NLD နှစ် ၃၀ ခရီးကြမ်းမှာ မယိမ်းမယိုင်ပါဝင်ခဲ့သူ မုံရွာအောင်ရှင်

2021.11.30
NLD နှစ် ၃၀ ခရီးကြမ်းမှာ မယိမ်းမယိုင်ပါဝင်ခဲ့သူ မုံရွာအောင်ရှင် ရေဝေးသုသာန်မှာ ၂၀၂၁ နိုဝင်ဘာ ၃၀ ရက်နေ့က NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ရဲ့ နာရေးကို တွေ့ရစဥ်
Photo: RFA

မုံရွာအောင်ရှင် (ခေါ်) ဦးအေးကြူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ နေ့က ရန်ကုန်တိုင်း တာမွေမြို့နယ်က သူ့ရဲ့ နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။ ကြွင်းကျန်ရစ်တဲ့ သူ့ရဲ့ ရုပ်အလောင်းကို ဒီနေ့ နေ့လယ်က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မုံရွာအောင်ရှင်ဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကပင် အချိန်ကိုးလနီးပါးကြာ ဖမ်းဆီးထိန်းသိမ်းခံနေခဲ့ရတာဖြစ်ပြီး  အောက်တိုဘာလ ၁၈ ရက်နေ့ ကမှ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာခဲ့တာပါ။

မုံရွာအောင်ရှင်ဟာ ပြန်လွတ်လာချိန်မှာ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နှိပ်စက်နေတာတွေ သိပြီး စိတ်ထိခိုက်နေသလို၊ ဒီကြားထဲမှာ သားဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းပြီး နှလုံး ဝေဒနာဖောက်လာတဲ့အတွက် နိုဝင်ဘာလ ၂၁ ရက်ကနေ ၂၄ ရက်ထိ ဆေးရုံတက်ခဲ့ရပါတယ်။

ဆေးရုံကဆင်းပြီး လေးရက်အကြာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာတော့ အိမ်ရှေ့ဝရန်ဒါမှာ ထိုင်နေရင်းနဲ့ ရုတ်တရက်နှလုံးရပ်ပြီး ဆုံးပါးသွားတာလို့ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုး က ပြောပါတယ်။

" နာရီခွဲ အိပ်ယာထတယ်။ မျက်နှာသစ်၊ သွားတိုက်ပြီး ကျမအဝတ်အစားလဲ ရေပတ်တိုက်ပေးပြီးတော့ ခါတိုင်းလိုပဲ ဝရန်တာမှာ သတင်းစာဖတ်ဖို့ရာအတွက် သတင်းစာလာပို့တာကို စောင့်နေတုန်းမှာပဲ ချက် ချင်းကြီး ဟက်ဆိုပြီး အသံလေးမြည်လိုက်တာ ဆရာဘာဖြစ်တာလဲဆို အဲလိုနဲ့လဲကျသွားတာ။ သတိပြန် မလည်လာတော့တာ"

အချိန်ကိုးလနီးပါးကြာ ရေကြည်အိုင် စစ်ကြောရေးစခန်းမှာနေခဲ့ရတဲ့ မုံရွာအောင်ရှင်ဟာ အဲဒီအချိန်က အဖမ်းခံထားရတဲ့ ကမာရွတ်မီဒီယာအယ်ဒီတာချုပ် ကိုနေသန်မောင်နဲ့လည်း ဘေးချင်းကပ်ဆုံခဲ့ကြပါတယ်။

နှစ်ရက်တာ စစ်ကြောရေးမှာ တွေ့ခဲ့ရတဲ့ မုံရွာအောင်ရှင်ရဲ့ ပါတီအပေါ် သစ္စာစောင့်သိမှုနဲ့ စိတ်သဘောထား ဖြူစင်မှုအကြောင်းတွေ ကိုနေသန်မောင်က RFA ကို ပြောပြပါတယ်။

