ကိုယ်ပိုင်သေနတ်လိုချင်တဲ့ PDF စစ်သမီး

ဇင်မာဝင်း (ဝါရှင်တန် ဒီစီ)
2022.02.12
Share on WhatsApp
Share on WhatsApp
ကိုယ်ပိုင်သေနတ်လိုချင်တဲ့ PDF စစ်သမီး လွတ်မြောက်နယ်မြေတစ်နေရာမှာ PDF စစ်သမီး မဒါလီ ကို တွေ့ရစဉ်
Photo: CJ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြကြသူတွေ ထဲမှာ အရွယ်စုံအမျိုးသမီးတွေ ပါဝင်ခဲ့ကြသလို လက်နက်ကိုင်တော်လှန်ဖို့ တိုင်းရင်းသား ဒေသတွေသွားပြီး စစ်ပညာသင်ယူနေကြသူတွေထဲမှာလည်း အမျိုးသမီးတွေ ပါဝင်ပါတယ်။

မဒါလီဟာ လွတ်မြောက်နယ်မြေတစ်နေရာမှာ ၄၅ ရက်ကြာ စစ်သင်တန်းတက်ပြီး စစ်တပ် ကို လက်နက်ကိုင်တော်လှန်ဖို့ အသင့်ဖြစ်နေသူပါ။

“ဒီရောက်ကတည်းက စိတ်ပိုင်းဖြတ်ထားတာ၊ ကိုယ့်ကိုယ်ကိုယ် သေမယ်လို့ပဲ တွေးထား လိုက်တာ၊ ဘာမှမလုပ်ဘဲ သေသွားမယ့်အစား ကိုယ်သေသွားမယ်ဆိုရင်တောင် ကိုယ့် ခန္ဓာကိုယ်မှာ ဗုံးတွေဘာတွေ ချိတ်ပြီးတော့ သူတို့ ( စစ်ကောင်စီတပ်သား ) အနည်းဆုံး ငါးယောက်လောက်ကို ဆွဲခေါ်သွားနိုင်ရင်တောင် သေရကျိုးနပ်တယ်မလား။ ကိုယ် သေရမယ်ဆိုရင်တောင် သူတို့တွေ ( စစ်ကောင်စီတပ်သား ) ကို ဘယ်လောက်သတ်ပြီး သေသွားရမလဲပေါ့။ ဘာမှမဟုတ်ဘဲတော့ မသေချင်ဘူး၊ ကိုယ့်ကိုယ်ကိုယ်တော့ မနှမြော ပါဘူး၊ အဓိကက သူတို့ကိုပါ အပါခေါ်သွားဖို့ပဲ”

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးတာတွေ မြင်တွေ့ ခဲ့ရပြီး အတူဆန္ဒပြနေသူတွေလည်း ဖမ်းဆီးခံရတာတွေကြောင့် မဒါလီဟာ ရင်ထဲဆောက် တည်ရာမရ ဖြစ်နေခဲ့ပါတယ်။ သြဂုတ်လပထမအပတ်လောက်မှာ တိုက်ခန်းတစ်ခုထဲ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်ဖမ်းဆီးလို့ တိုက်ခန်းပေါ်ကနေ ခုန်ချလိုက်တဲ့ လူငယ်တွေရဲ့သတင်း ထွက်ပေါ်လာတဲ့ အချိန်မှာပဲ စစ်တပ်ကို လက်နက်ကိုင် တော်လှန်ဖို့ သူ ဆုံးဖြတ်လိုက်တာပါ။

"အခုဆို သမီးမှာ သေနတ်မရှိသေးဘူး။ ကိုယ်ပိုင်သေနတ် လိုချင်တယ်”

မြို့ပြမှာ နေထိုင်ခဲ့တဲ့ လူငယ်တစ်ယောက်အနေနဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းပြန်လို ပြောင်းလဲသွားတဲ့ တောထဲမှာ အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ရပါတော့တယ်။

