မိသားစုပိုင်ပစ္စည်းရောင်းပြီး လက်နက်ဝယ်ဖို့ ကြိုးစားရတဲ့ ကျေးရွာကာကွယ်ရေးတပ်များ

ခင်မိုးညို
2022.08.18
Share on WhatsApp
Share on WhatsApp
မိသားစုပိုင်ပစ္စည်းရောင်းပြီး လက်နက်ဝယ်ဖို့ ကြိုးစားရတဲ့ ကျေးရွာကာကွယ်ရေးတပ်များ မကွေးတိုင်း မြိုင်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
Photo: RFA

“နှစ် ၇၀ လောက် သက်တမ်းရှိနေတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရတာ အဓိက စိန်ခေါ်မှုကတော့ လက်နက်ပါပဲ။ သူတို့က သာလွန်ကောင်းမွန်တဲ့ လက်နက်တွေနဲ့လာတယ်။ ကျွန်တော်တို့မှာ ကိုယ်ထူကိုယ်ထ ထုတ်လုပ်ထားတဲ့ လက်နက်တွေနဲ့ ခုခံနေရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် အဓိကစိန်ခေါ်မှုကတော့ လက်နက်ပါပဲ"

ဒါကတော့ မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲကို ပြောပြခဲ့တာပါ။

"အဖေနဲ့အမေက တောင်သူလုပ်တော့ နွားတစ်ရှဉ်း ရှိပါတယ်ခင်ဗျာ။ ဒီဘက်အညာမြေမှာတော့ နွားလှပေါ့။ အဲဒီတစ်ရှဉ်းကို ရောင်းလိုက်ပါတယ်"

မြိုင်မြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အများအပြားရှိနေပါတယ်။ ဒီအထဲမှာ NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားတဲ့ တပ်ရင်းတပ်ဖွဲ့တွေ ရှိနေသလို၊ ကျေးရွာအလိုက် ကိုယ်ထူကိုယ်ထစနစ်နဲ့ ဖွဲ့စည်းပြီး တိုက်ပွဲဝင်နေတဲ့ PDF အဖွဲ့ငယ်လေးတွေလည်း တစ်ရာဝန်းကျင်အထိ ရှိနေပါတယ်။

ဒီအဖွဲ့တွေဟာ သူတို့ရဲ့ မိသားစုပိုင်ဆိုင်မှုတွေကို ရောင်းချပြီး သူတို့လိုအပ်တဲ့ လက်နက်တွေ ဝယ်ယူနိုင်ဖို့ ကြိုးပမ်းနေရတာကို အခုလိုပြောပြပါတယ်။

"ကျွန်တော်တို့လက်နက်ရရှိဖို့ အစွမ်းကုန်ကြိုးစားတယ်၊ ကြိုးပမ်းတယ်။ ကျွန်တော်ကိုယ်တိုင် အိမ်ကပေးထားတဲ့ ဆွဲကြိုးလေးကို ရောင်းချထားတယ်။ ၁၀ သိန်းလောက်ရတယ်"

"လက်နက်ခဲယမ်းကို မဝယ်ခဲ့နိုင်ဘူး။ ဒါကြောင့် ကျွန်တော်လည်း မိဘတွေကို တိုင်ပင်ပြီး ကျွန်တော်တို့မှာရှိတဲ့ ဘိုးဘွားစဉ်ဆက်ပိုင်လာတဲ့ ယာနှစ်ဧက ရောင်းလိုက်တဲ့အချိန်မှာ သိန်းနှစ်ဆယ် ရပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ လက်နက်ပေါက်ဈေးက သိန်းတစ်ရာ၊ တစ်ရာငါးဆယ်ဖြစ်နေတဲ့အတွက် လက်လှမ်းမမီဖြစ်ပြီး မဝယ်နိုင်ခဲ့ပါဘူး"

"အဖေနဲ့အမေက တောင်သူလုပ်တော့ နွားတစ်ရှဉ်း ရှိပါတယ်ခင်ဗျာ။ ဒီဘက်အညာမြေမှာတော့ နွားလှပေါ့။ အဲဒီတစ်ရှဉ်းကို ရောင်းလိုက်ပါတယ်။ ခေတ်ကောင်းတုန်းကတော့ နွားလှဈေးက တစ်ကောင်ကို အစိတ်သုံးဆယ်လောက်တော့ ရတယ်ဗျ။ အခုအချိန်မှာတော့ တစ်ကောင်ကို ဆယ့်ငါးသိန်းနဲ့ တစ်ရှဉ်းရောင်းလိုက်တာ သုံးဆယ်ရပါတယ်ခင်ဗျ။ အဖေနဲ့အမေက နိုင်ငံရေးစိတ်ဝင်စားတော့ အရမ်းတော့ မပြောလိုက်ရဘူးခင်ဗျ။ ဘယ်လောက်ထိပြောလဲဆိုတော့… မင်းတို့အတွက်ဆို ဒီနွားတင်မကဘူး၊ ခါးမှာ ဝတ်ထားတဲ့ထမီပါ ရောင်းပေးရရောင်းပေးရ ဆိုပြီးတော့ ကျွန်တော်တို့အမေက နောက်ကနေ Support ရှိပါတယ်ခင်ဗျ။ အဲဒါကြောင့်ကျွန်တော်တို့လည်း အားရှိတာပေါ့ဗျာ"

