အာဏာသိမ်းမှုကြောင့် ဝမ်းရေးခက်လာတဲ့ ချင်းတောင်ပေါ်က မိသားစု
2021.08.30
စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ် တီးတိန်မြို့မှာ ကိုဗစ်ကပ်ရောဂါနဲ့ အလုပ်အကိုင်ရှားပါးမှု ဒဏ်ကို အလူးအလဲရင်ဆိုင်နေရတဲ့အတွက် ဒေါ်ဇမ်ခန့်ကျိမ်တစ်ယောက် မိသားစုကို ဝဝလင်လင် ရှာဖွေကျွေး မွေးဖို့ ခက်ခဲလာပါတယ်။
တီးတိန်မြို့ရဲ့ အောက်ဘက်က လွယ်ဘွားလ်ရပ်ကွက်မှာနေထိုင်တဲ့ သူတို့မိသားစုမှာ သားသမီး ကိုးဦး အပါအဝင် စုစုပေါင်း ၁၂ ဦးရှိပါတယ်။
ဒေါ်ဇမ်ခန့်ကျိမ်ဟာ မိသားစုဝမ်းရေးအတွက် သူများအိမ်တွေမှာ ကြုံရာကျပန်းလုပ်တာ၊ တောတောင်တွေထဲ မျှစ်လိုက်ချိုးတာတွေ လုပ်ပေမယ့် အလုပ်ကပုံမှန်မရှိတဲ့အတွက် အရေပြားရောဂါဖြစ်နေတဲ့ ၈ လအရွယ် သမီးလေးကို ဆေးကုပေးဖို့ ခက်ခဲနေပါတယ်။
“သားသမီးတွေအတွက် အစားအသောက်တွေ၊ ဆေးဝါးတွေ ကောင်းကောင်းမကျွေးနိုင်ဘူး။ အခုချိန်မှာ အလုပ်ရဖို့ ခက်တယ်။ ရောဂါတွေကြောင့်လည်း အပြင်သွားလို့ သိပ်အဆင်မပြေဘူး။ တောင်ယာလည်း လုပ်ပါတယ်။ ကလေးတွေက နေမကောင်းတဲ့သူလည်း ရှိတယ်ဆိုတော့ တောင်ယာမှာ အားစိုက်ပြီး သေချာမလုပ်နိုင်ဘူး။ တခြားကတော့ သူများဆီမှာ အလုပ်သွားလုပ်တယ်”
ငွေကြေးမရှိတဲ့အတွက် အရေပြားရောဂါဖြစ်နေတဲ့ သမီးလေးကို ဒီနေ့အထိ ဆေးမကုပေးနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒေါ်ဇမ်ခန့်ကျိမ်တို့ မိသားစုမှာ လူ ၁၂ ဦးအတွက် တစ်နေ့ကို ဆန်တစ်ပြည်လောက် ချက်ပြုတ်ရပေမယ့် အဲဒီဆန်ကိုရဖို့တောင် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ရှာဖွေနေရတာပါ။
"သားသမီးတွေက အသား အရမ်းစားချင်တာ။ အသားကို ကျွန်တော် အကြွေးနဲ့ ဝယ်ရတယ်”
ခေတ်ကာလ အခြေနေမကောင်းတာ၊ ကိုဗစ်ရောဂါကြောင့် အပြင်မထွက်ဖို့ ကန့်သတ်တာတွေ ရှိတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ကျားကုတ်ကျားခဲ ကြိုးပမ်းနေရပါတယ်။
သူတို့မိသားစုရဲ့ အခက်အခဲကိုသိတဲ့ သူတွေကတော့ ဆန်တွေကူညီပေးကြတယ်လို့ အတူနေထိုင်တဲ့ ဒေါ်ဇမ်ခန့်ကျိမ်ရဲ့ ယောက္ခမဖြစ်သူ ဒေါ်ဝုန်နွမ့်ကျိမ်က ပြောပါတယ်။
“အလုပ်မရှိဘူး။ လုပ်ရမယ့်ဟာလည်း မရှိဘူး။ သူများကူညီမှ စားရတယ်။ အရင်တုန်းကတော့ ကျွန်မ သူများဆီမှာ အလုပ်လိုက်လုပ်တယ်။ အခုတော့ အသက်ကြီးပြီးဆိုတော့ မငှားကြတော့ဘူး။ လုပ်လည်း မလုပ်နိုင်တော့ဘူး။ ဘယ်သူကမှလည်း မငှားချင်တော့ဘူး။ အခု ကိုဗစ်ရောဂါကြောင့် အပြင်မထွက်ဖို့၊ အိမ်ထဲမှာပဲနေဖို့ ရပ်ကွက်လူကြီးတွေက ပြောထားတယ်။ ဘေးပတ်ဝန်းကျင်မှာလည်း ကိုဗစ်ပိုးရောဂါ ဖြစ်တဲ့သူလည်း ရှိနေတော့ အပြင်ထွက်ဖို့လည်း မဖြစ်ဘူး။ ရပ်ကွက်ထဲက လူတွေပဲဖြစ်ဖြစ်၊ မြို့ထဲကလူ တွေပဲဖြစ်ဖြစ် ကျွန်မတို့ အခက်အခဲ သိတဲ့သူတွေက ဆန်နို့ဆီဗူး ၅ ဗူး၊ ၁၀ ဗူး ကူညီကြတယ်။ အဲဒါနဲ့ပဲ စားနေရတာ။ အိမ်မှာ တစ်ရက်ကို ဆန်တစ်ပြည်လောက် ကုန်တယ်။ ဆန်တစ်အိတ်ဆိုလည်း ဘယ် လောက်မှ မစားရဘူး။ အရမ်းတော့ ခက်ခဲပါတယ်”
