ပတ္တလားသံစဉ်တွေနဲ့ ဘဝကိုတည်ဆောက်ထားသူ

RFA Burmese
2023.11.14
ပတ္တလားသံစဉ်တွေနဲ့ ဘဝကိုတည်ဆောက်ထားသူ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်မှ ပတ္တလား ထုတ်လုပ်သူ ဦးအေးဝင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာပြည်မှာ ပတ္တလားတီးတဲ့သူရော၊ ထုတ်လုပ်တဲ့သူပါ ရှားပါးနေပါပြီ။ ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်က အသက် ၆၇ နှစ်အရွယ် ဦးအေးဝင်းက အဲဒီလို ရှားရှားပါးပါး ပတ္တလား ထုတ်လုပ်ပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့တာ ၃၇ နှစ်ကျော်ပြီ ဖြစ်ပါတယ်။

သူဟာ သံစဉ်မပါတဲ့ ကလေးကစားစရာ ပတ္တလားလုပ်တဲ့အဆင့်ကနေ၊ သံစဉ် ၃၇ မျိုးထိ ထည့်သွင်းထားတဲ့ ပတ္တလားကြီးတွေအထိ ထုတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ပတ္တလားကိုယ်ထည်လုပ်တတ်ဖို့ လပိုင်းနဲ့ သင်ယူနိုင်ပေမယ့်၊ သံစဉ်ပါတဲ့ ပတ္တလားအရွက်တွေ ထည့်တတ်ဖို့ကိုတော့ ဆယ်နှစ်ထက်မနည်း သင်ရတယ်လို့ ဦးအေးဝင်းက ပြောပါတယ်။

"ပတ္တလားအိမ်လေးတွေ ဘာလေးတွေဆိုရင် ၁၅ ရက်၊ ရက် ၂၀၊ တစ်လပေါ့ စသည်အားဖြင့်။ အင်မတန် ဉာဏ်ထိုင်းတဲ့သူဆိုရင် နှစ်လလောက်နဲ့ တတ်တယ်။ ဒီအသံညှိတာကျတော့ အဘသားကို အသံညှိဖို့၊ တတ်ဖို့ကို ဆယ်နှစ်လောက် ဒီကောင်ကြာတယ်ထင်တာပဲ။ က ရင်လည်းမကဘူး။ အဲဒါ လူငှားလို့မရဘူး၊ သင်လို့မရဘူး။ အဲဒီတော့ ကိုယ်တိုင်လုပ်ရတော့တာပဲ။ အဘ သားကြီးလုပ်တဲ့ပစ္စည်းကို သူညှိပေးတဲ့အသံကို အဘရောင်းလို့မရဘူး။ အဘနားထဲမှာ သီးလည်းမခံဘူး။ အဘကိုယ်တိုင်လုပ်ပြီးရောင်းရမှ အဘက ကျေနပ်တယ်။ အဲလိုဟာမျိုးလေး သဘောကျတယ်"

အခုတော့ သူ့ရဲ့ သားသမီး လေးယောက်ကို ပညာအမွေ လက်ဆင့်ကမ်းပေးထားနိုင်ပြီ ဖြစ်ပါတယ်။ အိမ်မှာ မိသားစုအိမ်တွင်း လက်မှုလုပ်ငန်း အနေနဲ့လုပ်ကိုင်နေကြပါပြီ။

"ဒီသံစဉ်လေးတွေနဲ့ပဲ အဘဘဝကို တည်ဆောက်လာခဲ့တာပဲ။ အခုထက်ထိလည်း အသက်သာကြီးသွားတာ အဘပျော်နေတုန်းပဲ၊ ခင်တွယ်နေတုန်းပဲ ဒီအနုပညာကို"

ဧရာဝတီတိုင်း၊ မြောင်းမြ ဇာတိသားဖြစ်တဲ့ ဦးအေးဝင်းဟာ အရင်က လက်သမား လုပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း ကလေးတွေဆော့တဲ့ ပတ္တလားလေးတွေ ဖန်တီးရောင်းချဖို့ဖြစ်လာခဲ့တာပါ။

သူကိုယ်တိုင်ကလည်း မယ်ဒလင်ကို ပိုင်ပိုင်နိုင်နိုင် တီးခတ်နိုင်တဲ့အပြင် သင်ဆရာ၊ မြင်ဆရာတွေရဲ့ လမ်းညွှန်မှု၊ ကိုယ်တိုင်လေ့လာမှုတွေနဲ့ ပေါင်းစပ်ပြီး ပတ္တလားသံစဉ်တွေ ကို ရအောင် ဖန်တီးနိုင်ခဲ့တာလို့ ပြောပါတယ်။

