ကျပ်တည်းတဲ့ခေတ်နဲ့အတူ ခက်ခဲလာတဲ့ ပုသိမ်ထီးလုပ်ငန်း

RFA Burmese
2023.08.31
ကျပ်တည်းတဲ့ခေတ်နဲ့အတူ ခက်ခဲလာတဲ့ ပုသိမ်ထီးလုပ်ငန်း ပုသိမ်မြို့ မြတ်ကျောင်းတော် ပုသိမ်ထီးလုပ်ငန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။
RFA

မြန်မာ့ထွက်ကုန်တွေထဲမှာ ပုသိမ်ထီးကလည်း ထင်ရှားတဲ့ပစ္စည်း ဖြစ်ပါတယ်။ ဝါးနဲ့လုပ်ပြီး ဆေးရောင်စုံနဲ့ လှပတဲ့ ရိုးရာပုသိမ်ထီးကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော် ကတည်းကစပြီး ထုတ်လုပ်ခဲ့လို့ ဒေသခံတွေအတွက် စီးပွားရေးအခွင့်အလမ်း တွေ ရခဲ့ပါတယ်။

ပုသိမ်မြို့ တောရကျောင်းလမ်းရပ်ကွက်မှာနေတဲ့ အသက် (၅၀) ကျော်အရွယ် ဦးအောင်ဝင်း ဟာ မြန်မာပြည် အလယ်ပိုင်း မကွေးမြို့ကနေ အောက်ပြည် ပုသိမ်မြို့ကို အသက် ၂၀ ကျော် အရွယ်ကတည်းက ပြောင်းလာခဲ့တဲ့သူပါ။

"နောက်ပိုင်းက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားမယ်လို့တော့ ကျွန်တော် ထင်တယ်။ အခုလည်း ကျွန်တော်တို့လုပ်ငန်းတွေက ဆုတ်ယုတ်လာပါပြီ"

သူတို့ဇနီးမောင်နှံက ပုသိမ်ထီးလုပ်နည်းကို အလုပ်သမားဘဝနဲ့ (၂) နှစ် ပညာသင်ခဲ့ ပြီးတဲ့နောက်မှာတော့ မြတ်ကျောင်းတော်ဆိုတဲ့ ကိုယ်ပိုင်လုပ်ငန်းကို ၁၉၉၇ ခုနှစ်မှာ စခဲ့ပါတယ်။ သူတို့ရဲ့ ပုသိမ်ထီးလုပ်ငန်း အောင်မြင်ခဲ့တဲ့အတွက် သမီးကိုလည်း ဆရာဝန်တစ်ယောက် ဖြစ်တဲ့အထိ ပညာသင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ကိုဗစ်နိုင်တင်းကမ္ဘာ့ကပ်ရောဂါကြောင့် ဦးအောင်ဝင်းတို့ရဲ့ ပုသိမ်ထီးလုပ်ငန်းတွေ စပြီး ရပ်ဆိုင်းသွားပါတယ်။ တစ်ခါ နိုင်ငံရေးမတည်ငြိမ်တာနဲ့ ကုန်စျေးနှုန်း ကြီးမြင့်တာ ကြောင့် ပုသိမ်ထီးလုပ်ငန်းအတွက် ကုန်ကြမ်းစျေးနှုန်းဟာ အရင်ထက်သုံးဆလောက် မြင့်တက်သွားပါတယ်။

ဒါပေမဲ့ စျေးတင်ရောင်းလို့မရဘဲ လုပ်ငန်းတွေ ဆုတ်ယုတ်လာတယ်လို့ ဦးအောင်ဝင်းက ပြောပါတယ်။

