တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား PDF ရဲဘော်
2023.06.06
- ရဲဘော်နာမည်ဘယ်လိုခေါ်သလဲ
“ကျွန်တော် ခွန်လဗွယ်ပါ”
- အခုဘာလုပ်နေတာလဲ
“ ကျွန်တော် ကင်းတာဝန်ကျနေပါတယ်ခင်ဗျ”
သထုံမြိုဇာတိ ပအိုဝ်းအမျိုးသားလေး ရဲဘော်ခွန်လဗွယ် စခန်းရှေ့ကင်းတဲလေးမှာ ကင်းစောင့်နေပါတယ်။
ဒီနေရာနဲ့ဒီသူငယ် တကယ်တမ်း သူရှိရမဲ့နေရာကတော့ မော်လမြိုင်တက္ကသိုလ်ပါ။သူဟာ နောက်ဆုံးနှစ် ဘူမိဗေဒကျောင်းသားတစ်ဦး ဖြစ်နေတာကြောင့်ပါ။ ခုတော့ သူရှိနေတာက PDF တပ်ဖွဲ့တွေတပ်ဆွဲထားတဲ့ တောင်ကုန်း၊ ဘူမိဗေဒလက်တွေ့သင်တန်းအတွက် ကွင်းဆင်းနေတာလည်းမဟုတ် လက်ထဲမှာ ကိုင်ထားတာကလည်း ကျောက်ခဲခွဲတဲ့တူမဟုတ် လူကိုသေစေနိုင်တဲ့ သေနတ်ပါ။
“ ကျွန်တော်က ပအိုင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (ခန်းကောင်)က ရဲဘော်တစ်ဦးပါ”
- ရဲဘော်ရဲ့လက် ဘာဖြစ်တာလဲ
“တိုက်ပွဲတစ်ခုမှာ မိုင်းထိရင်းနဲ့ ပေးဆပ်ထားရပါတယ်”
- မျက်နှာက ဒဏ်ရာတွေကလည်း မိုင်းထိတုန်းက ရခဲ့တာပဲလား
“ဟုတ်ပါတယ်”
သူမျက်နှာပြင်တစ်ခြမ်းမှာ ယမ်းငွေ့ရိုက်ထားတာကြောင့် ခရမ်းရောင်သန်းနေပြီး မိုင်းအစအနတချို့ ကျန်နေသေးပါတယ်။ သူ့ညာဘက်မျက်လုံးရဲ့ အမြင်အာရုံဟာလည်း အတော်အားနည်းတယ်လို့ဆိုပါတယ်။
“စစ်ကောင်စီစစ်ကြောင်းထိုးလာတယ်ပေါ့ဗျာ အဲ့ဒီတနေ့ပေါ့ ကျွန်တော်တို့မိုင်း ထောင်ဘို့တာ၀န်ကျလာချိန်မှာ မနက်၀ေလီ၀ေလင်းအချိန်ပေါ့။ မိုင်းသွားချရတာပေါ့ စစ်ကောင်စီတပ်လာမဲ့ လမ်းကြောင်းမှာ အဲ့ဒီမှာ ထောင်နေရင်းနဲ့ နောက်ဆုံးလက်ကျန်တစ်လုံး မတော်တဆကွဲတာပေါ့။ ကိုယ့်မိုင်းနဲ့ကိုယ်ထိတာပဲ”
ဒီလောက်ဒဏ်ရာတွေ ရထားပြီး သာမန်လူတစ်ယောက်လို လှုပ်ရှားနိုင်အောင်က အများကြီး ကြိုးစားခဲ့ရပါတယ်။
“ကျွန်တော့်မှာ စိတ်ရောလူရော အပြင်းအထန် ကြိုးစားခဲ့ရတယ် ဖိနိပ်ကြိုး ချည်တာအစ အကျီကြယ်သီး တပ်တာ အဆုံးပေါ့။ နောက်လက်တစ်ဖက်တည်းနဲ့ သေနတ်ပစ်နိုင်အောင် လေ့ကျင့်ရတယ်။သူငယ်ချင်းတွေဆီက သေနတ်ငှါးပြီး ကျင့်တယ် နောက်ဆုံးတော့ ရသွားတာပေါ့”
ဒီအခြေအနေမှာ တော်လှန်ရေးကို ပြီးဆုံးသည်အထိ တာ၀န်ယူသွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ခေတ်မှာ ကျွန်တော်တို့တာဝန်ကျေမှပဲ ကျွန်တော်တို့မျိုးဆက်တွေ ကျွန်တော်တို့ညီအစ်ကိုတွေ သားစဥ်မြေးဆက်တွေ တော်လှန်ရေးအမွေကို ပေးနိုင်ဖို့ ကျွန်တော်တို့ဒီတာ၀န်ကို ကျေပွန်ဖို့ သန္နိဋ္ဌာန်ထားပြီးသားပါခင်ဗျ”