စားအုန်းဆီကြောင့် အခက်ကြုံနေကြရသူများ

RFA Burmese
2023.10.02
စားအုန်းဆီကြောင့် အခက်ကြုံနေကြရသူများ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၂၈ လမ်းတွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ စားအုန်းဆီအကျပ်အတည်းပြဿနာကြောင့် သာမန် လက်လုပ်လက်စားတွေအတွက် ပိုပြီး အခက်တွေ့လာနေကြရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က စစ်ကောင်စီရဲ့ စားအုန်းဆီ အခြေခံရည်ညွှန်းဈေးမှာ တစ်လီတာကို ကျပ် ၄၃၇၅ ကျပ် ဖြစ်ပေမယ့် ရန်ကုန်မြို့ရဲ့ ပြင်ပမှောင်ခိုဈေးကွက်မှာတော့ စားအုန်းဆီ တစ်လီတာကို ကျပ်ကိုးထောင်ဝန်းကျင်အထိ ရှိနေပါတယ်။ ဒါကြောင့် ဗိုလ်တထောင် မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်အေးအေးခိုင်တို့လို လမ်းဘေးထမင်းဆိုင်နဲ့ ရပ်တည်သူတွေဟာ တရားဝင်သတ်မှတ်ဈေးအတိုင်းရောင်းချတဲ့ဆိုင်တွေကို လိုက်ရှာပြီး တန်းစီစနစ်နဲ့ ဝယ်ဖို့ ကြိုးစားလာကြရပါတယ်။

"စားဆီပြဿနာကတော့ အပြင်မှာလည်းဝယ်လို့မရတဲ့အတွက် ပေးနေတဲ့နေရာ လေးတွေမှာ တစ်နေ့ကို ၅၀ သားတစ်ဘူး၊ တစ်ဆိုင်ကို ငါးဆယ်သားရ၊ အဲလို တစ်ပိသာလောက်လေး လိုက်တိုးပြီးတော့ မကြီးတို့ ချက်ပြုတ်ရောင်းနေရတာပေါ့။ ဈေးဆိုင်လေးကို ပစ်ပြီးတော့ ဆီလေးတစ်ပိသာလောက်ရဖို့ လူတောထဲမှာသွားတိုး၊ ပြီးတော့ မကြီးတို့ ထမင်းဟင်းချက်ရောင်းရတယ်။ အပြင်မှာ တစ်သောင်းကျော်လည်း မကြီးတို့ဝယ်ပြီး ချက်ပြုတ်မရောင်းနိုင်ဘူး"

ဒေါ်အေးအေးခိုင်တို့မိသားစုဟာ ဧရာဝတီတိုင်းကနေ ရန်ကုန်မြို့မှာအခြေချပြီး ထမင်းဆိုင်နဲ့ ရပ်တည်နေတာ ဆယ်စုနှစ်တစ်စုခန့် ရှိခဲ့ပါပြီ။ သူတို့ထမင်းဆိုင်ကို သိမ်ဖြူလမ်းသွယ်မှာရှိတဲ့ ဝန်ထမ်းတွေကို အမှီပြုဖွင့်ထားတာဖြစ်ပြီး ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်လာတဲ့နောက် ဆိုင်ကဝယ်မစားနိုင်တဲ့သူ များလာတာကြောင့် ထမင်းဆိုင်ကို ပိတ်ထားခဲ့ရတာ တစ်လကျော်ရှိခဲ့ပါပြီ။ အခုတော့ စားအုန်းဆီကို တန်းစီစနစ်နဲ့ ဝယ်ရင်း ထမင်းဆိုင် ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေရတယ်လို့ ဒေါ်အေးအေးခိုင်က ပြောပါတယ်။

အလားတူ သိမ်ဖြူလမ်းသွယ်မှာ ၁၈ နှစ်လောက် ထမင်းဆိုင်နဲ့ရပ်တည်လာတဲ့ ဒေါ်နီလာကလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့အတူ ရောင်းအားကျဆင်းမှုနဲ့ပါ ကြုံနေရသူပါ။ ဒါကြောင့် ထမင်းဆိုင် ဆက်လက်လည်ပတ်နိုင်ဖို့ သတ်မှတ်ဈေးအတိုင်း တန်းစီစနစ်နဲ့ ရောင်းချပေးနေတဲ့ ဆီဆိုင်တွေကို အားကိုးနေရတယ်လို့ ဒေါ်နီလာက ပြောပါတယ်။

