ရေနံအလုပ်သမားကနေ စစ်သမီးဖြစ်လာသူ မဆူးခက်

ခင်မိုးညို
2023.06.04
ရေနံအလုပ်သမားကနေ စစ်သမီးဖြစ်လာသူ မဆူးခက် မြိုင်နယ်အခြေစိုက် ဗိုလ်ယက္ခအထူးကွန်မန်ဒိုတပ်တော် တပ်ဖွဲ့ဝင် မဆူးခက်။
RFA

“ကျွန်မတို့ အရင်တုန်းကတော့ ရေနံအလုပ်သမားပါပဲ။ အဖေနဲ့ အမေကလည်းရေနံအလုပ်သမားပါပဲ။ ကျွန်မတို့ကလည်း ရေနံအလုပ်သမားပါပဲ။ ဒါပေမဲ့ ဒီလက်နက်ကိုင်တွေဟာ မတော်မတရားတွေ ပြုကျင့်နေတယ်။ လက်နက်ကိုင်မှ အဆင်ပြေမှာမို့လို့ အခုလိုလက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေရခြင်းဖြစ်ပါတယ်။”

ဒါကတော့ မကွေးတိုင်း ဂန့်ဂေါနယ်က မဆူးခက် ပြောပြနေတာပါ။ သူတို့မိသားစုဟာ စစ်အာဏာ မသိမ်းခင်ကတော့ သူတို့အရပ်ဒေသက ရေနံတွင်းတွေမှာ အလုပ်လုပ်လုပ်တဲ့ သာမန်အလုပ်သမား လူတန်းစားပဲဖြစ်ပါတယ်။ မဆူးခက်နဲ့ သူ့ညီမက အတန်းပညာ အားနည်းခဲ့ကြတဲ့အတွက် မောင်အငယ်ဆုံးကိုတော့ ပညာတတ်တစ်ယောက်ဖြစ်လာဖို့ အားထားပြီး မြေတောင်မြှောက်ခဲ့ကြပေမဲ့ နိုင်ငံရေးအခြေအနေကြောင့် လှေလှော်ရင်း တက်ကျိုးခဲ့ရပါတယ်။

“ မိသားစုငါးယောက်ရှိပါတယ်။ ညီမလေးရယ်၊ မောင်လေးရယ် အဖေရယ် အမေရယ် ကျွန်မရယ်။ လုပ်ကိုင်စားသောက်တာတော့ ရေနံလုပ်ငန်းပဲ ဖြစ်ပါတယ်။ အတန်းပညာကတော့ သေစာရှင်စာ လောက်ပဲတတ်ခဲ့ပါတယ်။ မောင်လေးကိုတော့ အများကြီး မျှော်လင့်ထားခဲ့ပါတယ်။ မောင်လေးကတော့ ငါးဘာသာဂုဏ်ထူးနဲ့ နှစ်ချင်းပေါက် အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဖြစ်လာလို့ ကျောင်းဆက်မတက်ရတော့တာ။”

ယောနယ်က မဆူးခက်ဆိုတဲ့ သာမန်မိသားစုလေးတစ်စုရဲ့ ကမ္ဘာပျက်ခဲ့ရပုံကတော့ သူ့ညီမငယ်ဟာ စစ်ကောင်စီတပ်ရဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။ ရင်နင့်စရာ အဲဒီအဖြစ်အပျက်ကို မဆူးခက် ပြောပြတာကဒီလိုပါ။

“ညီမလေးက အမျိုးတွေရှိတဲ့ ထီးလင်းကို တက်သွားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ညီမလေးတို့ စီးသွားတဲ့ကားကိုတားပြီး ညီမလေးကို ဖမ်းပြီးမှ တောထဲကိုခေါ် မတရားသဖြင့်ကျင့်ကြံတယ်။ တစ်ယောက်မကပါဘူး။ စစ်ကောင်စီတွေ တစ်ဦးတစ်ယောက်တည်း မကပါဘူး။ လေးငါးဆယ်ယောက်လောက် မုဒိမ်းကျင့်၊ တောနားနီးတဲပေါ်ကိုတင်ပြီး မျောနေတဲ့အချိန်ကျ အရှင်လတ်လတ် မီးရှိုခံခဲ့ရပါတယ်။ ရင်ထဲမှာ ခံစားခဲ့ရတယ်။ တကယ်လည်း ကြေကွဲခဲ့ရပါတယ်။ သူတို့တွေ ဘာကြောင့် ဒီလိုလုပ်နိုင်တာလဲ။ သူတို့မှာ လက်နက်ရှိလို့လုပ်နိုင်တာပါ။”

မဆူးခက်ဟာ သူချစ်ရတဲ့ ညီမလေးရဲ့နာရေးအပြီးမှာတော့ အခုလိုလုပ်ရပ်တွေနဲ့ စစ်ကောင်စီတပ်ကို တော်လှန်နိုင်ဖို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပါတော့တယ်။

