မိသားစုနဲ့အဝေးမှာနေရင်း စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ နိုင်ကျဉ်းဟောင်း
2023.12.04
၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ မဇူးဇူးမေယွန်းဟာ အသက် ခုနစ်နှစ်အရွယ် သားတစ်ယောက်နဲ့ ကိုးလအရွယ် သမီးတစ်ယောက်နဲ့ အစားအသောက်တွေကို အွန်လိုင်းကနေရောင်းချရင်း မိသားစုဘဝလေးကို သာသာယာယာ ဖြတ်သန်းနေသူ တစ်ယောက်ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းလိုက်တဲ့အခါ စစ်အာဏာသိမ်းတာကို ကိုယ်တိုင်လည်းဆန့်ကျင်ဆန္ဒပြခဲ့သလို ဆန္ဒပြသူတွေအတွက် ထောက်ပံ့ကူညီပေးနေရင်းကနေ ၂ဝ၂၁ ဧပြီလ ၂၂ ရက်နေ့မှာတော့ သူ ဖမ်းဆီးခံလိုက်ရပါတယ်။
"မိခင်တွေပိုင်တဲ့မြေကို ပြည်သူတွေ လက်ထဲ ပေးပါလို့ပဲ စစ်ကောင်စီကို ညီမက ဒီနေရာက ပြောချင်ပါတယ်’’
နိုင်ငံရေးပုဒ်မတွေထဲမှာ နာမည်ကြီးတဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅ (က) ပုဒ်မတပ်ခံရပြီး အင်းစိန်ထောင်မှာ ထောင်ဒဏ် သုံးနှစ်ချမှတ်ခံရပါတယ်။ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့ခံခဲ့ရပြီး နှစ်နှစ်ကျော်အကြာ ၂ဝ၂၃ ခုနှစ် မေလ ၃ ရက် ကဆုန်လပြည့်နေ့မှာ သူ ပြန်လွတ်ခဲ့ပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်မှ ဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လူမမယ်သားနဲ့သမီးအပါအဝင် မိသားစုကို စွန့်လွှတ်ပြီး တော်လှန်ရေးမှာ ဆက်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
‘’သူတို့က ကာစတန်မာတစ်ဦးအနေနဲ့ ညီမကို ဖုန်းဆက်ပြီးတော့ အစားအသောက် မှာတယ်။ အဲဒီကနေ တစ်ဆင့်မှ အစားအသောက် ပို့တဲ့ ဒယ်လီဗာရီကလေးတွေကို စောင့်ပြီး ညီမအိမ်မှာ ဝင်လာဖမ်းတယ်။ ကိုယ် ကရိုက်နှက်မခံရပေမဲ့ ကိုယ့်အနီးနားမှာ ကိုယ်နဲ့ အတူနေတဲ့ကလေးတွေ အရိုက်ခံထားရတာတွေ ရှိတယ်လေ။ ပြီးတော့ သက်ကြီးပိုင်းအမေအရွယ်တွေ မြင်ရတာ ညီမအနေနဲ့ အဆင်မပြေဘူး။ သူတို့ခံရတာ ကိုယ်ခံရသလိုမျိုး တဆစ်ဆစ်နဲ့ နာကျင်ရတယ်ပေါ့လေ။ နေရတဲ့ကာလမှာပေါ့ ကိုယ့်မျက်စိရှေ့မှာ ရိုက်နှက်ခံထားရတဲ့ကလေးတွေ ကျောင်းသူအရွယ်လေးတွေ မိခင်တစ်ယောက်နေနဲ့ပြောရမယ်ဆိုရင် ပိုပြီးတော့ မုန်းတီးမိတယ်ပေါ့ ဒီလိုမျိုးလုပ်ရက်လိုက်တာပေါ့။ အဲဒီမှာ ညီမစိတ်ပိုင်းဆိုင်ရာစပြီးတော့ ထိခိုက်ခဲ့ရပါတယ်’’
အခုဆိုရင် ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသူဖြစ်ခဲ့တာမို့ အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေအတွက် ထောက်ပံ့ကူညီတာတွေကိုလည်း လွတ်မြောက်နယ်မြေတစ်ခုကနေ လုပ်ဆောင်နေပါတယ်။ သူဟာ မကြာသေးခင်ကမှ ထောင်ကနေ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့လက်တွဲပြီး နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပါတယ်။
