ဆင်းရဲမွဲတေမှုကြောင့် လိင်ဖျော်ဖြေသူ ဖြစ်နေရတဲ့အမျိုးသမီး
2024.02.01
“မိသားစုလည်း များတဲ့အတွက် ဆယ်ယောက်လောက်ရှိတဲ့အတွက် ကျွန်မတို့တွေဟာ မလုပ်ချင်ဘဲနဲ့ လုပ်နေရတယ်။ ဒါပေမဲ့ အိမ်ကနေ ထွက်သွားပြီဆိုတာနဲ့ အင်းစိန်ကိုတစ်ဖက်လှမ်းနေသလို ဘဝတွေက ဖြစ်နေတာပေါ့နော်။ အလုပ်ထဲ ထွက်သွားပြီဆိုတာနဲ့ ကိုယ့်ဘဝတစ်ဝက်လောက်က သူများတကာကိုပေးရသလို ဖြစ်သွားပြီလေ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်နဲ့ အဆင်မပြေဘူး”
မိသားစု စားဝတ်နေရေးအတွက် လိင်ဖျော်ဖြေတဲ့ဘဝနဲ့ ဝင်ငွေရှာနေရတဲ့ ရန်ကုန်မြို့က နာမည်လွှဲထားတဲ့ မအေးယု ပြောပြနေတာပါ။
သူ ၁၈ နှစ်အရွယ်ကတည်းက မိဘနှစ်ပါးနဲ့ မိသားစုအတွက် အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ရတဲ့လစာနဲ့ စားဝတ်နေရေးမလောက်လို့ သူငယ်ချင်းတစ်ယောက်ဆက်သွယ်ပေးတဲ့ မြဝတီမြို့ဘက်က အနှိပ်ခန်းကို ရောက်သွားတဲ့အချိန်ကနေစပြီး လိင်ဖျော်ဖြေရေးလုပ်ငန်းထဲ ရောက်ခဲ့ရတာလို့ဆိုပါတယ်။
“ဒီဘဝကနေရုန်းထွက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားမယ်ဆိုရင်တောင် လူ့အဖွဲ့အစည်းက အဆိုးမြင်တတ်ကြတယ်”
ဒီကြားထဲမှာ အိမ်ထောင်ကျပြီး သားသမီးနှစ်ယောက်ရခဲ့သလို ယောက်ျားဖြစ်သူက ကွယ်လွန်သွားခဲ့ပါပြီ။
ဒါကြောင့် သားသမီးတွေကို အဘိုးအဘွားအိမ်မှာထားပြီး သူကတော့ ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာ ဘဝတူအချင်းချင်းစုပြီး အဆောင်ငှားနေကြတယ်လို့ ဆိုပါတယ်။ အခု အသက် ၃၂ နှစ်အရွယ်အထိ ဒီဘဝကနေ ရုန်းမထွက်နိုင်သေးဘူးလို့ မအေးယုကပြောပါတယ်။
“ဒီလောကထဲက ရုန်းထွက်ချင်တာပေါ့။ အခုအချိန်ထွက်မလား၊ နင်တို့ ဘာရောင်းစားမလဲလို့ မေးကြည့်၊ ရုန်းထွက်ချင်နေကြတာ၊ ပျော်လို့ဆိုပြီး တစ်မိနစ် တစ်စက္ကန့်တောင် လုပ်စားချင်တဲ့သူ ဘယ်သူမှမရှိဘူး”
ကျန်းမာရေး မကောင်းတဲ့အချိန်ဆိုရင် လူဦးရေများတဲ့ သူတို့မိသားစုအဖို့ အတိုးနဲ့ငွေချေးပြီး စားသောက်ကြရတယ်လို့ဆိုပါတယ်။
အဲဒီလို ရုန်းလေနစ်လေဖြစ်နေတဲ့ဘဝမှာ အဖမ်းခံရမှာကိုလည်း ကြောက်ရသလို အနိုင်ကျင့်တတ်တဲ့သူတွေကြောင့် မိအေး နှစ်ခါနာရတဲ့အခါမျိုးတွေနဲ့လည်း ကြုံရတတ်တယ်လို့ မအေးယုကပြောပြပါတယ်။
