စက္ကူဖြတ်ညှပ်ကပ်အနုပညာ အခမဲ့သင်ပေးနေတဲ့ လူငယ်အနုပညာရှင် ကိုအာဒံ

RFA Burmese
2023.09.18
စက္ကူဖြတ်ညှပ်ကပ်အနုပညာ အခမဲ့သင်ပေးနေတဲ့ လူငယ်အနုပညာရှင် ကိုအာဒံ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အခန်းကျဉ်းထဲတွင် Paper Cut Art များ ရေးဆွဲ၊ သင်ကြားပေးနေသည့် ကိုအာဒံအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ တွေ့ရစဉ်။
Photo: RFA

ပန်းချီဆေးတွေ စုတ်တံတွေမပါဘဲ ရောင်စုံစက္ကူတွေကို ဓားနဲ့ဖြတ်ပြီး ပန်းချီကားတွေ ဖန်တီးနေတဲ့ သူကတော့ အသက် ၂၅ နှစ်အရွယ် ကိုအာဒံ ဖြစ်ပါတယ်။ ဒီပညာရပ်ကို Paper Cut Art (စက္ကူဖြတ် ညှပ်ကပ်အနုပညာ) လို့ ခေါ်ပါတယ်။

ကိုအာဒံက သူတတ်ထားတဲ့ ပညာရပ်တွေကိုလည်း အခမဲ့ပြန်သင်ပေးနေတဲ့သူပါ။ မြန်မာနိုင်ငံမှာ ဒီလိုဖန်တီးမှုကို ၂၀၁၉ ခုနှစ်နောက်ပိုင်းလောက်မှာ လူငယ်တွေ စိတ်ဝင်စားလာကြတယ်လို့ သူက ပြောပြပါတယ်။

"အလွှာထပ်တာက အဲမှာ ခြောက်လွှာ၊ ခုနစ်လွှာ အဲလိုမျိုးတွေထပ်တာ တော်တော်သဘောကျတယ်"

ဒါကြောင့် ကိုအာဒံက သူနဲ့ စိတ်တူကိုယ်တူမိတ်ဆွေတွေ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ်လောက်ကစလို့ Paper Cut Art အကြောင်း လူငယ်၊ လူလတ် အယောက် ၃၀၀ နီးပါးလောက်ကို ပညာအခမဲ့ ပြန်မျှဝေပေးခဲ့တယ်လို့ ပြောပါတယ်။

“အနောက်နိုင်ငံတွေမှာ Paper Cut Art ကို လုပ်တဲ့သူများတယ်ဗျ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာက လက်ချိုးရေလို့ရတယ်။ ငါးချောင်း မပြည့်ဘူး။ သေချာကို စနစ်တကျ တစိုက်မတ်မတ်လုပ်တဲ့သူဆိုရင် လက်ငါးချောင်း မပြည့်ဘူး။ အဲလိုအနေအထားမျိုးမှာ ကျွန်တော့် အနေအထားမျိုးနဲ့ ဘယ်လိုဖြစ်လဲ ဆိုတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်ဗျ။ ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တယ်။ သူတို့ကြားကိုလည်း ငွေကြေးနဲ့ တစ်မျိုး၊ ပညာဒါနနဲ့ တစ်မျိုး ကျွန်တော် အိတ်စိုက်ပြီးတော့ကို ပညာဒါနတွေ လိုက်ပြီးတော့ လုပ်ပေးတယ်”