‘’ကိုယ်က နိုင်/ကျဉ်းတစ်ယောက်ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေရဲ့ခံစားချက်ကို နားလည်တယ်။သတင်း အမှောင်ချခံခဲ့ရတယ်။ ဒီ နှစ်နှစ်ကျော် ဖြတ်သန်းလာခဲ့ရတာ မလွယ်ခဲ့ဘူးလေ နော်။ ပါဆယ်တွေ ပိတ်ပင်လိုက်တဲ့အခါမှာ စားရေးသောက်ရေးကအစ ခက်ခဲတာမျိုးတွေပေါ့လေနော်။ ကိုယ်တွေ လွတ်လာတဲ့အခါ သူတို့ကိုလဲ လွတ်စေချင်တယ်ပေါ့နော်။ အဲဒီခံစားချက်က လွတ်လာတဲ့သူတွေပဲ သိတယ်။ နိုင်ကျဉ်းတွေနောက်မှာ ငါတို့နိုင်ကျဉ်းတွေ ရှိမှရမယ်ဆိုတဲ့ စိတ်နဲ့ပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆိုပြီး တော်လှန်ရေးမောင်နှမတွေပါပဲ။ နိုင်ကျဉ်းတွေပဲ ဖွဲ့စည်းထား လိုက်တာပေါ့နော်။ နိုင်ငံရေးအကျဉ်းသားတွေ တစ်ယောက်မကျန် ခြွင်းချက်မရှိ လွတ်မြောက်ဖို့ပဲ ကြိုးစားချင်လို့ ဖွဲ့စည်းလိုက်တာပါ။အဲဒီထဲမှာ ပါဆယ်မလာ၊ စျေးဘားမလာ၊ ဆေးဝါးကုသခွင့်မရတာမျိုး၊ အဲဒါတွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။ အဓိက လွတ်မြောက်ဖို့၊ ထောင်ဝင်စာ တွေ့ခွင့်ရဖို့၊ လစဉ် ကမ်ပိန်းပုံစံမျိုးနဲ့ လုပ်ဆောင်နေတယ်။ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေ မလွတ်မချင်း ကြိုးစားသွားမယ်ပေါ့နော်’’
သူအကျဉ်းချခံခဲ့ရတဲ့ နှစ်နှစ်ကျော်ကြာ အတွေ့အကြုံအရ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေရဲ့လူ့အခွင့်အရေးချိုးဖောက်တဲ့ လုပ်ရပ်တွေကိုလည်း မဇူးဇူးမေယွန်းက ပြန်ပြောင်းပြောပြပါတယ်။
"ထောင်ထဲမှာ စောင့်ကြည့်တာတွေ ရှိတယ်။ ညီမရဲ့ပါဆယ်ဆို သူများနည်းတူမရတဲ့ဟာတွေ ရှိတယ်။ အပြင်က အသိမိတ်ဆွေတွေဆီက တရားဝင်စာရရင် ညီမလက်ထဲမရောက်တာတွေ ရှိတယ်ပေါ့။ ထောင်ဝန်ထမ်းတွေ ကြည့်တာကတစ်မျိုးပေါ့ သူများကို ရှာဖွေရေး ဒီလောက်ပဲလုပ်ရင် ကိုယ့်ကို ဦးစားပေးပြီးရှာသွားတာမျိုးပေါ့။ အင်းစိန်ထောင်မှာရော ဒိုက်ဦးထောင်မှာရော ရင်ဆိုင်ခဲ့ရတယ်။ ၂၀၂၁ ခုနှစ် ၁၉ ဇူလိုင်မှာ မှတ်မှတ်ရရ ကိုဗစ်ကာလပေါ့နော်။ ကိုဗစ်ကာလအကြောင်းပြုပြီး လော့ဒေါင်း လုပ်ချပစ်လိုက်တယ်။ ပါဆယ်တွေ ပိတ်လိုက်တယ်။ ရုံးထုတ်ခွင့်တွေ ပိတ်လိုက်တယ်။ အဲဒီမှာ ဆေးဝါးလုံလောက်မှုမရှိတာတွေ စ ဖြစ်လာတယ်။ ပြီးတော့ အစားအသောက်တွေ ချို့တဲ့လာတာ။ သက်ပြီးပိုင်းတွေရော လူငယ်တွေရော ကိုဗစ်ကူးစက်လာတာ ညီမလဲ အင်းစိန်ထောင်မှာ ကိုဗစ်ကူးလာခဲ့တယ်’’