“ဘာမှမလုပ်တတ်ဘူး၊ ခေါက်ဆွဲတောင် မပြုတ်တတ်ဘူး၊ ဟင်းဆို တော်တော်ဂျီး (ချေး)များတာ၊ ဒီရောက်တော့ အာလူးဆို အခွံမနွှာဘူး ဒီအတိုင်းစားရတာ၊ ပြီးတော့ အသားတုကို မုန်းအောင် စားရတယ်၊ အစားအသောက် ဆင်းရဲတယ်၊ အိမ်သာတက်တာ၊ ရေချိုးတာရောပေါ့၊ ရေတစ်ခါချိုးရင် အသားက တစ်ခါပိုမဲသွားသလို ခံစားရတယ်၊ ရေက ဘယ်လိုကြီးလဲ မသိဘူး၊ ရေက ကော်ဖီသောက်လို့ရတဲ့ အနေအထားမှာရှိတယ်၊ ပြီးရင် ညီမတို့ကို ဇလုံတစ်လုံး ပေးထားတယ်၊ ရေချိုးရင်လည်း အဲဇလုံပဲ၊ ထမင်းစားရင် လည်း အဲဇလုံပဲ၊ အရင်က ရေဘူးမဝယ်ရသေးတော့ ကော်ဖီဖျော်လည်း အဲဒါပဲ၊ ဇလုံ ကြီးက အကြီးကြီးပဲ၊ ညီမ ခေါင်းထက်တောင် ကြီးသေးတယ်၊ ရောက်ခါစကတော့ ခဏခဏ မူးလဲတယ်၊ လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ တနေကုန် မိုးရွာလိုက် နေပူလိုက် ဆိုတော့ မူးလဲလိုက်၊ အန်လိုက်၊ နေမကောင်းဖြစ်လိုက်၊ ဗိုက်အောင့်လိုက်၊ ဒီက အစားအစာ မခံနိုင်တော့လေ၊ မနေချင်တော့ဘူးဆိုပြီး ဖြစ်သွားတာ၊ နောက်ပိုင်းကျ တော့ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားတယ် အရင်တုန်းက ဟင်းတွေဘာတွေ (ချေး) ဂျီးများသေးတယ်။ အခုဆို အဆင်ပြေလားဆို အော် ငါ အိပ်ဖို့နေရာရှိပြီးတော့ ရေရှိရင် အဆင်ပြေတယ်ဆိုတဲ့ အဆင့်ဖြစ်သွားပြီ၊ ကိုယ့်ကိုယ်ကိုယ်တောင် ဟုတ်ရောဟုတ်သေး ရဲ့လားလို့ စဉ်းစားတယ်”

၂ဝ၂၁ ခုနှစ် သြဂုတ်လနောက်ပိုင်း တောထဲမှာ နေထိုင်ရင်း အသားကျဖို့ ကြိုးစားရင်း အရင် နဲ့မတူတော့တဲ့ သူ့ကိုယ်သူလည်း အံ့သြနေခဲ့ပါတယ်။

“ဘဝတစ်ခုလုံး ကကြီးကနေ အ အထိ ပြောင်းလဲသွားတာ၊ အစားအသောက် အနေ အထိုင် အပြုအမူ အကျင့်တွေပါ ပြောင်းလဲလာတယ်၊ အရင်တုန်းက နည်းနည်းနူးညံ့ တဲ့အထဲမှာပါတယ်၊ အကောင်တွေဘာတွေဆို ချစ်တတ်တယ်၊ အခုဆို အကျင့်က မကောင်းတော့တာလား မသိဘူး။ ညီမတို့ လမ်းလျှောက်ပြီး စခန်းပြောင်းလာရင်း ရက် ကလည်း တော်တော်ကြာလာပြီ အသားကလည်း မစားရတာ ကြာ၊ အဲဒါ ကြက်ကိုတွေ့ တော့ ကြက်ကို ကြက်လို့မမြင်တော့ဘဲ ဟာ ငါတို့အစာ ဆိုပြီး မြင်နေတာ”

သူဟာ ခန္ဓာကိုယ်သေးလို့ အသက် ၁၄၊ ၁၅ နှစ်လောက်သာရှိဦးမယ်လို့ အထင်ခံရပြီး တော ထဲစရောက်ချိန်မှာ အသက်မပြည့်သေးဘူးအထင်နဲ့ စခန်းက လက်မခံချင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ သူတို့စခန်းမှာ ကလေးစစ်သားအဖြစ် အခေါ်ခံနေရသူပါ။

သူရောက်နေတဲ့ လွတ်မြောက်နယ်မြေထဲကို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက် ကြီးတွေကြောင့် ပြေးလွှားခဲ့ရပါသေးတယ်။ တိုက်ပွဲတွေကြောင့် ၃ ရက်ဆက်တိုက် ရေ မချိုးရဘဲ ပုခက်၊ စောင်၊ ရေဘူး၊ ဆေး၊ အင်္ကျီ အပိုတစ်ထည် ထည့်ထားတဲ့ ကျောပိုးအိတ် လွယ်ရင်း ဝတ်စုံပြည့်နဲ့ အသင့်အနေအထားအဖြစ် နေခဲ့ရတဲ့နေ့ရက်တွေကိုလည်း ဖြတ် သန်းခဲ့ရပါတယ်။