အခုလို အခြေအနေတွေမှာ ဒေသခံပြည်သူ့ ကာကွယ်ရေးအဖွဲ့ငယ်လေးတွေ အနေနဲ့ စစ်ကောင်စီတပ်တွေကို အန်တုနိုင်တဲ့ ခေတ်မီလက်နက်မရှိကြတာကြောင့် စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတဲ့အခါမှာ ဒေသခံပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမျိုးမလုပ်ဆောင်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပြီး ဒါဟာ လက်နက်လိုအပ်ချက်ကြောင့်လို့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"အခုနောက်ပိုင်းမှာ သူတို့ဆင်တဲ့ ဂွင်ထဲကို ပြည်သူတွေက တဖြည်းဖြည်းဝင်လာကြတယ်။ PDF ရှိလို့ ရွာတွေ မီးရှို့ခံရတယ်။ PDF တွေက ဘာမှမလုပ်ဆောင်ပေးနိုင်ဘူးလားလို့ ပြည်သူတွေက မေးတာ ကျွန်တော်တို့ ပြန်ကြားရတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်တို့ကို ဝေဖန်နေတဲ့ ပြည်သူတွေကို ပြောချင်တာက… ကျွန်တော်တို့လည်း ခင်ဗျားတို့နဲ့ထပ်တူ ဝမ်းနည်းတယ်။ စိတ်မကောင်းဖြစ်မိတယ်။ NUG က ချပေးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အင်အားက တစ်သန်းလောက် ရှိတယ်။ အခုကျွန်တော်တို့မှာရှိနေတဲ့ PDF ရဲဘော် သန်းဂဏန်းရဲ့ လေးပုံတစ်ပုံကိုသာ လက်နက်တပ်ဆင်ပေးနိုင်ရင် သေချာပါတယ်၊ ကျွန်တော်တို့မျှော်လင့်တဲ့ ဒီမိုကရေစီနဲ့နွေဦးတော်လှန်ရေးဟာ မကြာခင် အောင်မြင်ရပါလိမ့်မယ်”

စစ်ကောင်စီတပ်တွေဟာ မြိုင်မြို့နယ်အတွင်းကို သာလွန်အင်အားတွေနဲ့ စီးနင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေအပြင် PDF ရဲဘော်တွေလည်း အသက်ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပေမယ့် PDF ရဲဘော်တွေဟာ NUG ကတပ်ဆင်ပေးမယ့် လက်နက်တွေကို စောင့်မျှော်နေကြပါတယ်။ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တော်လှန်ရေးပြီးဆုံးသွားတဲ့အထိ သူတို့လုပ်ဆောင်လိုတဲ့ ယုံကြည်ချက်နဲ့ သူတို့အနာဂတ်အတွက် စိတ်ကူးဆုံးဖြတ်ထားတာတွေကို အခုလိုပြောပြပါတယ်။

"ဒီတော်လှန်ရေးဟာ ကျွန်တော်တစ်ယောက်တည်းအတွက် လုပ်တာမဟုတ်သလို၊ ကျွန်တော်တို့တစ်ဖွဲ့အတွက် လုပ်တာလည်း မဟုတ်ပါဘူး။ PDF တွေကောင်းစားဖို့ လုပ်နေတာလည်း မဟုတ်ပါဘူး။ ဒီတော်လှန်ရေးအောင်သွားရင် စစ်ကျွန်စနစ်အောက်က လွတ်ထွက်နိုင်မယ်၊ စစ်တပ်ရဲ့ဖိနှိပ်မှုတွေ လွတ်ကင်းသွားမယ်၊ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရမယ်။ ဖက်ဒရယ်ဒီမိုကရေစီကို ရပြီဆိုရင် သေချာတယ် ကျွန်တော်တို့နိုင်ငံ ပြည်သူရဲ့အမိန့်အာဏာအောက်မှာ ပြည်သူ့အစိုးရ ဖြစ်သွားမှာဖြစ်တယ်"

image (9).jpg
စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တစ်ချို့ကို တွေ့ရစဉ်။ (Photo: Citizen Journalist)

"ကျွန်တော်တို့ တော်လှန်ရေးပြီးလို့ အသက်ရှင်သွားရင် ကျွန်တော်တို့ ဘာမှမလိုချင်ပါဘူး။ ကျွန်တော်တို့ မျှစ်ချိုးတတ်သူက မျှစ်ပြန်ချိုးမှာပါ။ ထန်းတက်သူက ထန်းပဲ ပြန်တက်မှာပါ။ တောင်သူလုပ်တဲ့သူက ယာထွန်တတ်တယ်ဆို ကျွန်တော်တို့က ယာပဲ ပြန်ထွန်ချင်တာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တော်လှန်ရေးမှာ လက်သမားလုပ်တဲ့သူကလည်း လက်နက်ကိုင်နေရပါတယ်။ ယာထွန်တဲ့သူကလည်း လက်နက်ကိုင်နေရတယ်။ မျှစ်ချိုးတဲ့သူကလည်း လက်နက်ကိုင်နေရတယ်။ ဒါတွေက ဘာကြောင့် လက်နက်ကိုင်တာလဲဆိုတော့ ဒီအာဏာရှင်ကို မုန်းတီးလို့ ကျွန်တော်တို့ ဒီအာဏာရှင်လက်အောက်က အမြန်ရုန်းထွက်ချင်တဲ့သူတွေမို့ပါ။ အဓိကပြောချင်တာက ဒီတော်လှန်ရေး မြန်မြန်ပြီးမြောက်အောင် ကျွန်တော်တို့ပြည်သူတွေ ဝိုင်းပြီးကူညီပေးကြပါ"

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။