ဒါပေမဲ့ သူလက်နက်ကိုင်ခဲ့တာဟာ သူ့ညီမလေးမုဒိမ်းကျင့် အသတ်ခံရလို့ လက်စားချေနိုင်ဖို့ သက်သက်မဟုတ်ဘူးလို့ သူက ခံယူထားပါတယ်။

“သမီးညီမလေးတစ်ယောက်တည်းအတွက် မဟုတ်ပါဘူး။ ပြည်သူအားလုံးအတွက်ပါ။ အဲဒီအတွက် သမီးသည် မကွေးတိုင်းအခြေစိုက် ဗိုလ်ယက္ခ အထူးကွန်မန်ဒိုတပ်တော်ထဲကို ဝင်ခဲ့ပါတယ်။”

သူ့ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒနဲ့ပဲ ဆင်းရဲပင်ပန်းလွန်းပြီး ပြင်းထန်တဲ့ စစ်သင်တန်းကို ပြီးဆုံးအောင်တက်နိုင်ခဲ့ပါတယ်။

“သင်တန်းတက်တဲ့အချိန်မှာ မိန်းကလေးဆိုလို့ သမီးနဲ့ သမီးနောက်ပါ မိန်းကလေးနှစ်ယောက်ပဲပါပါတယ်။ ယောကျ်ားလေးတွေက များပါတယ်။ အယောက် လေးဆယ် ငါးဆယ်လောက်ရှိပါတယ်။ အဲဒီအချိန်မှာ တအားကို ပင်ပန်းခဲ့ပါတယ်။ အစားဆင်းရဲ အနေဆင်းရဲ၊ သမီးစိတ်ထဲ မတက်ချင်တော့ဘူး။ ပြန်ပဲ ပြန်နေလိုက်တော့မယ်၊ လွတ်လွတ်လပ်လပ်ပဲ။ စိတ်ကူးလိုက်တိုင်း ဆုံးဖြတ်လိုက်တိုင်းမှာ၊ ညအိပ်တိုင်းမှာ ညီမလေးမျက်နှာရော၊ အပြစ်မဲ့တဲ့ပြည်သူတွေမျက်နှာရော သမီးပြန်မြင်ယောင်ပါတယ်။”

အခုတော့ မဆူးခက်ဟာ မြိုင်နယ်အခြေစိုက် ဗိုလ်ယက္ခအထူးကွန်မန်ဒိုတပ်တော်ထဲက တော်လှန်ရေးသမားဖြစ်နေပါပြီ။ မိန်းကလေးမို့ နောက်တန်းမှာ ချန်ရစ်မနေဘဲ ယောက်ျားတွေနဲ့တန်းတူ တိုက်ပွဲဝင် နေတဲ့သူလည်း ဖြစ်ပါတယ်။

“တိုက်ပွဲပေါင်းကတော့ သုံးဆယ်လောက်ရှိပါပြီ။ သမီးတို့မြေပြင်မှာ လှုပ်ရှားပြီး ဆရာကြီးနဲ့အတူတကွ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုက်ပွဲတိုင်းမှာလည်း စစ်ခွေးတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဆရာကြီး ကိုယ်တိုင်လိုက်ပါတယ်။ သမီးတို့ကို ဦးဆောင်ပါတယ်။ ဒါကြောင့် တိုက်ပွဲသွားတဲ့အခါ အဖိတ်အစင်လည်းမရှိပါဘူး။ ဗိုလ်ယက္ခအထူးကွန်မန်ဒိုတပ်တော်ထဲမှာ ဗိုလ်ယက္ခတပည့်ကျသွားတယ်။ ဆုံးသွားတယ်ဆိုတာ၊ ဘယ်နေရာမှာ ဒဏ်ရာရတယ်ဆိုတာ နာမည်ပျက်တစ်ခုမှမရှိခဲ့ပါဘူး။ သမီးတို့ တိုက်ပွဲပေါင်းများစွာ သွားခဲ့ကြပါတယ်။”

ခေတ်မီလက်နက် ပြည့်ပြည့်စုံစုံမကိုင်ရပေမယ့် တော်လှန်ရေးသမားဘဝကို ရဲရဲရင့်ရင့်နဲ့ရွေးချယ်ခဲ့တဲ့ မဆူးခက်ဟာ ပြည်သူတွေ လိုလားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးဆုံးအောင်မြင်လိုစိတ် ပြင်းပြနေပါတော့တယ်။

“သမီးတို့မိန်းကလေးတွေကို ဗိုင်းကောင်းကျောက်ဖိနေခိုင်းထားခဲ့တဲ့အချိန်၊ ခုနေချိန်မှာ ဒီခေတ်က ကုန်သွားပါပြီ။ ရဲရင်တဲ့ စစ်သည်တော်အဖြစ် စစ်သမီးအဖြစ် ပြန်မွေးဖွားရမယ့်အချိန်ကို ရောက်ပါပြီ။ စိတ်ဓာတ်ပြင်းပြရင် ပြင်းပြသလို အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အားလုံးညီမှလည်း ဒီနွေဦးတော်လှန်ရေးက မြန်မြန်ဆန်ဆန်ပြီးမှာဖြစ်ပါတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။