''နဂိုက လေးထောင်နဲ့ရောင်းတဲ့ ပစ္စည်းတွေ အခု ငါးထောင်ကျော်ကျော်လောက်နဲ့ ရောင်းနေရတယ်ဆိုရင် ကျွန်တော်တို့က သိပ်ပြီး အဆင်မပြေတော့ဘူး။ အကုန်လုံး လည်း အဆင်မပြေကြတော့ဘူး။ အရောင်းအဝယ်တွေ ပွင့်လင်းလာမယ့်အချိန်ပေါ့။ ကုန်စျေးနှုန်း တည်ငြိမ်သွားမယ့်အချိန် အဲလိုမျိုးမှ အဆင်ပြေတော့မှာ။ နောက်ပိုင်းက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားမယ်လို့တော့ ကျွန်တော် ထင်တယ်။ အခုလည်း ကျွန်တော်တို့လုပ်ငန်းတွေက ဆုတ်ယုတ်လာပါပြီ"

ပုသိမ်မြို့ မြတ်ကျောင်းတော်ပုသိမ်ထီးလုပ်ငန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုသိမ်မြို့ မြတ်ကျောင်းတော်ပုသိမ်ထီးလုပ်ငန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အခုနောက်ပိုင်းမှာတော့ ပုသိမ်မြို့က လူငယ်တွေဟာ ပုသိမ်ထီးလုပ်ငန်းတွေမှာ လုပ်တာ ထက် ဝင်ငွေ အဆင်ပြေတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်တာများလာကြပါတယ်။ ဒါပေမဲ့ ဦးအောင်ဝင်း ရဲ့ တူမ မသူသူစိုးကတော့ မိဘတွေလက်ထက်က လုပ်လာတဲ့ ရိုးရာပုသိမ်ထီးလုပ်နေရတာကို ဂုဏ်ယူပြီး၊ လုပ်ငန်းကို အမွေဆက်ခံမယ်လို့ ပြောပါတယ်။

''ပုသိမ်မှာလည်း မွေးတယ်။ ဒီမြန်မာ့ရိုးရာ ပုသိမ်ထီးလုပ်ငန်းကိုလည်း အမွေဆက်ခံရသူ တစ်ယောက် အနေနဲ့တော့ မကြီးတို့ ကျေနပ်တယ်။ ဂုဏ်ယူတယ်ကွာ။ မကြီးတို့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုအနေနဲ့ ချစ်မြတ်နိုးတယ်။ အဲဒီအတွက် မကြီး တို့က ဒီထက်ကောင်းသထက် ကောင်းအောင် ဒီလုပ်ငန်းကို မပျောက်ပျက်အောင် ထိန်းသိမ်းပြီးတော့ ဆက်လုပ်သွားမယ်ပေါ့နော်"

အသက် ၁၇ နှစ်သားကနေ အခု အသက် ၅၀ အထိ ထီးလုပ်နေတဲ့ ဦးကျော်ဆန်း ကလည်း ဦးအောင်ဝင်းရဲ့ မြတ်ကျောင်းတော်လုပ်ငန်းမှာလုပ်နေတာ အနှစ် (၂၀) ကျော်ပါပြီ။ 

"ပုသိမ်ကရှိတဲ့ နောက်မျိုးဆက်လူငယ်တွေ ပုသိမ်ထီးကို စိတ်ပါဝင်စားစွာနဲ့ လက်မှု ပညာတစ်ခု တတ်ထားစေချင်တာတော့ ခံယူမိတယ်။ နောက်တစ်ခုက ဒါက ကျွန်တော်တို့ဗမာပြည်ရဲ့ ပုသိမ်မြို့ရဲ့ ဂုဏ်ဆောင်လုပ်ငန်းလေ။ ပုသိမ်ထီးက ပုသိမ်မြို့မှာပဲ စပြီးထွက်လာတာ။ ပုသိမ်မြို့တောင်မှ တောရကျောင်း ရပ်ကွက်တစ်ရပ်ကွက်တည်းပဲ လှိုင်လှိုင်လုပ်တော့တာ။ လုပ်တော့တာဆိုတာ ဒီတောရကျောင်း ရပ်ကွက်တစ်ကွက်တည်းမှာပဲ ကွက်ကွက်ကွင်းကွင်းလေးမှာပဲ ရှိနေတဲ့လုပ်ငန်း ပျောက်ပြယ်သွားမှာတော့ စိုးရိမ်တယ်"