"မတ်လ ၂၁ နဲ့ ၂၃ ကို ကျနော်က နှစ်ရက်နဲ့ တစ်ည၊ ဆရာဦးအောင်ရှင်နဲ့ တစ်အိမ်ထဲမှာ နံရံတော့ ခြား ထားတာပေါ့။ ဆရာက ဟိုဘက်အခန်း၊ ကျနော်က ဒီဘက်အခန်းပေါ့။ ကျနော် အဲအခန်းထဲ စရောက်ပြီး ငါးမိနစ် ၁၀ မိနစ်လောက်အကြာမှာ ဆရာက ဆက်သွယ်တာပေါ့။ တံခါးလေးက ခေါက်တယ်။ တံခါး ဖွင့်ကြည့်တော့မှ ဆရာနဲ့ တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ပြီး စကားပြောရတာပါ။ ပြီးတော့ သူအိမ်ကို အရမ်းသတိရနေတယ်၊ ကျနော်က ပါတီမှာ CEC လည်းမဟုတ်ဘူး၊ အစိုးရဝန်ကြီး တာဝန် ယူထားတာလည်း မဟုတ်တဲ့အတွက်ကြောင့် ကျနော့်ကိုတော့ သူတို့ပြန်လွှတ်မယ် ထင်ပါတယ် ကိုနေသန်မောင်ရေလို့ အမြဲတမ်းပြောပါတယ်။ ကျနော်နဲ့ နာရီဝက်တစ်ခေါက်ပြောတယ်ဆိုတော့ ကျနော် တို့ ညှဥ်းပန်းနှိပ်စက်ခံရတာသိတော့ ဆရာတော်တော် အံ့ဩတယ်။ ကျနော်တို့ တွေ့ခဲ့ရတဲ့ အချိန်ကာလ လေးက တိုတောင်းတယ်ဆိုပေမယ့် ဆရာရဲ့ ရိုးသားဖြူစင်မှု တစ်ယောက်နဲ့ တစ်ယောက် အသက်ကြီး တယ် ငယ်တယ် သဘောမထားဘဲ တန်းတူညီတူ ဆက်ဆံတဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကလေးကို တွေ့ရ ပါတယ်”

မုံရွာအောင်ရှင်ဟာ သူ့ဘဝတလျှောက် ၁၉၆၂ လွန်ကာလတွေမှာ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂလှုပ်ရှားမှု မှာပါပြီး အဖမ်းခံခဲ့ရဖူးသလို၊ ၁၉၈၈ နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် လေးကြိမ် အဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ အချိန် ၁၅ နှစ်ကျော်အထိ ဖြတ်သန်းခဲ့ရပါတယ်။

"ဆရာရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ကလေးကို တွေ့ရပါတယ်”

သူ့ရဲ့နိုင်ငံရေးရိုးဂုဏ်တွေနဲ့ စိတ်ထားဖြူစင်မှုတွေကြောင့် ပါတီဝင်အချင်းချင်း လေးစားချစ်ခင်ရသူတစ်ဦး ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဘိုဘိုဦး က RFA ကို ပြောပါတယ်။

"ဒီမိုကရေစီမြန်မာနိုင်ငံမှာ အမြစ်တွယ်ရေးကိစ္စကို သူဟာတော်တော်လေး တတ်နိုင်တဲ့ဘက်ကနေ ကြိုးစာခဲ့၊ လုပ်ကိုင်ခဲ့တာ ဟိုး ၈၈ ထဲက စပြီးပါလာတာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတတ်ဖို့ မြန်မာနိုင်ငံ အနေနဲ့ပေါ့ နိုင်ငံရေးလမ်းကြောင်းအမှန်ပေါ် ရောက်ဖို့ဆိုတာမျိုး သူဟာ တစိုက်မတ်မတ် အာရုံစိုက် ပြီးတော့ နှိုးဆော်ခဲ့တဲ့ စာပေအယ်ဒီတာတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာအောင်ရှင်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ ကောင်းမွန်တဲ့ရည်မှန်းချက်နဲ့ လုပ်ခဲ့တာတွေ အများကြီးရှိပါတယ် ခင်ဗျာ။ ပြီးတော့ ဒီမိုကရေစီအရေးအတွက်ကို တစ်စိုက်မတ်မတ် ကြိုးပမ်းခဲ့တဲ့ လူတစ်ယောက်အနေနဲ့ အင်မတန်မှ နှမြောတသ ဖြစ်မိပါတယ်ခင်ဗျာ။ ဆရာအောင်ရှင် ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုမွန်ကောင်း တောင်းပေးချင်ပါတယ်"

အာဏာသိမ်းစစ်ကောင်စီရဲ့ ထိန်းသိမ်းမှုကနေ ပြန်လွတ်လာပြီးနောက် ရက်လေးဆယ်ကြာ အသက်ရှင် နေထိုင်ခဲ့တဲ့ မုံရွာအောင်ရှင်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူ ဒေါ်ကေသွယ်မိုးကို ရင်ဖွင့်ပြောဆိုခဲ့တာတွေကိုလည်း အခုလိုပြောပြပါတယ်။