သူတို့စခန်းမှာ ပုခက်နဲ့ပဲ အိပ်ရတာဖြစ်လို့ ပုခက်ကြိုးမချည်တတ်တဲ့ သူ့အတွက် အဲဒါက လည်း အခက်အခဲတစ်ခုပါ။

“ညီမတို့ ဒီမှာ ပုခက်နဲ့ နေရတာများတယ်။ သေနတ်ပစ်သွားရင်လည်း ပုခက်နဲ့ နေရ တာ၊ ပုခက်ကြိုးက မချည်တတ်ဘူး၊ အဲပုခက်ကြီးလည်း ဒီရောက်မှ မြင်ဖူးတာ၊ သူများ တွေက ချည်တာ လွယ်လွယ်လေးပဲ၊ ကိုယ်ကတော့ ချည်လိုက် လျှောကျလိုက်၊ သူများ တွေ ချည်တာ သွားကြည့်လိုက် ဒါပေမဲ့ တတ်မလာဘူး၊ ပုခက်ကြိုးတစ်ခါချည်ရင် စိတ်တစ်ခါညစ်ရတာမျိုးပေါ့”

စစ်သင်တန်းတက်နေတဲ့ ကာလမှာလည်း မနက်အစော အိပ်ယာထရတာ၊ ထမင်းကုန် အောင် မစားနိုင်တာ၊ သင်တန်းသားစုတဲ့နေရာကို အချိန်မီ မရောက်တာ စတဲ့ ပျက်ကွက် မှုတွေကြောင့် မကြာခဏ ဒဏ်ပေးခံခဲ့ရပါတယ်။

“မနက်ပိုင်းဆို ဝီစီသံကြားတာနဲ့ ထရတာ၊ ဘယ်လိုတွေးလဲဆို ညဘက်ကျရင် အဲဝီစီကို သွားခိုးထားမယ်လို့ တွေးတာ၊ သင်တန်းကာလပြီးသွားတာတောင် အဲဒီဝီစီသံကြားရင် ရင်ထဲမှာ ဒုတ် ဒုတ် ဒုတ် ဒုတ်နဲ့။ ဝီစီသံကြားတာနဲ့ ၁ဝ မိနစ်အတွင်း တန်းစီတဲ့နေရာကို အရောက်သွားရတာ၊ အဲဒီဆယ်မိနစ်အတွင်းမှာ မျက်နှာသစ်၊ သွားတိုက်၊ အိမ်သာတက် လုပ်ရတာ။ အိမ်သာကလည်း မနက်ပိုင်းဆို မိန်းကလေးအရေအတွက်နဲ့ အိမ်သာတစ်လုံး နဲ့ အဆင်ပြေမနေဘူး၊ တခါတလေ ယောကျာ်းလေးတွေဘက်ကလည်း တချို့တဝက်က လာတက်ကြတယ်၊ လုနေရတယ်။ မနက်ပိုင်းဆို အိမ်သာမသွားဘူး၊ မနက် လေးနာရီ၊ လေးနာရီခွဲဆို ထရပြီ။ ဝီစီသံကြားတဲ့ကြားက တခါတလေ နေလိုက်ဦးမယ်ဆိုပြီး မထရင်တော့ သေချာတယ် ဒိုက်ထိုးရပြီ နောက်ကျလို့”

သင်တန်းကာလမှာ သေနတ်ပုံစံထွင်းထားတဲ့ သစ်သားသေနတ်နဲ့ လေ့ကျင့်နေရာကနေ သေနတ်အစစ်ကို ပထမဆုံးကိုင်ခွင့်ရတဲ့နေ့က သူ့အတွက် အမှတ်တရပါပဲ။ သူ့ဆန္ဒ တစ်ခုကတော့ ကိုယ်ပိုင်သေနတ် လိုချင်တာပါ။

“ဒီရောက်တော့ လက်နက်တွေ မရှိဘူး။ ထင်ထားတာ လက်နက်တွေတော့ ရှိမှာပဲပေါ့။ တခြားဟာတွေ အဆင်မပြေရင်တောင်၊ အိမ်သာ၊ ရေ၊ မီး၊ အစား အဆင်မပြေတာ အကုန်သည်းခံနိုင်တယ်၊ လက်နက်မရှိဘူး တိုက်လို့မရဘူး၊ လူရှိပြီး လက်နက်မရှိလို့ တောထဲရောက်ပြီးတော့ စစ်ပြေးနေရတယ်၊ ပြေးပုန်းနေရတယ်။ အဲဒါကြီးက တကယ် စိတ်ဓာတ်ကျပြီးတော့ အခုဆို သမီးမှာ သေနတ်မရှိသေးဘူး။ ကိုယ်ပိုင်သေနတ် လိုချင် တယ်”

