အိမ်ခြေမဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ ရွှေတံဆိပ်သုံးဆုရ နိုင်ငံတော်တံဆိပ်ဖန်တီးရှင် ဦးမြသောင်း

RFA Burmese
2024.12.05
အိမ်ခြေမဲ့ဘဝနဲ့ ဖြတ်သန်းနေရတဲ့ ရွှေတံဆိပ်သုံးဆုရ နိုင်ငံတော်တံဆိပ်ဖန်တီးရှင် ဦးမြသောင်း ရွှေတံဆိပ်သုံးဆုရ ပန်းချီ၊ ပန်းပု ဗိသုကာပညာရှင် ဦးမြသောင်းကို သူ ဖန်တီးခဲ့သော နိုင်ငံတော်အလံနှင့်အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ နိုင်ငံတော်အမှတ်တံဆိပ် ဖန်တီးရှင် ရွှေတံဆိပ်ဆု သုံးခုရ အသက် ၈၅ နှစ်အရွယ် ပန်းချီ၊ ပန်းပုပညာရှင် ဦးမြသောင်းဟာ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကာလတွေကို အိုးအိမ်မဲ့ဘဝနဲ့ ချို့ချို့တဲ့တဲ့ ဖြတ်သန်းနေရပါတယ်။

"ဘဘကို ပြုစုစောင့်ရှောက်တာ၊ ကျွေးမွေးတာ လိုအပ်တာတွေ အကုန်လုံးပေးတဲ့အတွက် ဘဘ ဝမ်းလည်း ဝမ်းသာတယ်၊ ဝမ်းလည်း ဝမ်းနည်းတယ်၊ ဘဘ သားသမီးတွေ ရှိတာတောင် အနားမှာမရှိ၊ ဒါပေမဲ့ သားတို့အနားမှာရှိတာ နေပျော်ပါတယ်၊ သေပျော်ပါပြီ"

သူကတော့ မြန်မာနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဖန်တီးရှင် အသက် ၈၅ နှစ်အရွယ် ပန်းချီ၊ ပန်းပုပညာရှင် ဦးမြသောင်းပါ။

"ဒီပညာတွေတတ်ပြီးတော့ အေးအေးဆေးဆေးနဲ့ နားနေပြီးတော့ သေသွားမဲ့အစား ကလေးတွေကို ဒီပညာတွေကို သင်ပေးရင်းနဲ့ သေသွားတာက နိုင်ငံတော်အတွက် မြတ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်နဲ့ ကျန်းမာရေးမကောင်းတဲ့အထိလုပ်နေတာ"

သူဟာ တစ်ချိန်က ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိုးအိမ်နဲ့ အခြေတကျနေထိုင်နိုင်ခဲ့ပေမဲ့ လွန်ခဲ့တဲ့နှစ် သုံးဆယ် လောက်က ဇနီးဖြစ်သူ ရောဂါနဲ့ ကွယ်လွန်ပြီးနောက်ပိုင်း အိမ်ခြေမဲ့ဘဝကို ရောက်ခဲ့ရသူပါ။ အခုတော့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အင်းမရွာက ကိုမင်းကိုတို့ မိသားစုက ခေါ်ယူစောင့်ရှောက်ထားပါတယ်။

ရွှေတံဆိပ်သုံးဆုရ ပန်းချီ၊ ပန်းပု ဗိသုကာပညာရှင်  ဦးမြသောင်းကို သူ ဖန်တီးခဲ့သော နိုင်ငံတော်အလံနှင့်အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရွှေတံဆိပ်သုံးဆုရ ပန်းချီ၊ ပန်းပု ဗိသုကာပညာရှင် ဦးမြသောင်းကို သူ ဖန်တီးခဲ့သော နိုင်ငံတော်အလံနှင့်အတူ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်နဲ့ စပါးနှံပါတဲ့ နိုင်ငံတော်အလံဟောင်းတွေကို ဖန်တီးခဲ့တာက ဦးမြသောင်းအတွက် မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

“နိုင်ငံတော်အစိုးရကနေပြီးတော့ နိုင်ငံတော်တံဆိပ်နဲ့ နိုင်ငံတော်အလံကို ပြန်လည်ပြုပြင်ပြောင်းလဲမယ် ဆိုပြီးတော့ ကြေညာလိုက်တယ်။ မြန်မာပြည်မှာရှိတဲ့ ဒီဇိုင်နာတွေ၊ ပန်းချီဆရာတွေရေးပြီးတော့ တင်ကြပါ၊ ပုံစံပြောင်းချင်တယ်ဆိုပြီးတော့ ရွေးချယ်တာ။ အဲဒီအချိန်က ဘဘက အဲဒီရုံးမှာထိုင်နေတာ။ ပန်းချီဌာနတာဝန်ခံ အဖြစ်နဲ့ ထိုင်နေတာပါ။ ဘဘကလည်း ပုံစံတစ်မျိုးကို သုံး လေးမျိုး တင်တာပေါ့။ နိုင်ငံတော်အလံလည်း သုံး လေး မျိုး တင်တယ်။ နိုင်ငံတော်တံဆိပ်လည်း သုံး လေးမျိုးတင်တယ်။ တင်လိုက်တဲ့အခါကျတော့ နောက်ပိတ်ဆုံး ကြေညာပြီး ရွေးလိုက်တဲ့အခါကျတော့ ရွေးခံလိုက်ရတဲ့ပုံတွေက ဘဘလုပ်ထားတဲ့ လက်ရာ ဒီဇိုင်းတွေ ဖြစ်နေတယ်”


ဆက်နွှယ်သောသတင်းများ

ကျူးကျော်နေအိမ်ကနေ ကမ္ဘာ့အဆင့်ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့သူ

