောင်းလဲအသုံးပြုလာကြရတဲ့ မြန်မာ့ရိုးရာ ပန်းတဉ်းလုပ်ငန်း

2022.07.18
Share on WhatsApp
Share on WhatsApp
တရုတ်ကုန်ကြမ်းတွေကို ပြောင်းလဲအသုံးပြုလာကြရတဲ့ မြန်မာ့ရိုးရာ ပန်းတဉ်းလုပ်ငန်း ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းမှ ပန်းတဉ်းလုပ်ငန်းအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မြန်မာ့ရိုးရာ ပန်းတဉ်းလုပ်ငန်းဟာ ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက ဒီနေ့အထိ ထင်ရှားတဲ့ လက်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းက ပန်းတဉ်းတန်းလို့ခေါ်တဲ့ ဘောဂရပ်ကွက်မှာ ပန်းတဉ်းပညာရပ်နဲ့ ဘုရားထီးတော်လုပ်ငန်း တွေကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်နေကြဆဲပါ။ သူတို့ဟာ ဒီလက်မှုပညာရပ်ကို ရှေး ဘိုးဘွားလက်ထက်ကတည်းက လက်ဆင့်ကမ်း လုပ်ကိုင်လာကြသူတွေဖြစ်ပါတယ်။

အရင်ကတော့ သံ၊ သွပ်၊ ကြေးတွေကို အခြေခံပြီး ပြုလုပ်ခဲ့ကြရတာပါ။ ကြေးကို အသုံးပြု တဲ့အခါမှာ သစ်စေးသုတ်ပြီး လေလုံတဲ့မြေအောက်ခန်းထဲမှာ အခြောက်ခံရသလို ဒီအဆင့် တွေပြီးမှသာ ရွှေချတဲ့အဆင့်ကို လုပ်ရပါတယ်။

"ရွှေရောင်စတီးပြားနဲ့ကျတော့ ဘာမှလုပ်စရာ မလိုတော့ဘူး။ စတီးပြားကို ပုံဖော်ပြီးတော့ တပ်လိုက်ရုံပဲ”

ဒါပေမဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာတော့ ကြေးပြားတွေနေရာမှာ တရုတ်နိုင်ငံက တင်သွင်း လာတဲ့ ရွှေရောင် စတီးပြားတွေကို အစားထိုးအသုံးပြုလာကြပါတယ်။ ဒီရွှေရောင်စတီးပြား ဟာ သံချေးမတက်သလို ရေရှည်ခံတာကြောင့် မှာယူသူတွေက စတီးပြားနဲ့ ပြုလုပ်တဲ့ ထီးတော်တွေကို အဓိကမှာယူကြတာ တွေ့ရတယ်လို့ ပန်းတဉ်းလုပ်ငန်းရှင် မအိငယ်ပြုံးက ပြောပါတယ်။

“ဒီဟာကကျတော့ ညီမတို့ စတီးပြားနဲ့လုပ်တာပေါ့နော်။ စတီးကို အဓိကထားပြီးလုပ် တာဆိုတော့ သံချေးမကိုက်ဘူး။ ရေရှည်ခံတယ်။ မြန်မာလူမျိုးဖြစ်တဲ့အတွက်ကြောင့်မို့ ဒီဘုရားထီးလုပ်ငန်းကတော့ မတိမ်ကောဘူးပေါ့။ ရေရှည်တော့ လုပ်ရပါတယ်။ အရင်က ကျတော့ ညီမတို့က ကြေးနဲ့လုပ်တယ်။ သံနဲ့လုပ်တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကတော့ ခေတ်ကပြောင်းလာတာနဲ့အမျှ ဒီစတီးက လုပ်ဖြစ်လာတယ်ပေါ့။ စတီးက ပိုပြီးတော့ ရေရှည်ခံတယ်။ သံချေးမကိုက်ဘူးပေါ့။ သူရဲ့အားသာချက်က”