လက်နက်ကိုင်တော်လှန်မယ်ဆိုတဲ့ သူ့ ဆုံးဖြတ်ချက်ကြောင့် နောက်ဆက်တွဲကြုံတွေ့လာ ရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဆုံးရှုံးမှုတွေဟာ စစ်တပ်က ပစ်သတ်လို့ သေဆုံးသွား သူတွေ၊ ဖမ်းဆီးနှိပ်စက်ခံနေရတဲ့ လူငယ်တွေ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ အရပ်သား တွေရဲ့သတင်းတွေ ကြားရတိုင်း မေ့ပျောက်သွားပြီး ရှေ့တန်းမှာ တိုက်ပွဲဝင်ဖို့သာ စိတ်အား ထက်သန်လာတော့တယ်လို့ ဆိုပါတယ်။

dali.JPG
(PDF စစ်သမီး မဒါလီ ကို တွေ့ရစဉ်)

သူဟာ စီးပွားရေးတက္ကသိုလ်ကနေ ၂ဝ၁၉ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး Digital Marketing အဖြစ် လုပ်ငန်းခွင် ဝင်နေသူပါ။ ၂ဝ၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အလုပ်ကနေ လစာထုတ်ပြီး အိမ်ပြန်ခဲ့တဲ့ သူဟာ မိခင်နဲ့အတူ ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့ တိုင်ပင်ရင်း မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ။

“သမီးက မီးပုံးပျံအရမ်းစီးချင်တာ၊ မီးပုံးပျံ သွားစီးမယ်ဆိုပြီး အမေနဲ့ ပြောထားတာ၊ အမေက သွားမယ်တဲ့ အမေကလည်း သူလုပ်ချင်တာ သူပြော၊ သမီးက ပုဂံသွားပြီး မီးပုံးပျံစီးချင်တာလို့ ပြောတယ်၊ အမေကလည်း သမီးလုပ်ချင်တာ လုပ်ပေးမယ်တဲ့၊ သမီးကိုလည်း ကိုယ်ပိုင်သီးသန့် အခန်းလေးဖွဲ့ပေးမယ်တဲ့ အခန်းပုံစံဘာညာပြောပြီး သားအမိတွေ အိပ်လိုက်ကြတာ”

သူလွတ်မြောက်နယ်မြေကို စထွက်လာတဲ့အချိန်မှာ ကျန်းမာရေးအားနည်းတဲ့ မိခင်ကြောင့် မိသားစုကို အသိမပေးခဲ့ဘဲ ထွက်လာခဲ့ပြီး ၅လကြာမှ အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သမီးကို လွမ်းနေတဲ့မိခင်က သမီးဖြစ်သူ အန္တရာယ်ကင်းကင်းနဲ့ အိမ်ပြန်လာနိုင်ဖို့ အမြဲ ဆုတောင်းပေးနေသလို သူမကလည်း သမီးအလိမ္မာလေးအဖြစ် မိခင်အနားမှာ ပြန်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။

“အမေနဲ့နေပြီးတော့ အမေချက်ကျွေးတာတွေ စားလိုက်၊ အမေ့ကို ကူလုပ်ပေးလိုက်၊ အမေ့ကိုလည်း စားစရာတစ်ခုခု လုပ်ကျွေးချင်တယ်၊ သမီး ရန်ကုန်မှာနေတုန်းက ဘာမှ မလုပ်ခဲ့ဖူးဘူး။ ဒီရောက်တော့ ထမင်းလည်း ချက်တတ်တယ်၊ ဟင်းချက်ရင်လည်း နည်းနည်းပါးပါး ကူလုပ်တတ်တယ်၊ အမေ တစ်ခါမှ မစားဖူးဘူး သမီးက အရမ်းလိမ္မာ တဲ့သူလည်း မဟုတ်တော့ ပြန်ရောက်ရင် အမေနဲ့အတူတူနေပြီး သမီးလိမ္မာလေး လုပ် ချင်တာပေါ့။ အမေ့ကို တစ်ခုခုလုပ်ကျွေးချင်တယ်၊ အမြဲတမ်း အမေ လုပ်ကျွေးတာပဲ စားနေခဲ့တော့”

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း မဒါလီ လို အမျိုးသမီးလေးတွေဟာ မြို့ပြကို စွန့်ခွာပြီး တောထဲမှာ စစ်ပညာသင်ယူရတဲ့အခါ ရင်ဆိုင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ခံစားရင်း စစ်အာဏာရှင်စနစ် ကျဆုံးမှ အိမ်ပြန်ရောက် မယ်ဆိုတဲ့ အတွေးနဲ့ ကြံ့ကြံ့ခံနေကြတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။