အလှူမဏ္ဍပ်အပြင်အဆင်အတွက် နိပါတ်ပန်းချီရေးဆွဲသူ
2025.01.21

ပဉ္စဝဂ္ဂီငါးပါးကို မြတ်စွာဘုရား ဓမ္မစကြာတရားဦးဟောတဲ့ပုံ ရေးဆွဲနေတဲ့သူကတော့ မန္တလေးတိုင်း အမရပူရမြို့က အသက် ၇၃ နှစ် အရွယ် ပန်းချီဆရာ ဦးဇော်ဝင်းပါ။
"စိုးရိမ်စိတ်ကတော့ ရှိတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ အနုပညာ ပပျောက်သွားမှာ စိုးရိမ်တာပေါ့"
သူဟာ အလှူမဏ္ဍပ်တွေအငှါးလိုက်တဲ့လုပ်ငန်းတချို့မှာ ဗုဒ္ဓဝင်နိပါတ်တော်ပန်းချီကားတွေအပြင် မဏ္ဍပ်နဲ့လိုက်ဖက်မဲ့ သရုပ်ဖော်ပုံတွေ၊ ရုပ်လုံးပန်းချီတွေ ရေးဆွဲဖန်တီးတာ အနှစ် ၃၀ ကျော်ပါပြီ။
"ဇာတ်တော်လေးတွေတို့ ပန်းချီကားတွေတို့။ အဲတာတွေ မြင်ချင်တော့ မဏ္ဍပ်ဆရာကိုမေးတာ။ ပန်းချီ ကားတွေ မပါဘူးလား။ နိပါတ်တော်တွေ မဆွဲဘူးလားမေးတော့ အဲဒီမှာ သူတို့က မဖြစ်တော့ဘူးဆိုပြီးတော့ နိပါတ်တော်တွေ ဆွဲတဲ့လူကို လိုက်ရှာယူရတာ။ လေးလေးကို လာအပ်ကြတာ"
သူက ပန်းချီကားတွေကို နှီးကြောဖျာတွေပေါ်မှာ မှိုင်းခံစက္ကူကပ်ပြီး သင်္ဘောဆေးနဲ့ဆွဲတာပါ။ ကားကြီး တစ်ချပ်ကို သုံး၊ လေးရက်လောက်ရေးဆွဲရသလို ဉာဏ်ပူဇော်ခအနနဲ့လည်း အရွယ်အစားပေါ်မူတည်ပြီးရတယ်လို့ ပြောပြပါတယ်။
မြန်မာ့ပန်းချီအနုပညာမှာ နိပါတ်ပန်းချီ၊ ဆီဆေးပန်းချီ၊ ရေဆေးပန်းချီ၊ ယွန်းပန်းချီ၊ ကောက်ရိုးပန်းချီ၊ စပ်ပန်းချီ၊ ခဲပန်းချီ၊ ရွှေဇဝါယွန်းပန်းချီ၊ ပါတိတ်ပန်းချီ၊ ကျောက်မျက်ပန်းချီ၊ ဆိုင်းဘုတ်ပန်းချီ၊ မှန်ပန်းချီ၊ ပုလင်းပန်းချီ၊ နံရံဆေးရေးပန်းချီဆိုတဲ့ ပညာရပ် ၁၄ မျိုးရှိပါတယ်။ အဲဒီအထဲမှာ မြတ်စွာ ဘုရားရဲ့ ဘဝဖြစ်စဉ်နိပါတ်တော်၊ ဇာတ်တော်တွေနဲ့ ရှေးခေတ်ဇာတ်ဝတ္ထုတွေကို ပုံဖော်ရေးဆွဲတဲ့ပညာရပ်ကို နိပါတ်ပန်းချီလို့ခေါ်ပါတယ်။
လက်ရှိမှာ ဦးဇော်ဝင်းဟာ အမရပူရမြို့နယ် ယက္ကန်းတော်ရပ်မှာ မိသားစုနဲ့အတူ နေထိုင်ပါတယ်။ မန္တလေးမြို့မှာ အလှူမဏ္ဍပ်လုပ်ငန်း ဆယ့်ငါးခုလောက်ရှိတဲ့အထဲက လုပ်ငန်းငါးခုလောက်အတွက် ဦးဇော်ဝင်းက ပန်းချီဆွဲပေးပါတယ်။ ဒါပေမဲ့ ဆယ့်နှစ်ရာသီအမြဲတမ်းရတဲ့ အလုပ်မဟုတ်တဲ့အတွက်ကြောင့် ပညာသင်တပည့် ခေါ်မထားနိုင်ဘူးလို့ ဦးဇော်ဝင်းက ပြောပါတယ်။