ပုသိမ်မြို့ မြတ်ကျောင်းတော် ပုသိမ်ထီးလုပ်ငန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ပုသိမ်မြို့ မြတ်ကျောင်းတော် ပုသိမ်ထီးလုပ်ငန်းအား ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပုသိမ်ထီးလုပ်တဲ့သူတွေနည်းလာသလို၊ ရှိနေတဲ့ထီးလုပ်တဲ့သူတွေထဲမှာလည်း ရဟန်းဆောင်းထီး လုပ်တဲ့သူ အတော်ရှားလာနေပါတယ်။ သံဃာတော် ဦးသြဒါတသိရီကတာ့ ရှေးဆရာတော်ကြီးတွေ အစဉ်အဆက်သုံးခဲ့ကြတဲ့ ရဟန်း ဆောင်းထီးကို တကာ၊ တကာမတွေအနေနဲ့ ကပ်လှူတာဟာ ရိုးရာအစဉ်အလာ ထိန်းသိမ်းရာ ရောက်သလို သုံးတဲ့ သံဃာတွေအတွက်လည်း ပိုပြီးကြည်ညိုဖွယ် ဖြစ်စေတယ်လို့ မိန့်ပါတယ်။

"တကာ၊ တကာမတွေကလည်း ဒီရိုးရာထီးကို ဦးပဉ္စင်းတွေကို ဝယ်ပြီးကပ်လှူရ ခြင်းအားဖြင့် ဦးပဉ္စင်းတို့ အတွက်လည်း သမ္မတသာရူပ ပိုပြီးတော့ဖြစ်တယ်လို့ ခံစားရတယ်။ ရိုးရာထီးတွေနဲ့ ဆွမ်းခံကြွမယ် ဆိုရင်လည်း မြင်ရတဲ့သူတွေရဲ့ စိတ်ထဲမှာပေါ့ ပိုပြီးအဆင်ပြေမယ်ပေါ့။ ပိုပြီးတော့ ဒကာကြီးရယ် သမ္မတသာရူပ ဖြစ်မယ်ပေါ့။ ကြည်ညိုဖွယ်ကို ဆောင်မယ်လို့ ဦးပဉ္စင်းတို့က ထင်တယ်"

အသက် (၂၅) နှစ်အရွယ် မမေသန်းစိုးကတော့ နေအိမ်မှာပဲ ပုသိမ်ထီးကို လက်ခစားအဖြစ် လုပ်ခဲ့တာ ဆယ်နှစ်ကျော်နေပါပြီ။ မိုးရာသီမှာတော့ ထီးလုပ်ငန်း တစ်နိုင်တစ်ပိုင် လုပ်တဲ့ သူတွေ ရပ်နားထားရတာ များပြီး၊ လုပ်ငန်းကြီးသမားတွေပဲ လုပ်နိုင်တော့တယ်လို့ ပြောပြပါတယ်။

"မိုးတွင်းဘက်ဆိုရင်တော့ တစ်ပိုင်တစ်နိုင်က ရပ်ထားတာများတယ်။ ရုံကြီးတွေက လုပ်နိုင်တယ်။ ရုံကြီး တွေဆိုတာက အန်တီခင်ဆွေဦးတို့လို တွေ့ပါတယ် ကိုကြီးလာတာ တောက်လျှောက် အဲလို ရုံကြီးတွေ ရှိတယ်။ အဲဒီလိုရုံက များသောအားဖြင့်လုပ်တယ်။ အကြီးကြီးတွေ။ ဒီရပ်ကွက်ထဲမှာ တစ်ပိုင်တစ်နိုင်လုပ် တာတွေရှိတယ်။ ဒါပေမဲ့ အဲဒါတွေကျတော့ မိုးတွင်းကျရင် နည်းနည်းရပ်ထားရတယ် ကိုကြီးရဲ့။ ဘာလို့လဲ ဆိုတော့ ဒီထီးလက်တို့၊ ဘာတို့ အခက်အခဲ ရှိတာပေါ့။ နွေထဲက လှောင်ရတယ်လေ။ လှောင်ကုန် လုပ်ရတယ်။ သွေ့မှလည်း သူက ယူကြတာ။ မှိုတွေ ဘာတွေတက်ရင် လက်မခံဘူးလေ"