ဒီစတီးပြားတွေဟာ ထုလုပ်သူတွေအတွက် အချိန်ကုန်သက်သာသလို လုပ်ရတာလည်း ပိုလွယ်ကူကြတယ်လို့ ပြောကြပါတယ်။

ပန်းတဉ်းပညာရပ်နဲ့ အသက်မွေးသူတွေဟာ အရင်က ထီးတော်နဲ့ သာသနိက အစိတ်အပိုင်း တွေကိုသာ ပြုလုပ်ခဲ့ကြရပေမယ့် အခုနောက်ပိုင်းမှာတော့ ပလ္လင်တွေ၊ စေတီငယ်တွေနဲ့ အခြားအရာတွေကိုပါ ပြုလုပ်လာကြရပါတယ်။

အင်းဝနဲ့ ကုန်းဘောင်ခေတ် ဟန်နှစ်ခုကို ပေါင်းစပ်ထားတဲ့ ဘုရားကား၊ ပန်းရထားနဲ့ ကရဝိက် စတဲ့ လက်ရာတွေဆိုရင် ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာပွဲတွေမှာ ပိုပြီးတန်ဆာ ဆင်လာကြတာလည်း ဖြစ်ပါတယ်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ကူးစက်ပြန့်ပွားခဲ့တဲ့ အချိန်နှစ်နှစ်ကျော်ကာလမှာတော့ ဒီပန်း တဉ်းလုပ်ငန်းတွေ ရောင်းအားကျဆင်းခဲ့တာကြောင့် ရပ်နားခဲ့ကြရပါတယ်။ ဒါပေမဲ့ အခု ကာလတွေမှာတော့ အလှူပွဲတွေ ပြန်လည်ကျင်းပခွင့်ရလာတာကြောင့် ပန်းတဉ်းလုပ်ငန်း တွေ ပြန်အသက်ဝင်လာတာပါ။

အခုနောက်ပိုင်းမှာ ထီးတော်တွေနဲ့ ရွှေတိဂုံစေတီတော်ပုံတူတွေကို မှာယူသူများတာကြောင့် ပိုပြီးပြုလုပ်နေရတယ်လို့ ပန်းတဉ်းလုပ်ငန်းရှင် ဦးဇေယျာလင်းက ပြောပါတယ်။

“အခုလုပ်ရတာကတော့ ထီးပေါ့နော်။ ထီးလည်းရှိတယ်။ ထီးကတော့ စတီးထီးတွေပေါ့။ ဒီနှစ်မှာ တော်တော်လေးကို အရောင်းအဝယ်လိုက်ပါတယ်။ ပြီးတော့ စေတီ။ ရွှေတိဂုံ စေတီတော်ပုံစံတူ စေတီ။ ပြီးတော့ အရင်တုန်းက သွပ်ပြားနဲ့လုပ်ရတယ်။ ပြီးတော့ ခံဆေးမှုတ်တယ်။ ခံဆေးမှုတ်ပြီးတော့ ရွှေဆေးပြန်လိုက်ရတယ်။ အခုကျတော့ အဲလို မဟုတ်ဘူး။ ရွှေရောင်စတီးပြားနဲ့ကျတော့ ဘာမှလုပ်စရာ မလိုတော့ဘူး။ စတီးပြားကို ပုံဖော်ပြီးတော့ တပ်လိုက်ရုံပဲ”

လက်ရှိကာလမှာတော့ ကုန်ကြမ်းပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဈေးတက်တာကြောင့် အမြတ်ငွေနည်းလာကြတယ်လို့လည်း သူက ဆိုပါတယ်။