သူ့ဇနီး ဒေါ်ကြည်ကြည်ဝင်းကတော့ အသက် ၆၂ နှစ်ရှိပါပြီ။ သူ့ခင်ပွန်း ဦးအေးဝင်းဟာ ပတ္တလားတွေ ဖန်တီးနေရရင် ပျော်နေတတ်တဲ့သူလို့ ပြောပြပါတယ်။

"သူဆိုနေရရင် တီးနေရရင်ကို ပြီးရော။ စားရမှာလည်း မပူဘူး။ ပိုက်ဆံမရမှာလည်း မပူဘူး အဲလိုမျိုး။ လုပ်ပြီးရင် ဒီထက်ပျော်ရွှင်မှုရှိတာက ဘာလဲဆိုရင် ခြင်းတောင်းထဲကို ထည့်ပြီး သွားရောင်းတဲ့အချိန်။ အရမ်းရွှင်တာ အဲအချိန်။ တီးနေရင်းနဲ့ ကချင်ကတာ။ ဘေးကလူတွေကလည်း သဘောတွေကျတာ အရမ်းပဲ အဘကို။ အခုကျတော့ မထွက်နိုင်တော့ပါဘူး။၊ အသက်ကလည်းကြီးပြီဆိုတော့။ သူက စွန့်လည်း မစွန့်လွှတ်နိုင်ဘူး၊ မြတ်နိုးတယ်၊ သူ့အလုပ်သူလေ။ ဟိုမင်းအောင်ဆိုတဲ့ သီချင်းလေး လိုပေါ့၊ ငါသေရင် ငါ့ဂစ်တာလေးယူသွားမယ်၊ သူလည်း အဲလိုပဲ။ ငါသေရင် ငါ့ပတ္တလားလေး ယူသွားမယ် သူကအဲလိုမျိုးလေး"

သံစဉ်မှန်မှန်နဲ့တီးလို့ရတဲ့ ပတ္တလားတစ်လုံးဖြစ်ဖို့ အဆင့် ၁၆ ဆင့်လောက်ထိ ဖြတ်သန်းရတယ်လို့ ရှင်းပြပါတယ်။ ပွတ်လုံးဆွဲ၊ ကိုယ်ထည်တည်ဆောက်တာ အပါအဝင်၊ သံစဉ်ခတ်ဖို့ သံပြားတွေ လိုအပ်တဲ့ပုံစံ ရတဲ့အထိ ဖြတ်တောက်လုပ်ကိုင်ရပါတယ်။ နောက်ဆုံးအချောကိုင် မှန်စီရွှေချတဲ့အဆင့်ထိ လုပ်ကိုင်ကြရတာပါ။

သံစဉ်မပါတဲ့ ပတ္တလားလေးတွေကို တစ်ရက်မှာ ဆယ်လုံးလောက်လုပ်နိုင်ပေမယ့် သံစဉ်မှန်ပြီး အရည်အသွေးကောင်းတဲ့ ပတ္တလားတစ်လုံးရဖို့ကတော့ ရက်နဲ့ချီ ကြာတတ်ပါတယ်။ ဒါကြောင့် ပတ္တလားတွေကို သံယောဇဉ်ဖြစ်ဖြစ်နဲ့ ရောင်းလိုက်ရတာလို့ ဦးအေးဝင်းရဲ့သမီးလတ် အသက် ၂၉ နှစ်အရွယ် မကျော့ကေခိုင်က ပြောပါတယ်။

"ကြာနေတော့ ပတ္တလားအပေါ်မှာ သံယောဇဉ်ဖြစ်နေတဲ့အချိန်မှာ လာဝယ်သွားတယ်။ ပိုက်ဆံလေးနဲ့ တန်ဖိုးဖြတ်ပြီး လာဝယ်သွားတော့ ရင်ထဲမှာတော့ ပါသွားပြီ ငါ့ပစ္စည်းလေးပေါ့၊ အဲလိုမျိုးပေါ့။ ဝမ်းရေးအတွက်ကတော့လည်း မရောင်းလို့လည်း မဖြစ်ဘူးလေ၊ ရောင်းရမှာပဲ။ နှလုံးသားပါ ရင်းရတယ်"