မှုံရွှေရည် ဇာတ်မင်းသားကြီး ရန်ကုန် စိန်ကိုကို

ဖျာပုံမြို့က သက်တမ်းရှည်ရာမာယဏဇာတ်ဖျော်ဖြေမှု ထိန်းသိမ်းဖို့ခက်ခဲလာ


သူဟာ ဗိုလ်ချုပ်နေဝင်းလက်ထက် ၁၉၆၃ ခုနှစ်ကနေစလို့ ရန်ကုန်၊ ပဲခူး၊ မန္တလေး စတဲ့ တိုင်းနဲ့ပြည်နယ် ရှစ်ခုလောက်က အထင်ကရနေရာတွေမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗန္ဓုလမြင်းစီးရုပ်တုတွေအပါအဝင် ရုပ်တုပေါင်း ရှစ်ဆယ်ကျော်ကို ထုလုပ်ခဲ့သူပါ။

အဲဒီအထဲက ၁၉၇၀ ပြည့်နှစ်က နှစ် ၁၀၀ ပြည့် ဆိုဗီယက်ခေါင်းဆောင် လီနင်ရဲ့ ရုပ်တုအတွက် ရုရှားနိုင်ငံက ပေးတဲ့ ရွှေတံဆိပ်ဆု အပါအဝင် ရွှေတံဆိပ်ဆု သုံးဆုကို ရရှိခဲ့ပါတယ်။

"ဆိုဗီယက်ကလည်း ဘဘကို ရုပ်တုကြီးထုပေးတဲ့အတွက် ဆိုဗီယက်ကနေပြီးတော့ ဘဘကို ရွှေတံဆိပ်ပေးတယ်၊ ပဲခူး ကြခတ်ဝိုင်းကျောင်းတိုက်ကနေလည်း ဘဘကို သူတို့ပြတိုက်ကြီးကောင်းအောင် လုပ်ပေးတဲ့အတွက် ဆရာတော်ဘုရားက ရွှေတံဆိပ်ပေးတယ်၊ မယ်လမုဘုရားကလည်း ရွှေတံဆိပ်ပေးခဲ့တယ်"

ဒါပေမဲ့ ဦးမြသောင်းကို ဘယ်အစိုးရ၊ ဘယ်အဖွဲ့ကမှ ဂုဏ်ပြုချီးမြှောက်တာ၊ ကူညီထောက်ပံ့တာ မရှိခဲ့ဘူးလို့ သူ့ရဲ့ မိတ်ဆွေတွေက ပြောပါတယ်။

လက်ရှိမှာတော့ သူ့ရဲ့ ဆန္ဒအရ သူ တတ်ကျွမ်းခဲ့တဲ့ ပညာတွေကိုပါ လူငယ်တွေ အခမဲ့သင်ယူခွင့်ရအောင် စီစဉ်ပေးထားတယ်လို့ ဦးမြသောင်းကို ခေါ်ယူစောင့်ရှောက်ထားတဲ့ ပန်းတနော်မြို့နယ် အင်းမရွာက ကိုမင်းကိုက ပြောပါတယ်။

ပညာရပ်များ ပြန်လည်သင်ကြားပေးနေသည့် ရွှေတံဆိပ်သုံးဆုရ ပန်းချီ၊ ပန်းပု ဗိသုကာပညာရှင် ဦးမြသောင်းကို  ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပညာရပ်များ ပြန်လည်သင်ကြားပေးနေသည့် ရွှေတံဆိပ်သုံးဆုရ ပန်းချီ၊ ပန်းပု ဗိသုကာပညာရှင် ဦးမြသောင်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

"ဘဘရဲ့ ပညာရပ်တွေက တကယ်ကောင်းတဲ့ ပညာရပ်တွေဆိုတော့ တိမ်ကောပပျောက်သွားမှာ စိုးရိမ်တဲ့အတွက် ပညာလိုချင်တဲ့ ကျေးလက်ဒေသက ကလေးတွေ၊ ကျွန်တော့်ဆေးခန်းမှာ မူးယစ်ဆေးဝါးနဲ့ အရက်လာဖြတ်ကြတဲ့သူတွေကို ဘဘက သူ့ရဲ့ပညာတွေ သင်ပေးနေတယ်။ ကျန်းမာရေးမကောင်းတာတောင်မှ ဝှီးချဲ ပေါ်ကနေ သင်ပေးနေတာ၊ အဲလိုဆိုတဲ့အခါကျတော့ ဘဘရဲ့ပညာတွေကို အတတ်နိုင်ဆုံးယူကြဖို့ ကလေးတွေ အားလုံးကို တိုက်တွန်းထားပါတယ်"

ပန်းချီ၊ ပန်းပုညာရှင်ဦးမြသောင်းကလည်း သူ့ရဲ့ နောက်ဆုံးထွက်သက်အထိ သူ တတ်မြောက်ထားတဲ့ ပညာတွေကို လူငယ်တွေကို ပညာအမွေပေးနေဆဲ ဖြစ်ပါတယ်။

"ဒီပညာတွေတတ်ပြီးတော့ အေးအေးဆေးဆေးနဲ့ နားနေပြီးတော့ သေသွားမဲ့အစား ကလေးတွေကို ဒီပညာတွေကို သင်ပေးရင်းနဲ့ သေသွားတာက နိုင်ငံတော်အတွက် မြတ်တယ်ဆိုပြီးတော့ ဆုံးဖြတ်ချက်နဲ့အခု ကျန်းမာရေးမကောင်းတဲ့အထိလုပ်နေတာ၊ သေတဲ့အထိလည်း ဒီပညာကို ဆက်လုပ်သွားမှာပါ၊ ဒါဘဘရဲ့ ခံယူချက်ပါပဲ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။