ခေတ်ကာလတွေပြောင်းလဲလာတဲ့နောက်ပိုင်း ကုန်ကျစရိတ်တွေ များလာတာကြောင့် လည်း ပန်းတဉ်းလုပ်ငန်းမှာ ဝယ်ယူသူတွေက ကြေးနဲ့ ထုဆစ်တာကို မှာယူတာနည်းလာ ပါတယ်။ ဒါကြောင့်လည်း ကုန်ကျစရိတ် သုံးဆလောက်သက်သာတဲ့ စတီးကို ပြောင်းလဲ အသုံးပြုလာကြတာလည်း ဖြစ်ပါတယ်။

traditional-handicrafts-ygn.jpg
ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းမှ ပန်းတဉ်းလုပ်ငန်းအား ၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့က တွေ့ရစဉ် (Photo: RFA)

ကြေးအစစ်နဲ့ ပြုလုပ်တာဟာ ပိုပြီးလက်ဝင်တယ်လို့ ပန်းတဉ်းလုပ်ငန်းရှင် ဒေါ်အေးအေးခိုင် က ပြောပါတယ်။

“အရင်တုန်းကကြေးနဲ့ ထုမယ်ဆိုရင်လည်း ကြေးနဲ့ ဒီပန်းသာထုတယ်ပေါ့နော်။ ပြီးရင် ဖရိန်ဆင်ပြီးတော့ ပန်းကပ်တယ်ပေါ့။ ထီးပုံစံဖြစ်အောင် အချိုးအစားကျအောင်လို့လုပ် တယ်။ ပြီးသွားတော့မှ သစ်စေးသုတ်ရတယ်။ ရွှေချမယ်ဆို သစ်စေးသုတ်ရတယ်။ သစ် စေးက အပြည့်သုတ်မယ်ဆိုရင် ၃ ရည်အပြည့်သုတ်ရတယ်။ တစ်ရည်သုတ်ပြီးသွားရင် မြေတိုက်ဆိုတာချရတယ်။ မြေတိုက်ချပြီးတော့မှ သစ်စေးတစ်ရည်သုတ်တယ်။ အိပ် သွားတော့မှ နောက်တစ်ရည် ထပ်သုတ်တယ်။ ပြီးတော့ နောက်တစ်ရည် ထပ်သုတ် တယ်။ သုံးထပ်ပြည့်အောင် သုတ်တော့မှ သူက ရွှေရည်လည်းကောင်းတယ်ပေါ့နော်။ ကြာကြာလည်းခံတယ်“

စတီးနဲ့ပြုလုပ်တာဟာ ငါးနှစ်ကနေ ၁၀ နှစ်အထိ ရွှေရောင်အထားခံနိုင်ပြီး သစ်စေးသုတ်ပြီး ရွှေချတာက မိုးဒဏ်၊ လေဒဏ်ကြောင့် သုံးနှစ်ကျော်သာခံနိုင်တယ်လို့ သူက ပြောပါတယ်။

ဒီပန်းတဉ်းပညာရပ်ဟာ ပန်းချီနဲ့ ဗိသုကာပညာရပ်တွေနဲ့ပါ ဆက်နွှယ်နေပြီး ဘုရား၊ စေတီ၊ ပုထိုးတွေမှာ အသုံးပြုတဲ့ ထီးတော်၊ ဘုရားထောင်၊ ဘုရားဆွဲ၊ ရွှေပြား၊ တံခွန်တိုင်၊ တံခွန် လုံး၊ ဟင်္သာရုပ်၊ နဂါးရုပ်တွေနဲ့ တန်ဆောင်းပြာသာဒ်တွေမှာ ထုဆစ်တဲ့ ပညာရပ်ဖြစ်ပါ တယ်။

ဘာသာရေးနဲ့ဆိုင်တဲ့ အလှူတွေမှာလည်း အလှအပပြင်ဆင်မှုအနေနဲ့လည်း အသုံးပြုနေ တာကြောင့် ခေတ်ကာလ ပြောင်းလဲမှုကြောင့် ကုန်ကြမ်းပြောင်းလဲရပေမယ့် ဒီပညာရပ် ကတော့ ဆက်လက်ရှိနေမှာပဲလို့ ပန်းတဉ်းလုပ်ငန်း လုပ်ကိုင်သူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။