“တစ်ဘက်က ရဲလာလား၊ ဘယ်သူ လာတာလဲ၊ ဖမ်းတဲ့သူ လာတာလား၊ လူမိုက် လာတာလား၊ ကိုယ့်ကို မတရားလုပ်မယ့်သူ လာတာလား၊ တစ်ခါတလေ ဧည့်သည်ခေါ်သွားရင်လည်း ဧည့်သည်မြင်တိုင်း ပိုက်ဆံပေးတိုင်း ညီမတို့ဘဝက လိုက်လို့မရဘူး။ နောက်ဆုံး အပေါ်ရောက်ရင် ခေါ်သွားတာကတစ်ယောက်ထဲ အပေါ်မှာနှစ်ယောက် ဖြစ်ချင်လည်းဖြစ်မယ်၊ သုံးယောက်ဖြစ်ချင်လည်းဖြစ်မယ်၊ ညီမတို့ကို ဒီလိုမျိုး အနိုင်ကျင့်တာတွေလည်းရှိတယ်။ တိုင်လို့ ပြုလို့လည်း မရဘူး”
သူ့အစ်မဖြစ်တဲ့ နာမည်လွှဲထားတဲ့ မပပကလည်း လိင်ဖျော်ဖြေရေး လုပ်ခဲ့တာကြောင့် အိပ်ချ်အိုင်ဗွီ (HIV) ရောဂါကူးစက်ခံစားနေရပြီး ART ဆေးသောက်နေရပါတယ်။ ဒါကြောင့်လည်း သူ့ညီမကို ဒီအလုပ်က ရုန်းထွက်စေချင်တယ်လို့ ပြောပါတယ်။
“မိသားစုစားဝတ်နေရေး တကယ်အဆင်မပြေလို့သာ လုပ်ရတာပါ။ ကျွန်မသာ ပိုက်ဆံချမ်းသာရင် ညီမလေးကို ဒီအလုပ် မခိုင်းပါဘူးရှင်။ တတ်နိုင်လို့ရှိရင် ညီမလေးလို လုပ်နေကြတဲ့ အမျိုးသမီးတွေအကုန်လုံး ဒီလိုအလုပ်မျိုးကို မလုပ်စေချင်ပါဘူးရှင်။ တကယ်ကို ပတ်ဝန်းကျင်က ကဲ့ရဲ့တဲ့အလုပ်ပါ”
မအေးယုကတော့ သူတို့ညီအစ်မနှစ်ယောက်ရဲ့ အဖြစ်ဆိုးလိုမျိုး သူရဲ့သားသမီးတွေ မကြုံရအောင် သူအသက်ရှင်နေသမျှ ကြိုးစားသွားမယ်လို့ ပြောပါတယ်။
“ကိုယ်အသက်ရှင်နေသမျှကတော့ သားသမီးတွေကို ရအောင်ရှာကျွေးမယ်။ ရအောင်ဆင်မယ်။ ရအောင် လုပ်ငန်းတစ်ခုကို တည်ထောင်ပေးမယ်။ ကိုယ့်ဘက်က ပံ့ပိုးနိုင်သလောက်ကတော့ ပံ့ပိုးပေးမယ်။ ကိုယ်ဖြစ်သလို ကိုယ့်သားသမီးတွေကိုတော့ အဖြစ်မခံနိုင်ဘူး”
မအေးယုတို့လို အမျိုးသမီးတွေဟာ ဒီဘဝကနေရုန်းထွက်ပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားမယ်ဆိုရင်တောင် လူ့အဖွဲ့အစည်းက အဆိုးမြင်တတ်ကြတယ်လို့ (Nude Art Model) ဝတ်လစ်စလစ် အနုပညာမော်ဒယ် ခိုရီဆုက ပြောပါတယ်။
“ဒီအလုပ် လုပ်စားပါတယ်လို့ နာမည်ထွက်ထားတဲ့သူကို Society လူ့အဖွဲ့အစည်းက ပြန်ပြီးလက်မခံတာတွေရှိတယ်။ အဲဒီတော့ လူတွေက ဒီဘဝကနေပြန်ပြီး ရုန်းထွက်ချင်ပေမယ့် အတိတ်မဲကြီးလို အရိပ်မဲကြီးလိုပဲ။ ကိုယ့်နောက်ကို တစ်သက်လုံးလိုက်လာပြီးတော့ ကိုယ်ကောင်းရင်လည်း Society လူ့အဖွဲ့အစည်းက မကောင်းဘဲမြင်တဲ့အတွက် ရုန်းဖို့ကို ပိုပြီးခက်သွားကြတယ်။ ရေနစ်တဲ့သူကို ဝါးကူထိုးရာပဲ ရောက်တယ်”
စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အိပ်ချ်အိုင်ဗွီ (HIV) ရောဂါပိုး ကူးစက်ခံထားရတဲ့သူ နှစ်သိန်းခုနစ်သောင်းကျော်ရှိတယ်လို့ သိရပါတယ်။
