လက်တစ်ဖက် ဆုံးရှုံးရပေမယ့် တော်လှန်နေဦးမယ်ဆိုတဲ့ ကိုမိုးသောက်
2023.09.06

စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တဲ့ဖြစ်ရပ်တစ်ခုမှာ ကိုမိုးသောက်ဆိုတဲ့ လူငယ်ဟာ ညာဘက်လက်တစ်ဖက် ဆုံးရှုံးလိုက်ရပါတယ်။ ဒါပေမဲ့ စိတ်ဓာတ်မကျဘဲ စစ်အာဏာရှင် တော်လှန်ရေးမှာ ဆက်ပါဝင်သွားမယ်လို့ စိတ်ဆန္ဒပြင်းပြနေပါတယ်။
“ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းကတော့ ဒီဘက်ကနေ ကျွန်တော် ပြတ်ပါသွားတာ။ ဒီဘက်ဆိုရင် လက်မောင်းရိုး ကျိုးတယ်။ လက်မောင်းကြွက်သားပါသွားတယ်။ ရင်ဘတ်မှာလည်း မှန်ထားတာ ရှိသေးတယ်။ ကျွန်တော် ကတော့ တော်လှန်ရေးပဲ ဆက်လုပ်မှာ။ ရှေ့တန်းမှာပဲ ပြန်သွားမယ့် အစီအစဉ် ရှိတယ်ပေါ့ လက်နက်ပဲပြန်ကိုင် မယ်ပေါ့”
အသက် ၂၂ နှစ်အရွယ် ကိုမိုးသောက် လို့ခေါ်တဲ့ PDF ရဲဘော်တစ်ဦးပါ။ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တဲ့ဖြစ်ရပ်တစ်ခုမှာ သူ့ကိုထိမှန်ပြီး ညာဘက်လက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့သူ ဖြစ်ပါတယ်။
"စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ အသက်တွေ မသေမချင်း ဆက်ပြီးတော့ တော်လှန်နေဦးမှာပါ”
သူက စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကြွေပုကန်ရွာကဖြစ်ပြီး စစ်တပ်အာဏာသိမ်းတာကို အများ ပြည်သူတွေလို ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ အကြမ်းဖက်ဖြိုခွင်းခံရတဲ့အချိန်မှာ တော့ ကိုမိုးသောက်တို့ လူငယ်တစ်စုဟာ မြန်မာနိုင်ငံအထက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေဆီမှာ စစ်ပညာသင်ဖို့ ထွက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ အောက်မှာ အဖွဲ့ဖွဲ့ပြီးတော့ တိုက်ပွဲတွေ ဘာတွေ သွားကတယ်။ ကဖြစ်ပြီးတော့ စစ်ကိုင်းမှာ ခုနစ်လလောက်ကြာတယ်။ ခုနစ်လလောက်ကြာပြီးတော့ KIA ဘက်မှာ သင်တန်းလာ တက်တာ”
စစ်ပညာသင်နေတဲ့ ၂၀၂၂ နိုဝင်ဘာလမှာ စစ်ကောင်စီက လေကြောင်းကနေ နှစ်ကြိမ် ဗုံးကြဲ တိုက်ခိုက်တဲ့အချိန်မှာတော့ ကိုမိုးသောက်ရဲ့ဘဝဟာ တစ်ဆစ်ချိုးပြောင်းလဲ သွားခဲ့ရပါပြီ။
“သင်တန်းပြီးလို့ သင်တန်းကွင်း ပြန်ခေါက်မယ့်အချိန် ပြန်ပြီးလူစုလိုက်တဲ့အချိန်မှာ လေယာဉ် ရောက်လာတာ။ ဒုတိယအကြိမ် ဗြုန်းစားကြီးဆိုတော့ ကတုတ်ကျင်းနေရာ လည်း အဆင်သင့် မရှိဘူးလေ။ လာပြီလာပြီဆိုတဲ့အချိန်မှာ နီးရာ ကတုတ်ကျင်းကို ပြေးတော့ တချို့လူတွေ မပုန်းလိုက်ရဘူး။ ကျွန်တော်ဆို ကတုတ်ကျင်းထဲ မရောက် လိုက်ဘူးလေ”
