ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆရာဝန်တစ်ဦး

2022.03.10
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆရာဝန်တစ်ဦး PDF တပ်ဖွဲ့ဝင်တစ်ဦးကို ဆေးကုသပေးနေသည့် ဒေါက်တာဖီးနစ်။
Photo:RFA

"PDF ဖြစ်ဖို့ဆိုတာ မလွယ်လှဘူးပေါ့နော်။ သူတို့ရဲ့ခံယူချက်နဲ့ သူတို့ရဲ့ စိတ်ဆုံးဖြတ်ချက် ပြတ်သားမှုတွေကြောင့်သာ PDF ဆိုတာဖြစ်လာတာ။ အဲဒီတော့ ဖြစ်လာခဲ့တဲ့ PDF တစ်ယောက်ရဲ့ အသက်တစ်ခုဆိုတာ အရမ်းတန်ဖိုးကြီးတယ်။ ထိုအတွက်ကြောင့်မို့လို့ PDF ရဲဘော်တွေ တတ်နိုင်သမျှ အသက်မဆုံးရှုံးရအောင် သူတို့ရဲ့ အခြေခံကျန်းမာရေးကအစ ကြီးမားလှတဲ့ ရောဂါ၊ ထိခိုက်ဒဏ်ရာတွေအထိ ကျွန်တော့် အနေနဲ့ ကူညီ ကယ်ဆယ်ပေးဖို့အတွက် ကျွန်တော် တော်လှန်ရေးထဲမှာ ပါဝင်ဖြစ်ခဲ့ပါတယ်"

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခြေပြုရာဒေသမှာရှိတဲ့ ဆေးကုသဆောင်မှာ ဒေါက်တာ ဖီးနစ်ရှိနေပါတယ်။ ဒေသခံတွေရဲ့ကျန်းမာရေးကိစ္စတွေအတွက် အားကိုးအားထားပြုရတဲ့ ပြည်သူ့ဆရာဝန်လေးဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း ဖြစ်နေပါတယ်။

"ကျွန်တော်အရင်ဖွင့်ခဲ့တဲ့ ဆေးခန်းလေးကတော့ ကျွန်တော့ရဲ့ နယ်မှာဆိုတော့ အရမ်းအောင်မြင်ခဲ့တယ်ပေါ့နော်။ ကျွန်တော့အတွက်က… ပိုက်ဆံက နံပါတ်တစ် မဟုတ်ဘူး။ သူတို့ရဲ့ရောဂါပျောက်ကင်းသွားတဲ့ အချိန်မှာ သူတို့ရဲ့မျက်နှာမှာအားကိုးတဲ့ အကြည့်တွေနဲ့ ကျွန်တော့်ကိုကြည့်တဲ့ ပီတိသာလျှင်ကျွန်တော်မက်ခဲ့တာပေါ့။ လူနာတွေက အချိန်မရွေး ညဆိုရင်လည်း ညသန်းခေါင် ညမို့လို့ အိမ်ပင့်တယ် ဘယ်လောက်ပဲဝေးပါစေ ကျွန်တော်လိုက်ပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက်က ဆရာဝန်တစ်ယောက် ဖြစ်တဲ့အခါကျတော့ လူနာတွေရဲ့အသက်ဆိုတာ အချိန်နဲ့အမျှ အရေးကြီးတယ်။ ဒီအတွက်ကြောင့်မို့လို့ ကျွန်တော်ဖွင့်ခဲ့တဲ့ နယ်တစ်ဝိုက်မှာရှိတဲ့ ရွာတွေအားလုံးက လူနာတော်တော်များများ ကျွန်တော့်အပေါ်ကို မှီခိုကြပါတယ်"

ဒေသခံတွေရဲ့ကျန်းမာရေးအတွက် ဆရာဝန်စိတ် အပြည့်အဝနဲ့ ဆေးကုသပေးခဲ့တဲ့ ဒေါက်တာဖီးနစ်ဟာ စစ်အာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်နဲ့ ဆေးပညာရှင်များရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့်အတူ တော်လှန်ရေးသမားတစ်ယောက်အဖြစ် ကူးပြောင်းရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