"အပြင်မှာက သူဝင်သွားတုန်းက အခြေအနေတွေရယ် ပြန်ထွက်လာတော့ အခြေအနေတွေရယ်ကြောင့် လူဆိုတာ စိတ်ထောင်းကိုယ်ကြေပဲလေ စိတ်လဲပါတာပေါ့နော်။  သူလုပ်ချင်တာတွေ မလုပ်ရ ဖြစ်ချင် တာတွေ မဖြစ်ရ။ သူက တကယ့် အေးချမ်းတဲ့လူတစ်ယောက်။ သူက ကောင်းချင်တာ အားလုံးစုစု စည်းစည်းနဲ့ တာဝန်တွေ ထမ်းဆောင်ချင်တာ။ အဲလိုစိတ်ရှိတာ။ သူထွက်လာတော့ မြင်ရတွေ့ရတာ တွေကိုလည်း စိတ်မချမ်းသာဘူးပေါ့နော်။ သူအရင်ကဖြတ်သန်းခဲ့တာနဲ့ အခုအခြေအနေက လုံးဝ ကွာတာကိုလည်း တအံ့တဩဖြစ်တယ်ပေါ့နော်"

(မုံရွာအောင်ရှင်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၃၀ ရက်နေ့က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်စဥ်)
(မုံရွာအောင်ရှင်ရဲ့ ရုပ်အလောင်းကို နိုဝင်ဘာ ၃၀ ရက်နေ့က ရေဝေးသုသာန်မှာ သင်္ဂြိုဟ်စဥ်)

ဆရာမုံရွာအောင်ရှင်နဲ့ ပတ်သက်လို့ သူတို့အဖွဲ့တွေနဲ့ တောက်လျှောက်ဆန့်ကျင်ဘက်အဖွဲ့ဘက်က ရပ်တည်ခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလို ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

 နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် အမြင်တူတာလည်းရှိတယ်။ တစ်ဖက်နဲ့ တစ်ဖက် ငြင်းရတာလည်း ရှိခဲ့တယ်။ ဘယ်လိုသဘောထားကွဲပြားမှုတွေရှိရှိ သူနဲ့ ကျွန်တော်ကြားက အပြန်အလှန်လေးစားမှုကို အခြေခံတဲ့ မိတ်ဆွေဆက်ဆံရေးကို မထိခိုက်ခဲ့ဘူး။  ပြီးခဲ့တဲ့အောက်တိုဘာ ၁၈ ရက်နေ့ သူပြန်လွတ်လာ တော့ ကျွန်တော်တို့ နှစ်ယောက်ဆုံပြီး နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ အကြာကြီး ပြောဖြစ် ခဲ့တယ်။ မှတ်မှတ်ရရ သူနဲ့ ကျွန်တော်ကြားမှာ ကိစ္စတိုင်းအပေါ် အမြင်ထပ်တူနီးပါးဖြစ်ခဲ့တာ ဒီတစ်ကြိမ်ပဲ ရှိသေးတယ်။  ဆရာ အောင်ရှင်နဲ့ ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်ကာလက တိုတောင်းပေမယ့် သူဟာ ရိုးသား ဖြောင့်မတ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ဆိုတာ သိဖို့အတွက်တော့ လုံလောက်ခဲ့ပါတယ်”

မုံရွာအောင်ရှင်ဟာ ၁၉၈၈ ခုနှစ် NLD ပါတီ စတင်တည်ထောင်ချိန်မှာ မုံရွာမြို့နယ် NLD ဥက္ကဋ္ဌအပြင် စစ်ကိုင်းတိုင်း NLD ဒုဥက္ကဋ္ဌ တာဝန်တွေပါယူခဲ့ပါတယ်။

NLD အဖွဲ့ချုပ်မှတ်တမ်း (၁၉၈၈ - ၂၀၁၀) ကိုလည်း ရေးသားပြုစုထုတ်ဝေခဲ့ပါတယ်။

သူဟာ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျနေတဲ့ကာလမှာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်မပြိုင်ဖို့နဲ့ နိုင်ငံရေးပါတီ မှတ်ပုံမတင်ဖို့အတွက် ပါတီတွင်းမှာ  ဦးဝင်းတင်နဲ့အတူ တစ်သားတည်း ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

အခုတော့ NLD ပါတီရဲ့  နှစ် ၃၀ ခရီးကြမ်းမှာ စ၊ လယ်၊ ဆုံး မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်ပါဝင်ခဲ့တဲ့ မုံရွာအောင်ရှင်ဟာ သူချစ်တဲ့ပါတီကြီးအတွက် တာဝန်ကျေခဲ့ပြီလို့လည်း မိတ်ဆွေတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။