ပုသိမ်ထီးတစ်လက်ဖြစ်ဖို့အတွက် ဝါးခွဲပြီး ထီးကိုင်းလုပ်တာကနေ အချောထည်ဖြစ်ဖို့ အဆင့် ၄၀ ကျော်လောက် လုပ်ကိုင်ရပါတယ်။

အရင်က ရဟန်းဆောင်းထီးနဲ့ လုပ်ငန်းစခဲ့တဲ့ ဦးအောင်ဝင်းဟာ အခုဆိုရင် နိုင်ငံခြားသား တွေကြိုက်တဲ့ ဒီဇိုင်းတွေနဲ့ အလှဆောင်းထီး ဒီဇိုင်း ၁၃ မျိုးလောက်အထိ ပြောင်းလဲလုပ် ကိုင်နေတာပါ။

ဒါပေမဲ့ ကျွမ်းကျင်လုပ်သားရှားပါးလာပြီး ကုန်ကြမ်းစျေးကြီးတာတွေကြောင့် နိုင်ငံခြားက နေမှာတဲ့ သူတွေရှိရင်တောင် အရင်လို မလုပ်နိုင်တော့ဘူးလို့ ဦးအောင်ဝင်းက ပြောပါ တယ်။

"ဒီလုပ်ငန်းကြီး ဖွံ့ဖြိုးနေတယ်ဆိုလို့ရှိရင် အလုပ်သမားကိုပြန်ကြည့်ပြီး ကျွန်တော်တို့က တွဲသွားလို့ရ တယ်။ အခု မဖွံ့ဖြိုးတဲ့အတွက်ကြောင့် တဖြည်းဖြည်းနဲ့ ဆုတ်ဆုတ်လာ တယ်။ ကျွန်တော်တို့ လင်မယား နှစ်ယောက်လုံးက ဒါပဲလုပ်တာ။ ရသရွေ့ ကျွန်တော်က လုပ်သွားမှာ။ တစ်လက်ရရ၊ တစ်ယောက်ရရ ဒီလိုမျိုးနဲ့ ကျွန်တော်က လုပ်သွားမှာ။ လုံးဝဖြုတ်တာတော့ မလုပ်ပါဘူး။ ဒါပေမဲ့ တိုးတက်လာတာနဲ့ ဆုတ်ယုတ်လာတာပဲ ကွာမှာ"

အခုဆိုရင် ပုသိမ်ထီးလုပ်တဲ့သူ အရင်ထက်နည်းလာပြီး၊ လုပ်ငန်းကြီးသမား သုံးဦးလောက် ပဲ ကျန်ပါတော့တယ်။ တချို့လုပ်ငန်းကြီးသမားတွေဟာ ပုသိမ်ထီးလုပ်ငန်းကိုစွန့်ပြီး တခြား စီးပွားရေး ပြောင်းလုပ်ကြတဲ့သူတွေလည်း ရှိလာပါတယ်။

ရိုးရာ ပုသိမ်ထီးလုပ်ငန်း မပျောက်ကွယ်ဖို့အတွက် ဒေသခံ ပုသိမ်ထီးလုပ်ငန်းလုပ်ကိုင် သူတွေနဲ့ ဦးအောင်ဝင်း တို့လို ပုသိမ်ထီးလုပ်ငန်းနဲ့ အသက်မွေးသူတွေက ကြိုးစားနေပေ မယ့် နောက်မျိုးဆက်တွေကတော့ စိတ်ဝင်စားမှု နည်းပါးလာနေဆဲ ဖြစ်ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။