"ကျွန်တော်တို့ တော်လှန်ရေးကာလကို စခဲ့တာကတော့ ကျွန်တော်တို့ကျန်းမာရေးလောကက စခဲ့တာပေါ့နော်။ ကျွန်တော်တို့ရဲ့ စီနီယာတွေ၊ ညီအကိုမောင်နှမတွေ၊ ဆရာဝန် ညီအကိုမောင်နှမတွေကနေ စပြီးတော့ စစ်ကောင်စီကို တော်လှန်ခဲ့တယ်၊ CDM ဝင်ခဲ့ကြတယ်။ အဲဒီမှာ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပြီးတော့ ထောင်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ ညီအကိုတွေ ရှိတယ်။ ကျွန်တော်တို့ဆရာဝန်တွေမှာ သန္နိဋ္ဌာန်တွေ ရှိတယ်ပေ့ါနော်။ အဲဒီအထဲမှာ My Colleague will be my brother ဆိုတဲ့ အချက်က ကျွန်တော်ရဲ့ရင်ထဲကို အရမ်းထိတယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော့်ဆေးခန်းလေးကို အပြီးတိုင် ပိတ်သိမ်းပြီးတော့ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်ဖြစ်ခဲ့တယ်"

ဆေးပညာရှင်တွေ CDM လုပ်ပြီး လုပ်ငန်းခွင်ကို စွန့်ခွာခဲ့တာဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှုနဲ့ စစ်ကောင်စီကို အံတုခဲ့ခြင်းသာ ဖြစ်ပြီးတော့ ပြည်သူတွေကို ဆေးကုသပေးဖို့ကို စွန့်ပယ်ခဲ့တာ မဟုတ်ဘူးလို့ ဒေါက်တာဖီးနစ်က ဆိုပါတယ်။

"လုပ်ခဲ့တဲ့ CDM သည် Civil Disobedience Movement ဆိုတဲ့အတိုင်း အာဏာကို ဖီဆန် တော်လှန်ခဲ့တာ။ ကျွန်တော်တို့က လူနာတွေကို မကုပါဘူး မကယ်ဆယ်ပါဘူးဆိုပြီး လုပ်ခဲ့တာမဟုတ်ဘူး။ အဲဒီတော့ကျွန်တော်တို့CDM လုပ်သော်ငြားလည်းပဲ ပြည်သူလူထုတွေရဲ့ ကြားထဲမှာ ကိုယ်တတ်စွမ်းသမျှ ကိုယ် တတ်ကျွမ်းထားတဲ့ပညာနဲ့ ကိုယ်နိုင်သလောက် လူထုကြားထဲကိုဖြန့်ဝေတယ်၊ လက်လှမ်းမှီသလောက် ကျွန်တော်တို့ ကုသမှုပေးခဲ့တယ်ပေါ့နော်"

တော်လှန်ရေးမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာကို မိသားစုကို အသိပေးတဲ့အခါ မိသားစုက လက်ခံသဘောတူခဲ့ပါတယ်။

"တော်လှန်ရေးလုပ်တဲ့အခါမှာ ကျွန်တော့်အတွက်ကတော့ အသက်အန္တရာယ် ဆုံးရှုံးရတဲ့အထိပေါ့နော် ကြုံတွေရတာမျိုးတွေ ဖြစ်လာမှာ၊ ဒီအတွက်ကြောင့်မို့လို့ အမေ ဝမ်းနည်းစရာမရှိဘူး၊ အဖေဝမ်းနည်းစရာ အကြောင်းမရှိဘူး၊ အဲဒီလိုနဲ့ ကျွန်တော့်မိဘတွေကို နှစ်သိမ့်ထားတယ်။ ကျွန်တော်မိဘတွေကလည်း လက်ခံသဘောတူတယ်။ အမေတို့ ထားပေးခဲ့တဲ့ ပညာရပ်တွေနဲ့ လူထုပတ်ဝန်းကျင်မှာ ကောင်းကျိုးလေးတစ်ခုတော့ ဖြစ်အောင်လို့ ကျွန်တော်မိဘတွေက အားပေးခဲ့ပါတယ်"