သီချင်းမှန်သမျှ တီးခတ်နိုင်တဲ့ ပတ္တလားတွေရဲ့ အမြင့်ဆုံးစျေးက တစ်လုံးကို ကျပ်နှစ်သောင်းပါ။ သံစဉ်မပါတဲ့ ပတ္တလားကတော့ ကျပ် လေးထောင်ပဲ ရှိပါတယ်။ အရင်က မြန်မာနိုင်ငံအနှံ့ ခြင်းတစ်လုံးနဲ့ ထမ်းပြီးလိုက်ရောင်းခဲ့ပေမယ့် အခုတော့ ရန်ကုန်က ရွှေတိဂုံဘုရားစျေး၊ ဗိုလ်ချုပ်စျေး အပါအဝင် ပြည်၊ ပဲခူးနဲ့ ပုဂံမြို့တွေအထိ တင်ပို့ရောင်းချနေတာပါ။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်ရှိ ဦးအေးဝင်း၏ နေအိမ်တွင် ပတ္တလား ထုတ်လုပ်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၆၉) ရပ်ကွက်ရှိ ဦးအေးဝင်း၏ နေအိမ်တွင် ပတ္တလား ထုတ်လုပ်နေကြသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။

ပတ္တလားဖန်တီးရာမှာ အခက်အခဲဆုံးအပိုင်းဖြစ်တဲ့ သံစဉ်ညှိဖန်တီးရတဲ့အပိုင်းကိုတော့ ဦးအေးဝင်းရဲ့ သားအကြီးဆုံးဖြစ်တဲ့ အသက် ၃၈ နှစ်အရွယ် ကိုရဲဝင်းထွန်းက တာဝန်ယူထားပါတယ်။

"အခုကျတော့ အဖေက အသက်ကြီးပြီဆိုတော့ ဒီနေရာကို ကျွန်တော်ဝင်မှရမှာလေ။ အသံညှိတဲ့ နေရာဆိုတော့ ဝင်မှရမှာဆိုတော့။ ဒါက သင်တိုင်းလည်း မတတ်တဲ့အရာမျိုး ကျတော့လေ။ အသံညှိတဲ့အပိုင်းကို ပြောတာပေါ့နော်။ မတတ်တဲ့ဟာဆိုတော့ ဝင်မှရမှာဆိုတော့ ပိုပြီးတော့ စိတ်နှစ်ပြီးတော့ အရမ်းလုပ်တယ်။ တော်တော် ခက်ခဲတယ်။ သင်တိုင်းလည်း မတတ်တဲ့ပုံစံမျိုးပေါ့။ တီးတာ တီးတတ်သွားမယ်ပေါ့။ ဒီရဲ့ အနုပညာကိုဖန်တီးတဲ့အရာမှာ ဒို၊ ရေ၊ မီ၊ ဖာ အသံ ခုနစ်သံပဲရှိတာ။ အဲဒီ ခုနစ်သံကို မတူအောင်ညှိတဲ့ အသံဆိုတာ တော်တော် ခဲယဉ်းပါတယ်"

ပတ္တလားတွေကို ရောင်းတဲ့အခါမှာလည်း ဝယ်တဲ့သူတီးခတ်လို့ရအောင် ဂီတနုတ် ထုတ်ထားတဲ့ စာရွက်နဲ့အတူ အခြေခံပါ သင်ပြပေးပါတယ်။ အခုတော့ ပတ္တလားတွေကို အိမ်တိုင်ရာရောက် လာဝယ်တာတွေလည်း ရှိနေပါတယ်။

"ဒီပတ္တလားကလည်း ပြန်တွေးကြည့်မယ်ဆိုရင် ဆရာကြီးရဲ့လက်ရာတွေကလည်း ကောင်းတယ်။ ပြီးသွားတဲ့အခါကျတော့ ဒါလုံးဝပေါ့နော်၊ မပျောက်ပျက်စေချင်တာပေါ့။ အဓိက အဲဒါပါပဲ။ မြန်မာ့ယဉ်ကျေးမှုထဲမှာရှိတဲ့ ဒီတူရိယာ မပျောက်ပျက်စေချင်ဘူး"

ဦးအေးဝင်းတစ်ယောက် အခုတော့ ကျန်းမာရေးကြောင့် အပြင်မထွက်နိုင်တော့ပေမယ့် အိမ်ထဲမှာပဲ သံစဉ်တွေနဲ့အတူ ပတ္တလားငယ်တွေကို ဖန်တီးနေဆဲဖြစ်ပါတယ်။

"အဘက သွားချင်တာ၊ တီးချင်တာ၊ ရောင်းချင်တာ အဲမြို့လယ်ကောင်မှာတီးနေရရင် ဟိုလူက ပြုံးပြုံးကြည့်၊ ဟိုကလာပါဦး၊ ဒီကလာပါဦး။ အဲဒါ အဘ သဘောသိပ်ကျတာ။ အဘပျော်တယ်။ ဒီသံစဉ်လေးတွေနဲ့ပဲ အဘဘဝကို တည်ဆောက်လာခဲ့တာပဲ။ အခုထက်ထိလည်း အသက်သာကြီးသွားတာ အဘပျော်နေတုန်းပဲ၊ ခင်တွယ်နေတုန်းပဲ ဒီအနုပညာကို"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။