"ဆီကတော့ အခက်အခဲရှိတာပေါ့။ ဆိုင်တွေမှာက ဝယ်လို့မရတော့ဘူးလေ။ ဝယ်လို့မရတော့ ပဲဆီနဲ့လည်း အဆင်မပြေဘူးလေ။ အဲတော့ ကားလေးတွေမှာ ပေးတဲ့ဟာကိုပဲ လိုက်တိုးပြီးတော့ ဈေးထဲမှာပေးတဲ့ဟာကိုပဲ လိုက်တိုးပြီးတော့ မကြီးတို့ရအောင်ပဲ လုပ်စားနေရတယ်ပေါ့။ အဲလိုမှ လုပ်မစားရင်လည်း မကြီးတို့ အကုန် ငတ်ကုန်ကြမှာပဲလေ။ မိသားစုလိုက် တစ်ပြုံကြီး ငတ်ကုန်ကြမှာ။ အဲတော့ အငတ်မခံနိုင်တော့ ဖြစ်အောင်ပဲလုပ်နေကြတာပေါ့။ အမြတ်ကတော့ ဘာမှမကျန်ဘူး"

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၂၈ လမ်းတွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် ၂၈ လမ်းတွင် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်ကောင်စီကတော့ စားအုန်းဆီကို တရားဝင်သတ်မှတ်ဈေးအတိုင်းရောင်းချဖို့နဲ့ မလိုက်နာရင် အရေးယူမယ်လို့ ပြောဆိုထားတာကြောင့် ဆီဆိုင်ကြီးတွေလောက်ပဲ နှစ်ရာခိုင်နှုန်းလောက် အမြတ်ယူပြီး ရောင်းချ နေကြရတာလို့ ဆီကုန်သည်တွေက ပြောပါတယ်။ စစ်ကောင်စီကတော့ စားသုံးဆီနဲ့ပတ်သက်လို့ ပြည်တွင်းမှာ ဖြစ်သင့် ဖြစ်ထိုက်တဲ့ဈေးနှုန်းတွေ ဖြစ်ပေါ်လာစေဖို့ ထိန်းကျောင်းဆောင်ရွက်နေတာလို့ စက်တင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်ပြောဆိုထားပါတယ်။

ထမင်းဆိုင်အတွက် စားအုန်းဆီရဖို့ တန်းစီပေးနေရတဲ့ ဒေါ်အေးအေးခိုင်ရဲ့ ခင်ပွန်း ဦးမျိုးအောင်ကတော့ ဆီဆိုင်ကြီးတွေမှာသာမကဘဲ နေရာတိုင်းမှာ သတ်မှတ်ဈေးအတိုင်း ဝယ်လို့ရနိုင်တဲ့ အခြေအနေတစ်ရပ် ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

"သတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ပေါ့၊ ဒီဆိုင်တွေမှာပဲ ဈေးနှုန်းသက်တောင့်သက်သာနဲ့ ပြန်ရောင်းပေးမယ်ဆိုရင် ကျွန်တော်တို့တွေ တန်းစီစရာ မလိုတော့ပါဘူး။ ပုံမှန်ဈေးနဲ့ဆိုရင် ပြီးပြီပေါ့။ ကျွန်တော်တို့လည်း အလုပ်မရှုပ်တော့ဘူး။ သူတို့လည်း အလုပ်မရှုပ်တော့ဘူးပေါ့။ တန်းစီတဲ့အခါကျတော့ သွားတန်းစီရတာ၊ အချိန်ပေးရတာ တစ်နေကုန်လည်း ကုန်ချင်ကုန်တယ်။ တစ်မနက်လည်း ကုန်ချင်ကုန်တယ်"

လက်ရှိမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုရဲ့ ဆိုးရွားတဲ့ဒဏ်ကို လူတိုင်းကြုံနေကြရတာ ဖြစ်တဲ့အတွက် သက်ဆိုင်သူတွေက ကုန်ဈေးနှုန်းကျဆင်းအောင်လုပ်ပေးဖို့ကိုပဲ ပြောချင်တယ်လို့ ဒေါ်အေးအေးခိုင်က ဆက်ပြောပါတယ်။

"ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဘာပဲဖြစ်ဖြစ် အကုန်လုံး ကုန်ဈေးနှုန်းကြီးကို ကျစေချင်တယ်။ ဒါမှလည်း မငတ်တော့မှာလေ"

"ကုန်ဈေးနှုန်းကြီးကို အမြန်ဆုံးကျစေချင်ပါတယ်ပေါ့။ မကြီးတို့ဆန္ဒကတော့ အဲဒီလိုမျိုး ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဘာပဲဖြစ်ဖြစ် အကုန်လုံး ကုန်ဈေးနှုန်းကြီးကို ကျစေချင်တယ်။ ဒါမှလည်း မငတ်တော့မှာလေ။ အကုန်လုံး ရှာလို့ဖွေလို့လည်း အဆင်ပြေမယ်။ စားလို့သောက်လို့လည်း အကုန်အဆင်ပြေမယ်ပေါ့။ ခုနစ်ရက် သားသမီး အကုန်လုံး"

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပြည်ပကနေ စားအုန်းဆီတန်ချိန် ၃ ဒဿမ ၁ သိန်းကျော် တင်သွင်းခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ တန်ချိန် ၂ ဒဿ ၃ သိန်းကျော် တင်သွင်းခဲ့တယ် လို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ စားအုန်းဆီတန်ချိန် ဘယ်လောက် တင်သွင်း ထားတယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။