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခြေချတဲ့ မြို့ရွာတွေမှာ ဒေသခံတွေကို ဆေးကုသပေးနေတဲ့ ဒေါက်တာဖီးနစ်ဟာ စစ်ကောင်စီရဲ့ထိုးစစ်နဲ့ လုံလောက်တဲ့ဆေးဝါးတွေ မရှိတဲ့ အခက်ခဲတွေ ကြုံတွေ့ရတယ်လို့ ပြောပြပါတယ်။

"ကျွန်တော်လုပ်ငန်းကို ဖြောင့်ဖြောင့်တန်းတန်း ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူး သူတို့လာတဲ့အခါမှာ ကျွန်တော်တို့ ရှောင်ရ တိမ်းရတယ်ပြေးရလွှားရတယ်ပေါ့နော်။ အဲဒါက နံပါတ်တစ် အကြီးမားဆုံး ဒုက္ခတစ်ခုပဲပေါ့နော်။ နောက်ထပ်အခက်အခဲက ဆေးဝါးလိုအပ်ချက်ပေါ့။ ဆေးဝါးလိုအပ်ချက်မှာတော့ အများကြီး ရှိတာပေါ့နော်။ ဘယ်လိုမျိုးလဲဆိုတော့ ကိုယ့်လက်ထဲမှာရှိတဲ့ ဆေးတွေ စစ်ကောင်စီက တွေ့တဲ့အချိန်မှာ ဖျက်ဆီးမခံရအောင် ထိန်းသိမ်းရတာမျိုးတွေလည်း ပင်ပန်းတယ်ပေါ့နော်။ ပြောင်းရရွှေ့ရ သယ်ရလွှားရနဲ့။ နောက်တစ်ခုကို ကျွန်တော်ဆီကို ဆေးကုသမှုခံယူဖို့ရောက်ရှိလာတဲ့ လူနာတွေဖြစ်နေတဲ့ရောဂါနဲ့ ကျွန်တော်လက်ထဲမှာ ရှိနေတဲ့ဆေးနဲ့အံဝင်ခွင်ကျ မဖြစ်တာမျိုးတွေ ကြုံတွေ့ရတယ်ပေါ့နော်"

အခုဒေသတွင်းအခြေနေမှာ ဒေသခံပြည်သူတွေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေရပြီး သူတို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တော်လှန်ရေးသမားတွေကတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်း အပြီးသတ်အောင်နိုင် သည်အထိ တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

"သူတို့က မဲမဲမြင်ရာ အပြစ်မဲ့ပြည်သူဆိုတာလည်း နားလည်တာမဟုတ်ဘူး ရွာတွေကို မီးရှို့တယ်။ အသက်ကြီးလား၊ ငယ်လား သူတို့နားမလည်ဘူး။ သက်ကြီးရွယ်အိုတွေလည်း သူတို့ပစ်သတ်ချင်ရင် ပစ်သတ်တယ်။ အပြစ်မဲ့ပြည်သူတွေကို ထင်သလိုလုပ်တယ်။ အဲဒီအတွက် ကျွန်တော်ဘက်က စိုးရိမ်မှုတော့ရှိတယ်။ ကျွန်တော်တို့အတွက်က ကိုယ့်ကိုယ်ကိုတော့ စိုးရိမ်မှုမရှိဘူး။ ဒီတော်လှန်ရေးထဲမှာ ပါဝင်ခဲ့ပြီဆိုကတည်းက ကိုယ့်အသက်ကို ပေးဆပ်ပြီးတော့ ဒီနိုင်ငံတော်အတွက် ပေးနေပြီးသားဖြစ်တယ်။ စစ်ကောင်စီဘက်က ကျွန်တော်တို့အပေါ်မှာ နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေသမျှအရာအားလုံးက ကျွန်တော်တို့အတွက်က ကြောက်လန့်မှုဆိုတာ ဖြစ်မလာဘူးပေါ့နော်။ စိတ်ဓာတ်တွေ ပိုပြီးတော့ခိုင်မာလာတယ် မာကြောလာတယ်။ သူတို့ကို အပြီးတိုင်၊ အပြီးသတ် ကျွန်တော်တို့ဘက်ကနေပြီးတော့ ဖယ်ရှားနိုင်မှသာလျှင် ငြိမ်းချမ်းတဲ့နိုင်ငံတော်ကို ပြန်ရရှိမှာဖြစ်ပါတယ်"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။