ကိုအာဒံက ဧရာဝတီတိုင်း၊ မြောင်းမြမြို့ ဇာတိသားပါ။ ၂၀၁၅ ခုနှစ်မှာ ရန်ကုန်ပညာရေး တက္ကသိုလ်မှာ တက်နေရင်း ပန်းချီပညာကို စိတ်ဝင်စားခဲ့ပြီး ၂၀၁၇ ခုနှစ်လောက်မှာ ပန်းချီဆရာ ဘိုကလေးဌေးလွင် ဆီမှာ ခဲပန်းချီသင်ခဲ့သလို အွန်လိုင်းကနေလည်း လေ့လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျောင်းတွင်းပြပွဲတွေကို သူကိုယ်တိုင် ဦးဆောင်လုပ်နိုင်တဲ့အထိ ပန်းချီပညာတိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ်မှာ ကိုဗစ်ကြောင့် နောက်ဆုံးနှစ်နဲ့ ကျောင်းနားခဲ့ရပြီးနောက် ပန်းချီနဲ့ Paper Cut Art ကိုပဲ တစိုက်မတ်မတ်လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတော့ ရန်ကုန်၊ လှိုင်မြို့နယ်ထဲက ငှားထားတဲ့တိုက်ခန်းကျဉ်းထဲမှာ နိုင်ငံရဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ အဆိုတော်တွေရဲ့ပုံတူ၊ ထင်ရှားတဲ့နေရာတွေနဲ့ စိတ်ကူးထဲကအတွေးတွေကို စက္ကူချပ်နဲ့ အနုပညာအဖြစ် ဖန်တီးတဲ့သူဖြစ်နေပါပြီ။

ကိုအာဒံရဲ့ ပညာမျှဝေပေးမှုဟာ လူငယ်တွေအတွက် အကျိုးဖြစ်စေတယ်လို့ စက်ရုံအလုပ်လုပ်ရင်း တစ်ဖက်ကပန်းချီပညာလေ့လာနေတဲ့ အသက် ၂၂ နှစ်အရွယ် ကိုကျော်စိုးသူက ပြောပါတယ်။

“ဆရာအာဒံတို့ကျတော့ ကိုယ်တတ်ထားတဲ့ပညာကို ကိုယ့်အတွက်ကို မကြည့်ဘူး။ အများအတွက် သူက အများကောင်းကျိုးအတွက်လုပ်တယ်။ သူက ကိုယ့်တတ်ထားတဲ့ ပညာကို လုံးဝပြန်မျှဝေတယ်။ အဲလိုမျိုးဆရာတွေ များများဖြစ်ထွန်းသင့်ပါတယ်။ များများရှိသင့်တယ်ပေါ့။ အဲဒါမှာ ပန်းချီပညာကို လေ့လာဖို့ မတတ်နိုင်တဲ့ ကလေးလေးတွေ၊ တချို့တွေကျတော့ ငွေကြေးမတတ်နိုင်ဘူး။ အဲလိုကလေးတွေ အတွက်ကျတော့ လုံးဝ ပန်းချီပညာ များများလေ့လာရတာပေါ့။ အဆင်ပြေတာပေါ့”

သူလက်ရှိဖန်တီးနေတဲ့ နည်းပညာကို ကိုအာဒံက အခုလို ပြောပြပါတယ်။

“လေးထောင့် စကွဲပေါ့။ ကျွန်တော်တို့ အကွက်ကလေးတွေနဲ့ လုပ်တဲ့အထဲမှာဆိုလို့ရှိရင် ကျွန်တော် လုပ်ခဲ့တဲ့ နောက်ဆုံး ဦးငှက်ပုံပေါ့။ ဦးငှက်ပုံ။ အဓိကတော့ Paper Cut Art ရဲ့ သဘောတရားက အလွှာလေးတစ်ခု၊ အစိတ်အပိုင်းလေးတစ်ခု ကိုင်လိုက်တာနဲ့ကို ပုံပေါ်တယ်ဗျ။ ဒီဦးငှက်ပုံက။ အိုခေ ဒီပုံမှာဆိုလို့ချင်ရင် ဘယ်လိုလဲ ဆိုတော့ အရင်ဆုံး စာရွက်မှာ အဓိက ပုံဆွဲတယ်။ Line Pen နဲ့ပေါ့နော်။ ပုံဆွဲတယ် ဦးငှက်ပုံ ပေါ်အောင်။ အကွက်ကလေးတွေ၊ အစိတ်အကျဲလေးတွေကအစ ပုံဆွဲတယ်။ ဒီအထဲ တချို့မလိုအပ်တဲ့ ဟာလေးတွေ ပြန်ပြီးဖြတ်တောက်တယ်ပေါ့။ အဲဒါကိုမှ ကျွန်တော်တို့ ဒီကောင့်ကို ပရင့်နဲ့ စခရင်ဖတ်တယ်ပေါ့။ စခရင်ဖတ်ပြီးတော့မှ ပုံကြီးချဲ့ပြီးတော့ အဓိက Paper Cut Art လုပ်တာပေါ့နော်”