ဒေါ်ဇမ်ခန့်ကျိမ်ရဲ့ ခင်ပွန်းဖြစ်သူ ဦးကျင်ခန့်ခိုင် ကလည်း အခုအလုပ်အကိုင် ရှာမရဖြစ်နေတာကြောင့် သူ့ရဲ့ကလေးတွေအတွက် ဟင်းကောင်းတစ်ခွက်တောင် ဝယ်မကျွေးနိုင်တော့တာကို စိတ်မကောင်း ဖြစ်နေပါတယ်။
“ကျွန်တော်တို့ရဲ့ သားသမီးအမွှာတွေကလည်း ကျန်းမာရေး သိပ်မကောင်းဘူး။ ကျွန်တော်တို့က အရမ်း ဆင်းရဲပါတယ်။ အရမ်းရှက်ပေမယ့်လည်း ကျွန်တော်တို့ မပြည့်စုံတဲ့အကြောင်းကို ပြောရဲတယ်။ ကျွန်တော်ရဲ့ သားသမီးတွေက အသားကို အရမ်းစားချင်တာ။ အသားကို ကျွန်တော် အကြွေးနဲ့ ဝယ်ရတယ်”
တီးတိန်မြို့ ခရစ်ယာန်အသင်းတော်ကနေ ကိုဗစ်ကာလမှာ ခက်ခဲတဲ့ မိသားစုကို ငွေငါးသောင်းစီ ထောက်ပံ့ ပေးပါတယ်။
ဒီအထောက်အပံ့ဟာ ဝမ်းရေးခက်နေတဲ့ သူတို့ရဲ့မိသားစုအတွက် အားကိုးစရာတစ်ခုပါ။ ဒါပေမဲ့ မိသားစု အတွက် နောက်ထပ်လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကလေးတွေပါ ပါဝင်ရုန်းကန်နေရတယ်လို့ ဒေါ်ဇမ်ခန့်ကျိမ်ရဲ့ ယောက္ခမ ဒေါ်ဝုန်နွမ့်ကျိမ် က ပြောပါတယ်။
“အသင်းတော်ကနေ ငါးသောင်းပေးတယ်။ အဲဒါနဲ့ ဆန်တစ်အိတ်ကို ဝယ်လိုက်တယ်။ သူများပေးတာနဲ့ပဲ စားရတယ်။ တောထဲသွားတယ်။ ထင်းရှာတယ်။ မျှစ်ချိုးတယ်။ မျှစ်က ရောင်းဖို့ပေါ့။ သူ့အဖေလည်း လိုက်သွားတယ်။ သူ့အဖေနဲ့ ကလေးတွေနဲ့ သွားတာ။ တစ်ထောင်၊ နှစ်ထောင်ဖိုးလောက်ရလည်း စားဖို့သောက်ဖို့ရတာပေါ့။ ဒီချိန်မှာတော့ ကျွန်မသားက ဝင်ငွေရတဲ့အလုပ် မရှိပါဘူး။ တောင်ယာမှာ ပြောင်းဖူးတော့ စိုက်တယ်။ ဒါပေမဲ့ အရင်လိုတော့ သိပ်မဖြစ်ထွန်းဘူး။ တောထဲက ရှဉ့်တို့၊ ကြက်တူးရွေး တို့က လာစားကြတာ။ စားသောက်ဖို့အတွက် တစ်နေ့လုပ်တစ်နေ့စားဆိုတော့ တောင်ယာကိုလည်း သိပ်မသွားနိုင်ဘူး”
တီးတိန်မြို့မှာ လူဦးရေ တစ်သိန်းလောက်ရှိပြီး အဲဒီအထဲက သုံးပုံတစ်ပုံ လောက်ဟာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆင်းရဲနွမ်းပါးသူတွေကို တနိုင်တပိုင် အကူအညီပေးနေတဲ့ မြို့ခံတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းဟာ ပြီးခဲ့တဲ့ မေလလယ်လောက်က စလို့ ချင်းပြည်နယ်မှာ ပထမဆုံး စတင်ကူးစက်ခဲ့တာပါ။ ဒေသခံတွေဟာ အဲဒီအချိန်ကတည်းက စီးပွားရေး၊ စားဝတ် နေရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာခဲ့ကြရတာပါ။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးနဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး ကိုဗစ်ကပ် ရောဂါအပြင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဆိုးရွားတဲ့အကျိုးဆက်တွေကြောင့် တနေ့စာ တစ်နေ့လုပ်ကိုင် စားသောက်နေရတဲ့ အခြေခံလူတန်းစားတွေအတွက်ကတော့ အခက်အခဲဆုံးအချိန်တွေနဲ့ ရင်ဆိုင်နေကြရတာပါ။