တော်လှန်ရေးနယ်မြေက ဒေါင်းတို့ မျိုးဆက်သံချပ်

စောဖိုးခွါး(ဝါရှင်တန်ဒီစီ)
2022.04.15
တော်လှန်ရေးနယ်မြေက ဒေါင်းတို့ မျိုးဆက်သံချပ် ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့။
Photo: Citizen Journalist

လူထုရဲ့ မကျေနပ်ချက်တွေ၊ အာဏာပိုင်တွေရဲ့ လိုအပ်ချက်တွေကို လူထုကိုယ်စား သင်္ကြန်ရောက်တိုင်း သံချပ်ထိုး ထောက်ပြခဲ့တဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ဒီနှစ်သင်္ကြန်မှာတော့ တောတွင်း တစ်နေရာကနေ သံချပ်ထိုးပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေကြပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သား တချို့ ဖမ်းဆီးခံထားရပြီး၊ တချို့ကတော့ လက်နက်ကိုင်၊ တချို့က မြေပြင်ဆန္ဒပြ သပိတ်တွေကို ဦးဆောင်နေပါတယ်။

သူတို့အဖွဲ့ဟာ အရပ်သား အစိုးရ လက်ထက်မှာကတည်းက အစိုးရကိုရော စစ်တပ်ကိုပါ ပြင်းပြင်းထန်ထန် သံချပ်ထိုး ဝေဖန်ထောက်ပြခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါတွေ မဖြစ်ခင်၊ စစ်အာဏာမသိမ်းခင် မြန်မာနိုင်ငံမှာ နောက်ဆုံးအကြိမ် စည်စည်ကားကား ကျင်းပခဲ့တဲ့ ၂ဝ၁၉ ခုနှစ် သင်္ကြန်ကာလ ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်ထိုးချက်တွေဟာ စစ်တပ်ကို မခံမရပ်နိုင်တဲ့အထိ ဖြစ်စေခဲ့တာပါ။

ဒါကြောင့်လည်း တပ်မတော်ကို အကြည်ညိုပျက်စေတယ်ဆိုပြီး သံချပ်ခေါင်းဆောင်တွေကို အလုပ်နဲ့ ထောင်ဒဏ်တွေ ချမှတ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာ လွတ်ရက်စေ့လို့ သူတို့တွေ ပြန်လွတ်လာပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ ထောင်ကပြန်လွတ်လာတဲ့ သံချပ်အဖွဲ့ဦးဆောင်သူတချို့ဟာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး၊ တချို့ကတော့ မြေပေါ်ဆန္ဒပြ သပိတ်တွေမှာ ဦးဆောင်နေကြတာပါ။ တချို့ကတော့ ဖမ်းဆီးခံထားရပါတယ်။

ဒီ ၂ဝ၂၂ ခုနှစ်သင်္ကြန်မှာတော့ ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့ဟာ အရင်လိုမဏ္ဍပ်တကာလှည့် မဖျော်ဖြေနိုင်ပေမယ့် စစ်အာဏာရှင်ကို လက်နက်ကိုင်ပြန်တိုက်ရင်း တောတွင်းတစ်နေရာကနေ သံချပ်ထိုး ဆန့်ကျင်နေကြတာပါ။

ဆန္ဒပြ အရပ်သားပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မခံမရပ်နိုင်လို့ လူငယ်တွေ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ရကြောင်း သံချပ်အဖွင့်မှာ ဆိုထားပါတယ်။

ဒေါင်းတို့မျိုးဆက်ရဲ့ သံချပ်စာသားတွေထဲမှာ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကိုလည်း ပြင်းပြင်းထန်ထန် ထောက်ပြထားပါတယ်။ ဒေသခံ ခုခံကာကွယ်ရေးတပ်သားတွေကို NUG ဘက်က ထောက်ပံ့ကူညီဖို့လိုနေတယ်လို့ သံချပ်ထဲမှာ ထောက်ပြ ဝေဖန်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြန်ခုခံဖို့ တိုင်းရင်းသားနယ်မြေတွေထဲ လူငယ်တွေ ရောက်နေတာ အခုလို အချိန်ကာလ တစ်နှစ်ကျော်နေပါပြီ။

တစ်နှစ်ကျော် အိမ်မပြန်ရလို့ လွမ်းဆွေးသတိရနေပုံကို ဒေါင်းတို့မျိုးဆက် PDF တပ်သားတွေက သံချပ်ကနေ တဆင့် ပြောပြထားပါတယ်။

ဒီလို အိမ်ပြန်ချင်စိတ်တွေ အိမ်လွမ်းတာတွေ ရှိပေမယ့် ဒေါင်းတို့မျိုးဆက် PDF တပ်သားတွေကတော့ ဒီမိုကရေစီရမှ အိမ်ပြန်မယ်လို့ ခံယူထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။