ထောင်ထဲမှာရှိနေချိန်က နိုင်ငံရေးအကျဉ်းသားတွေအပေါ် ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ခံစားခဲ့ရလို့ ဝါသနာအလျောက် သီချင်းရေးစပ်သီဆိုထားတယ်လို့လည်း ဆိုပါတယ်။
"တော်လှန်ရေးသီချင်းတွေ ညီမ မကြာခင်ချပြမယ်။ ပြည်သူလူထု ရင်ဘတ်ထဲကိုပေါ့နော်။ နိုင်ငံရေးအကျဉ်းသူတွေရဲ့ ခံစားချက်လေးတွေကိုပေါ့နော်။ အင်းစိန်ထောင် ဒိုက်ဦးထောင်တွေထဲက နိုင်ကျဉ်းသူတွေ ကိုယ်တိုင်က မိုတီရခဲ့တယ်။ စိတ်ထားတက်စေတယ်ပေါ့နော်။ တိုက်ပိတ်ခံထားရရင်တောင် ဒီသီချင်းတွေဆိုနေရင် အလိုလိုနေရင်း အားငယ်စိတ်တွေ ပျောက်ခဲ့တယ်ပေါ့နော်။ သံတိုင်နောက်က တွဲလက်များနဲ့ နိုင်ကျဉ်းမိခင်ဆိုတဲ့ နှစ်ပုဒ် ထွက်ဖို့ရှိပါတယ်’’
ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ သားနဲ့သမီးကို လွမ်းလို့ အားလပ်ချိန်တွေမှာ အသိမိတ်ဆွေတွေရဲ့ ကလေးတွေနဲ့ ဆော့ပြီး အလွမ်းဖြေလေ့ရှိပါတယ်။
ကိုယ့်မိသားစုဆွေမျိုးတွေမရှိတဲ့နေရာမှာ အမျိုးသမီးတစ်ယောက် ရေရှည်ရပ်တည်နိုင်ဖို့ အခက်အခဲတွေကြားက ရုန်းကန်ရင်း တော်လှန်ရေး အောင်မြင်ဖို့အထိ မျှော်လင့်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။
"ထောင်ထဲမှာဆိုရင် အဆောင်မှာ ထားလိုက်။ တိုက်ထဲမှာထားလိုက် လုပ်နေရင်းကနေ အဲဒီတိုက်ထဲမှာနေလာရတဲ့ ဝေဒနာက စိတ်ပိုင်းဆိုင်ရာ လာထိနေတာပေါ့။ ညီမတစ်ယောက်တည်း မနေချင်ဘူး။ အထီးကျန်တဲ့ ခံစားချက်ကို ညီမမခံစားချင်ဘူး။ ဒါပေမဲ့လဲ လက်ရှိမှာ အခုလိုပဲ ခံစားနေရတယ်။ ဒါပေမဲ့ ညီမတို့က စိတ်ဓာတ်ကျလို့မရဘူး၊ ဘယ်လိုပြောမလဲ တော်လှန်ရေးကပြီးတော့မှာ မဟုတ်ဘူး၊ ညီမတို့ရဲ့ပါဆင်နယ်အရ ဝမ်းနည်းချင် ဝမ်းနည်းနေမယ် လွမ်းရင်လဲ လွမ်းနေမယ်။ ခံစားချက်တွေလဲ ရှိရင်ရှိမယ်။ တော်လှန်ရေးတောင်မှ ရပ်တည်မှုက ဘယ်ဘက်ကို ရပ်တည်မှာလဲ။ ကိုယ့်မိသားစုရပ်တည်မှုက ပြတ်သားရမယ်။အဲဒီအခါကျရင် စိတ်ဓာတ်တွေက မာကျောလာလိမ့်မယ်။ ဒီတော်လှန်ရေးမှာ ညီမတို့ ပြည်သူတွေနိုင်မယ်။ ပြည်သူတွေရဲ့ အာဏာပြည်သူ့လက်ထဲ ပြန်ပေး ဒါဆို ညီမတို့မိခင်အနေနဲ့ ကျေနပ်တယ်။ နောက်ဆုံးပိတ်ပြောချင်တာက ညီမတို့တော်လှန်ရေးမှာ နိုင်မယ် အဆုံးထိလဲ သွားမယ်။ ပြီးတော့ မိခင်တွေပိုင်တဲ့မြေကို ပြည်သူတွေ လက်ထဲ ပေးပါလို့ပဲ စစ်ကောင်စီကို ညီမက ဒီနေရာက ပြောချင်ပါတယ်’’
သူ့ဆန္ဒကတော့ တော်လှန်ရေးအောင်မြင်တဲ့အခါ သားနဲ့သမီးကို ပြန်လည်ပြုစုစောင့်ရှောက်ခွင့်ရဖို့နဲ့ အာဏာရှင်အမြစ်ဖြတ်ရေးကာလမှာ အသက်ဆုံးရှုံးလိုက်ရသူတွေနဲ့ မိသားစုမစုံလင်တော့လို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရသူတွေအတွက် တရားမျှတမှုရဖို့ပဲ ဖြစ်ပါတယ်။