သူရခဲ့တဲ့ဒဏ်ရာတွေကို ကုဖို့ လွတ်မြောက်နယ်မြေကိုသွားခဲ့ရတဲ့ အကြောင်းကိုလည်း ကိုမိုးသောက် က ရှင်းပြပါတယ်။
ကိုမိုးသောက်တစ်ယောက် ဒဏ်ရာတွေ သက်သာလာတယ်ဆိုပေမယ့် နဂိုလုပ်နေကျ တစ်ကိုယ်ရည် ကိစ္စတွေ ကိုယ်တိုင်မလုပ်နိုင်တော့ဘဲ အနီးနားမှာ ပြုစုစောင့်ရှောက်ပေး မယ့်သူရှိမှသာ လုပ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားရပါတယ်။
“ရဲဘော်အချင်းချင်းဆိုတော့ ကူညီကြတာပေါ့။ အဲဒါမျိုးတွေတော့ရှိတယ်။ ဒီမှာလည်း တချို့ ရဲဘော်တွေ ကူညီကြတာရှိတယ်။ ဖြစ်မှသိတာဆိုတော့ သိပ်အဆင်မပြေဘူးဗျာ။ တအားကြီးလည်း မရင်းနှီးတော့ တစ်ခုခုခိုင်းရမှာကျတော့ ကျွန်တော့်အနေနဲ့ အားနာနေတဲ့ပုံစံမျိုးကြီးဖြစ်နေတော့ အဲကနေပြီးတော့ လူနာစောင့် သူစိမ်းတွေနဲ့ စောင့်ပေးခဲ့တယ်။ နေခဲ့ဖူးတယ် ကျွန်တော့်ညီ တစ်ယောက် ရောက်လာတာပေါ့။ ကျွန်တော့်ညီရောက်လာတော့ သူနဲ့ပဲ ရေချိုးတာကအစ ထမင်းစားတာကအစ သူနဲ့ပဲ နေနေရတယ်”
ညီအစ်ကိုနှစ်ယောက် စားဝတ်နေရေးအတွက် ညီက နေ့စားအလုပ်လုပ်ပြီး ဖြေရှင်းခဲ့ရတယ် လို့ သူက ပြောပြပါတယ်။ ညီကလည်း အခုလို သူ့အစ်ကိုဖြစ်သွားပေမယ့် အစ်ကို ဒဏ်ရာ သက်သာသွားခဲ့ရင် ရှေ့တန်း အတူတူ ပြန်သွားကြမယ်လို့ ပြောပါတယ်။
“ကျွန်တော့်အစ်ကို အနာသက်သာလုံးဝပျောက်ကင်းသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ ရှေ့တန်းပဲ ပြန်သွားမယ်။ ကျွန်တော်တို့ကို အကောင်းဆုံးအနေနဲ့ ခေါင်းဆောင်ကောင်း တစ်ယောက်လည်း လိုတယ်။ အဖွဲ့အစည်းတစ်ခုခုနဲ့ ချိတ်ဆက်ပြီးတော့ပေါ့ ကျွန်တော် တို့ စစ်အာဏာရှင် စနစ်ကို ကျွန်တော်တို့ အသက်တွေ မသေမချင်း ဆက်ပြီးတော့ တော်လှန်နေဦးမှာပါ”
သူဆေးကုဖို့အတွက် သူရောက်နေတဲ့ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က အခမဲ့ တာဝန်ယူ ကူညီစောင့်ရှောက်ပေးခဲ့ပါတယ်။ လွတ်မြောက်နယ်မြေမှာ ဆေးကုနေတဲ့အချိန် ၂၀၂၃ ဧပြီလမှာ ကိုမိုးသောက်တို့ ဇာတိဖြစ်တဲ့ ကြွေပုကန်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ပြောပြပါတယ်။
သူ့ဒဏ်ရာတွေ သက်သာပျောက်ကင်းသွားရင်တော့ လက်နက်ကိုင်တော်လှန်ရေးဆက်လုပ် သွားမယ်လို့ ကိုမိုးသောက်က ပြောပါတယ်။
“ကျွန်တော့်အနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာပဲ ရောက်ရောက် ဒီတော်လှန်ရေးကနေ ကျွန်တော် ထွက်ခွာသွားမှာလည်းမဟုတ်ဘူး။ တော်လှန်ရေးကို အဆုံးထိတိုက်မယ် လုံးဝစိတ်ဓာတ်တက်တက် ကြွကြွနဲ့ တော်လှန်ရေးပြီးတဲ့အထိ စစ်ကောင်စီကို တော်လှန်သွားမယ်လို့ ရှိတယ်ဗျာ ကျွန်တော့်ရဲ့ ခံယူချက်က”