၂၀၂၂ ခုနှစ်ကနေ အခုချိန်ထိတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။ အိပ်ချ်အိုင်ဗွီ ရောဂါကုသရေးအတွက် (ART) ဆေးဝယ်ဖို့ နိုင်ငံတော်က အမေရိကန်ဒေါ်လာ ၁၆ သန်း ဘဏ္ဍာငွေထုတ်ပေးထားတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးက ပြောထားပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ လူနာတွေဟာ ဆေးရဖို့ခက်ခဲနေတယ်လို့ ပြောကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ အခုလို အလုပ်တွေပိုပေါလာသလို ဒီအလုပ်ကို မတတ်သာလို့လုပ်ရတဲ့ အမျိုးသမီးတွေမှာ အကာအကွယ်မဲ့ပြီး ခေါင်းပုံဖြတ်ခံနေရတယ်လို့ အမျိုးသမီးရေး လှုပ်ရှားသူ မမေစပါယ်ဖြူကပြောပါတယ်။
“ဘားတွေ၊ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာလုပ်ငန်းတွေ ပိုပြီးတွင်ကျယ်လာတာ တွေ့ရတယ်။ ကျွန်မတို့ ၂၀၂၂-၂၃ အတွင်းမှာ ပြည့်တန်ဆာ အမျိုးသမီးလေးတွေ ခုနစ်ရာ ရှစ်ရာလောက်ကို အင်တာဗျူးတော့ သူတို့က လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာ ရုပ်ပိုင်း စိတ်ပိုင်း အကြမ်းဖက်မှုတွေ တွေ့ကြုံခံစားရတယ်လို့ အဲဒီရှစ်ရာလောက်က ဖြေကြားထားတာကိုတွေ့ရတယ်။ ဒီပြည့်တန်ဆာလုပ်ငန်းက ကျွန်မတို့နိုင်ငံမှာ ဥပဒေအရ အရေးယူလို့ရတဲ့လုပ်ငန်း ဖြစ်တဲ့အခါမှာ အခုလိုမျိုး အန္တရာယ်ရှိမယ်မှန်းသိပေမယ့်လည်း လုပ်ကိုင်ရတဲ့အခါမှာ သူတို့အတွက် အကာအကွယ် ပေးရမယ့်သူတွေအပေါ်မှာလည်း ယုံကြည်အားကိုးနိုင်မှုက လုံးဝမရှိတဲ့အခါမှာ အကြမ်းဖက်ခံနေရတယ်။ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတယ်ဆိုတာကိုတော့ ထင်ထင်ရှားရှားတွေ့ရပါတယ်”
မအေးယုကိုယ်တိုင်လည်း ပြည့်တန်ဆာနှိမ်နင်းရေး ဥပဒေပုဒ်မ - ၃ (ခ) နဲ့ အဖမ်းခံရဖူးတယ်လို့ ပြောပါတယ်။ ဒီကာလမှာ ခန္ဓာကိုယ်နဲ့ရင်းပြီး ငွေရှာရတဲ့လောကထဲ အမျိုးသမီးလေးတွေ ပိုရောက်လာတယ်လို့ မအေးယုက ပြောပါတယ်ရှင်။
“ဒီစီးပွားရေး အနေထားတွေနဲ့ဆို ပိုပိုပြီး များလာတာပဲရှိတယ်။ လျော့သွားတယ်ဆိုတာမရှိဘူး။ ဒီနေ့ တစ်ယောက်ဖမ်းခံရင် နောက်နေ့ သုံးယောက်ရောက်လာတယ်။ ဒီနေ့ နှစ်ယောက်ဖမ်းခံရရင် နောက်နေ့ ငါးယောက်လောက်က ရောက်လာတယ်။ ဒီနေရာကို အသစ်အသစ်ဆိုတာ ကောင်မလေးတွေဆိုတာ အများကြီး အများကြီး တိုးလာတာပဲရှိတယ်။ လျော့သွားတယ်ဆိုတာ မရှိဘူး”