ပရဟိတသမားကနေ စနိုက်ပါတပ်သားဖြစ်လာသူ
2024.09.15
ဧရာဝတီတိုင်းထဲက ဇာတိမြေရဲ့ လူမှုကူညီရေးပရဟိတအဖွဲ့တစ်ခုမှာ လူနာတင်ကားတွေကို ကူညီမောင်းပေးနေတဲ့ ကိုဘိုဘိုခန့်ဟာ ပရဟိတကူညီရေးလုပ်ကိုင်နေရာကနေ စစ်အာဏာသိမ်းချိန်မှာတော့ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ပါဝင်လာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေမှာ နေ့စဉ်ပါဝင်နေရင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သူ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးရှာဖွေတာကြောင့် လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် မတ်လမှာ လက်နက်ကိုင်တော်လှန်ရေးကိုရွေးချယ်ဖို့ သူဆုံးဖြတ်လိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးအနေနဲ့ ကရင်ပြည်နယ်မှာ စစ်သင်တန်းတက်ရောက်ခဲ့ပါတယ်။ ကြမ်းတမ်းတဲ့ စစ်သင်တန်း လေ့ကျင့်သင်ကြားမှုတွေကို ကျော်ဖြတ်လာနိုင်ချိန်မှာတော့ ရှေ့တန်းစစ်မြေပြင်တိုက်ပွဲတွေကို ပါဝင်ဆင်နွှဲလာခဲ့ပါတော့တယ်။
“မြဝတီဘက်ကိုမရောက်ခင် တခြားတောတွေဘက်မှာလည်း စစ်သင်တန်းတက်ဖူးတယ်။ ပြီးတော့ ကရင်ပြည်နယ် မြဝတီဘက်ကို ထပ်ရောက်တယ်။ မြဝတီဘက်မှာတစ်ခါ PDF အပတ်စဥ်တစ်ခုမှာ ထပ်တက်တယ်။ မွမ်းမံတွေဘာတွေတက်တယ်။ မွမ်းမံတွေဘာတွေတက်ပြီးတော့မှ တိုက်ပွဲကို ပါဝင်ရတာဖြစ်တယ်”
စစ်မြေပြင်မှာပျော်မွေ့ရင်း လက်ဖြောင့်တပ်သားတစ်ဦးလို ကျွမ်းကျင်လာချိန်မှာတော့ စနိုက်ပါတပ်သားတစ်ယောက်အဖြစ် စစ်ရေးပစ်မှတ်တွေကို တိကျစွာ ပစ်ခတ်လာနိုင်ပါတော့တယ်။
ရှေ့တန်းစစ်မြေပြင်တိုက်ပွဲပေါင်းများစွာ အောင်ပွဲရနေတဲ့ Cobra Column တပ်ရဲ့ စနိုက်ပါတပ်သားအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ပါတယ်။ ပရဟိတလုပ်ငန်းတွေနဲ့ ပျော်မွေ့နေခဲ့သူ ကိုဘိုဘိုခန့်ဟာ စစ်ရေးပစ်မှတ်တွေကို ထိမှန်နိုင်ဖို့ကိုသာ သူ့ရဲ့အရေးကြီးတာဝန်ဖြစ်လာခဲ့ပါတယ်။
“ကျွန်တော်က စနိုက်ပါအဖြစ် တာဝန်ထမ်းဆောင်တယ်။ ကျွန်တော်တို့က လိုအပ်ရင် လိုအပ်သလို သွားပစ်တယ်။ ဒီအတိုင်း တိုက်ပွဲမရှိတဲ့ရက်တွေဆိုရင် ဒီအတိုင်း စစ်ကောင်စီရဲ့ ဗျူဟာကုန်းတွေရှိတယ်။ ဗျူဟာကုန်းတွေကို ပတ်ပြီးလိုက်ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့အခါကျရင်လည်း ဖြစ်တဲ့နေရာအလိုက်ပေါ့။ ပစ်ရတာပေါ့နော်။ အဲကောင်တွေကို ပစ်နေရရင်ကို ပျော်နေရော”