သူက ၂၀၂၂ ခုနှစ်ကစလို့ ပြပွဲပြုလုပ်ခဲ့တာ ၅ ကြိမ်ထိရှိခဲ့ပါပြီ။ သူဖန်တီးထားတဲ့ ပန်းချီတစ်ကားဆိုရင် အနည်းဆုံး ကျပ်တစ်သိန်းကနေ ကျပ်ခြောက်သိန်းအထက်ထိ တန်ကြေးရှိနေပါတယ်။

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အခန်းကျဉ်းထဲတွင် Paper Cut Art များ ရေးဆွဲ၊ သင်ကြားပေးနေသည့် ကိုအာဒံအား  ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ အခန်းကျဉ်းထဲတွင် Paper Cut Art များ ရေးဆွဲ၊ သင်ကြားပေးနေသည့် ကိုအာဒံအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့ တွေ့ရစဉ်။ (Photo: RFA)

ကိုအာဒံဆီမှာပညာဆည်းပူးနေတဲ့ အသက် ၂၁ နှစ်အရွယ် မဇင်လှိုင်နှင်း ကတော့ အလွှာထပ်ပြီး ဖန်တီးထားတဲ့ ကိုအာဒံရဲ့ Paper Cut Art တွေကို ပိုပြီး သဘောကျမိတယ်လို့ ပြောပါတယ်။

“ဆရာအာဒံရဲ့ ဖန်တီးမှုပြောရမယ်ဆိုရင် သူ့ရဲ့ ညီမသဘောအကျဆုံးက အလွှာထပ် တာပဲ။ အလွှာထပ်တာက အဲမှာ ခြောက်လွှာ၊ ခုနစ်လွှာ အဲလိုမျိုးတွေထပ်တာ တော်တော်သဘောကျတယ်။ ပြီးရင်သူက ဟို အမှောင်ကနေ အလင်းကိုသွားတယ်။ အလင်းကနေ မှောင်သွားတယ်။ အဲမှာမှ အရောင်ကို တစ်ရောင်တည်း မသုံးဘူး သူက။ အရောင်တွေ ကစားသွားတယ်။ အဲဒါလေးလည်း တော်တော်မိုက်တယ်”

ကိုအာဒံကတော့ ငွေကြေးရဖို့ထက် ဒီအနုပညာရပ်ကို လူငယ်တွေကြား ပြန့်ပွားအောင် လုပ်ပေးချင်သလို နိုင်ငံတကာက ပညာရှင်တွေနဲ့လည်း ချိတ်ဆက်လေ့လာသွားနိုင်ဖို့အထိ စဉ်းစားထားတယ်လို့ ပြောပါတယ်။

“လက်ရှိကတော့ ပြည်တွင်းထဲမှာကိုပဲ ကျယ်ကျယ်ပြန့်ပြန့်ပေါ့ သိအောင် အများကြီး လုပ်ဖို့ပဲ စိတ်ကူးရှိတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီဟာကို အများကြီးသိပြီး ကျယ်ပြန့်လာမှ ကျွန်တော်တို့ အချင်းချင်း တိုင်ပင်ပြီးတော့ တစ်ဆင့်အနေအထား တစ်ခုထိကို ရောက်သွားမယ်။ ရောက်သွားတဲ့ အနေအထားမှာမှ တခြား စလုံး (စင်ကာပူ) တို့၊ ဘန်ကောက်တို့၊ တခြား UK အဲဘက်တွေမှာရှိတဲ့ အချင်းချင်း ကျွန်တော်မျှဝေရင်းနဲ့ အနုပညာရှင်တွေရှိလို့ချင်ရင် အချင်းချင်းချိတ်ဆက်မယ်ပေါ့။ အဲလိုပုံစံမျိုးနဲ့သွားဖို့ ကျွန်တော်စဉ်းစားထားတယ်ဗျ”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။