"အမြဲသဖြင့်လုပ်နေတာဆိုရင်တော့ နှစ်ပေါက်လုပ်နေတာဆိုရင်တော့ ခေါ်သင်နိုင်တယ်လေ။ အခုက ခြောက်လမှ တစ်ခါ၊ သုံးလမှ တစ်ခါလာလုပ်ရတာကြတော့ တပည့်တွေ ခေါ်မသင်နိုင်ဘူးလေ။ တပည့်တွေကလည်းပဲ အခုခေတ်က သင်ရုံနဲ့ပဲ မရဘူး။သူတို့အတွက် စားဝတ်နေရေး ပြေလည်ဖို့က ထောက်ပံ့ရသေးတယ်လေ။ အဲတော့ ကိုယ်က သူတို့အတွက် ပေးဖို့ရာလည်း မလုံလောက်တော့ ကိုယ့်ဘာကိုယ်ပဲ လုပ်တော့တာပေါ့"
ဆက်နွှယ်သောသတင်းများ
ဘဝကိုအရှုံးမပေးတဲ့ မသန်စွမ်းပန်းချီဆရာ
ကောက်ရိုးတစ်မျှင်နိုင်တဲ့အထိ ကောက်ရိုးပန်းချီ ဖန်တီးနေမယ့် ဦးထွန်းကျော်
ရုပ်ရှင်မင်းသား ဒွေး ဆိုတဲ့နာမည်ဖန်တီးခဲ့သူ ရုပ်ပြပန်းချီဆရာ
ဦးဇော်ဝင်းဟာ ငယ်ငယ်ကမိသားစုရဲ့ရုပ်သေးရုပ်လုပ်ငန်းမှာ သူဝါသနာပါတဲ့ပန်းချီတွေဆွဲပေးရင်းကနေ အခုလို နိပါတ်ပန်းချီရေးဆွဲဖြစ်ခဲ့တာပါ။
သူ့အဖေဟာ ပန်းချီကိုဝါသနာကြီးတဲ့သူဖြစ်တယ်လို့ သမီးဖြစ်တဲ့ မဆွေဆွေထွန်းက ပြောပြပါတယ်။
"အဖေကတော့ အစ်မတို့ ငယ်ငယ်လေးကတည်းက မဏ္ဍပ်ပန်းချီတွေ လိုက်ဆွဲရင်းဆွဲရင်းနဲ့ မဏ္ဍပ်ဆရာ တွေအများကြီးက တဖြည်းဖြည်းလက်ရာလေးတွေကြိုက်လို့ ဆိုပြီးတော့လေ။ လာလာခေါ်ရင်း ခေါ်ရင်းကနေ မိတ်များသွားတာပေါ့။ ဒါပေမဲ့ တချို့ကျလည်း ဒီပန်းချီ သိပ်အထင်မကြီးတဲ့သူတွေက များတယ်။ အဖေက ဒီလို ဒီလောက် ဒီလောက် ဟိုဟာဖြစ်ပေမဲ့လည်း လက်မှုပညာဆိုတော့ စျေးဘာညာကတော့ သူများတွေလို ကြီးပွားလောက်တဲ့အထိတော့ မရဘူးပေါ့။ တစ်ခါတလေကျတော့လည်း စိတ်မကောင်းဘူး ကိုယ့်အဖေကို။ လုပ်ရတာနဲ့ ရတာနဲ့လေ မကာမိတာလေးတွေရှိတာ။ အားမရဘူးပေါ့။ ဒါပေမဲ့ အဖေက လည်း ဒီပန်းချီပဲ ဝါသနာပါတာ"
မန္တလေးမြို့မှာ နိပါတ်ပန်းချီဆရာတွေရှိကြပေမဲ့ အလှူမဏ္ဍပ်တွေအတွက်ဆွဲတဲ့သူကကတော့ သူတစ်ဦး ပဲရှိပြီး နှစ်ပေါင်း ၃၀ ကျော်မှာ ကားပေါင်း တစ်ရာခန့်ရေးဆွဲပေးဖူးတယ်လို့ ဦးဇော်ဝင်းက ပြောပါတယ်။
ဘုရားကျောင်းကန်တွေမှာ ဒီကနေ့ခေတ် နိပါတ်ပန်းချီကားတွေ အတွေ့နည်းလာတာက ကုန်ကျစရိတ်ကြီးတာနဲ့ ဆွဲတဲ့သူရှားလာတာကြောင့်လို့ သူက သုံးသပ်ပါတယ်။
ဒါကြောင့် နောင်တစ်ချိန် အလှူမဏ္ဍပ်တွေမှာ နိပါတ်ပန်းချီကားတွေ ဆွဲပေးမဲ့သူမရှိတော့မှာကို ဆရာဦးဇော်ဝင်းက စိုးရိမ်နေပါတယ်။
"ဒီမန္တလေးမှာ နောက်ထပ် နိပါတ်ပန်းချီဆွဲမဲ့သူကတော့ လေးလေး အနေနဲ့တော့ မမြင်သေးဘူး။ နောင်ခါကျမှ ပေါ်လာရင်တော့ မသိဘူး။ အခုတော့ လေးလေးအမြင်တော့ ဘယ်သူမှ ဆွဲတာမမြင်ဘူး။ စိုးရိမ်စိတ်ကတော့ ရှိတော့ ရှိတာပေါ့။ ကိုယ့်ရဲ့ အနုပညာ ပပျောက်သွားမှာ စိုးရိမ်တာပေါ့"