စနိုက်ပါလက်ဖြောင့်တပ်သားတစ်ယောက်အနေနဲ့ တာဝန်ကျရာတပ်ရင်းတွေမှာ နေပျော်နေတဲ့သူ့အတွက် မဖိတ်ခေါ်ထားတဲ့ကံကြမ္မာဆိုးတစ်ခုက သူ့ဘဝထဲရောက်လာပါတော့တယ်။ ၂၀၂၄ ခုနှစ် မတ်လမှာပဲ စစ်ကောင်စီတပ်ရင်းတွေကို အနိုင်သိမ်းနိုင်ဖို့ တိုက်ခိုက်ချိန်မှာပဲ မိုင်းထိခဲ့ရာကနေ သူ့ခြေထောက်တစ်ဖက်စွန့်လွှတ်ခဲ့ရပါတော့တယ်။
“ညဘက်မှာကျွန်တော်တို့တပ်ရင်းတွေရှိတယ်လေ။ တပ်ရင်းတွေသိမ်းတယ်လေ။ တပ်ရင်းတစ်ခုကိုသိမ်းပြီးတော့ နောက်ထပ် တပ်ရင်းတစ်ခုကို သိမ်းမယ့်အချိန်မှာ ကျွန်တော်တို့က တပ်ရင်းနားကိုကပ်သွားပြီးတော့ ပစ်တဲ့အခါမျိုးမှာ တပ်ရင်းရှေ့မှာ မိုင်းတွေထောင်ထားတာရှိတယ်။ အဲဒီမိုင်းတွေထောင်ထားတဲ့နားကို ကျွန်တော်တို့သွားရင်းနဲ့ ကျွန်တော်တို့ နှစ်ယောက်တည်းသွားရင်းနဲ့ နင်းမိသွားတယ်ပေါ့နော်။ တပ်ရင်းနားကို ကပ်ပြီးပစ်တာမို့လို့”
ဆက်နွှယ်သောသတင်းများ
ရှေ့တန်းတိုက်ပွဲဝင်ရင်း လက်တစ်ဖက်ဆုံးရှုံးခဲ့ရပေမယ့် ဘဝကိုအရှုံးမပေးသူ
တပ်မတော်သားဟောင်းတစ်ဦးရဲ့ တော်လှန်ရေးခရီး
မိသားစုနဲ့ခွဲခွာပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်လာသူ
အခုအချိန်မှာတော့ တိုက်ပွဲအတွင်း ခန္ဓာကိုယ်ထိခိုက်ပျက်စီးသွားခဲ့ရတဲ့ သူနဲ့ဘဝတူ ရဲဘော်တွေနဲ့အတူ နေထိုင်ပြီး ဆေးကုသမှုခံယူနေပါတယ်။ စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်ဖို့ သူ့အသက်သေတဲ့အထိ ပါဝင်တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။
အိမ်ပြန်နိုင်မယ့်နေ့ရက်တွေကို အမြန်ဆုံးပြန်ရောက်လာမယ်လို့ သူယုံကြည်ထားသလို အောင်ပွဲရတဲ့နေ့မှာသာ သူ့အိမ်ကိုပြန်ပြီး မိသားစုနဲ့အတူ အောင်ပွဲခံမယ်လို့လည်း ဆုံးဖြတ်ထားသူပါ။
“အိမ်ကတော့ ကျွန်တော်တို့က မပြီးမချင်းတော့မပြန်ဘူးပေါ့နော်။ ပြီးတဲ့အချိန်ကျမှပဲ ကျွန်တော်တို့ရဲဘော် ရဲဘက်တွေနဲ့အတူတူ ပြန်ကြမယ်ဆိုပြီး ဆုံးဖြတ်ထားတယ်”
ယုံကြည်ချက်နဲ့တိုက်ပွဲဝင်ရင်း ခန္ဓာကိုယ်စွန့်လွှတ်လိုက်ရပေမယ့် ဒဏ်ရာတွေသက်သာလာချိန်မှာ သူ့ရည်မှန်းချက်အတိုင်းပြည့်နိုင်ဖို့ အရှုံးမပေးဘဲ သူနိုင်တဲ့အားနဲ့ တော်လှန်ရေးမှာပါဝင်သွားမယ်လို့ ဆိုပါတယ်။