စစ်ဘေးနောက်ဆက်တွဲဆိုးကျိုး ခံစားနေရဆဲ ရခိုင်ဒုက္ခသည်မိန်းကလေး
2023.08.16

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ် စက်ရုံစုကျူးကျော်ရပ်ကွက်က တာပေါ်လင်တစ်ချပ်နဲ့ မိုးကာထားတဲ့ တဲအိမ်လေးထဲမှာ မအေးစံဝင်းတို့မိသားစု နေထိုင်နေတာပါ။
မအေးစံဝင်းတစ်ယောက် အရွယ်မရောက်သေးတဲ့ သူ့သားသမီးတွေ၊ သူရဲ့မောင်နှမတွေနဲ့ အတူ ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်နေရပါတယ်။
“မနက်ကလေ ဆန်မရှိတော့ ထမင်းမချက်စားနိုင်ဘူး။ ကလေးတွေကို အိမ်နား ပတ်ဝန်းကျင်က ထမင်းကျန်၊ ဟင်းကျန် တောင်းပြီးကျွေးတယ်။ ကျွန်မကတော့ မစားရဘူး။ အဓိက သူတို့ ဗိုက်တင်းဖို့လိုတယ်။ ကျွန်မကတော့ ဗိုက်ဆာလာရင် ရေလေးသောက်ပြီးနေတယ်။ ကလေးတွေကျ မခံနိုင်ကြဘူး။ ငိုကြတယ်။ ဗိုက်ဆာလာရင် အငယ်ဆုံးလေးက ပိုငိုတယ်။ ဒါကြောင့် မရှိရှိတာရှာပြီး ပေးထားရတယ်”
အသက် ၂၃ နှစ် အရွယ်သာရှိသေးတဲ့ မအေးစံဝင်းမှာ သူအပါအဝင် သုံးနှစ်အရွယ် သားလေး တစ်ဦး၊ ခြောက်လအရွယ် သမီးလေး တစ်ဦးနဲ့ အရွယ်မရောက်သေးတဲ့ မောင်နှမ လေးဦး၊ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူနဲ့ စုစုပေါင်း မိသားစု ရှစ်ဦးရှိပါတယ်။
"ကျွန်မရဲ့ သားလေးကိုလည်း သူများကို မွေးစားဖို့ ပေးထားပါတယ်"
သူတို့မိသားစုဟာ ရသေ့တောင်မြို့နယ် ထီးဇွဲရွာဇာတိဖြစ်ပြီး ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့တာကြောင့် ၂၀၂၀ ခုနှစ် ကတည်းက စစ်တွေမြို့ပေါ်ကို ထွက်ပြေးခိုလှုံခဲ့တာပါ။
စစ်တပ်နဲ့ AA တို့အကြား ၂ဝ၁၈ ခုနှစ်ကစပြီး ပြင်းထန်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် မအေးစံဝင်းတို့လို စစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ ဒုက္ခသည် နှစ်သိန်းကျော်အထိရှိခဲ့သလို AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံခဲ့ရသူလည်း မနည်းပါဘူး။
AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရသူတွေထဲမှာ သူ့ရဲ့ခင်ပွန်း ဦးထွန်းဝင်းနိုင်လည်း ပါဝင်ပါတယ်။ ၂၀၂၂ ခုနှစ် နှစ်လယ်လောက်က AA နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲ ဖြစ်ပွားချိန်မှာ အဖမ်းခံခဲ့ရတာပါ။
ခင်ပွန်းဖြစ်သူ အဖမ်းခံထားရချိန်က ငွေကြေးအခက်အခဲတွေကြောင့် ရုံးချိန်တွေကိုတောင် သူသွားမတွေ့နိုင်ခဲ့ပါဘူး။
“အမျိုးသား အဖမ်းခံရတာက အိမ်မှာအိပ်နေတုန်း စစ်တပ်နဲ့ ALP အဖွဲ့ကလာတယ်။ အိပ်နေတုန်း ဆွဲခေါ်ပြီးရိုက်တယ်။ ကျွန်မကိုလည်း ရိုက်တယ်။ အဲဒီတုန်းက ဒီကလေးဟာ ဗိုက်မှာ။ သူတို့က မင်းနာမည် ဘာလဲလို့ မေးတယ်။ အမျိုးသားက ထွန်းဝင်းနိုင်လို့ ဖြေတယ်။ မင်းဘာအလုပ်လုပ်လဲ မေးတယ်။ ကျွန်တော် ကျပန်း လုပ်စားတယ်လို့ ဖြေတယ်။ AA နဲ့ ဆက်စပ်မှုရှိလား မေးတယ်။ မရှိဘူးပြောတယ်။ ပြီးရင် ကျွန်မအမျိုးသားကို ရိုက်ပြီးဖမ်းခေါ်သွားတယ်။ ပြီးရင် သူတို့ တရားစွဲတယ်။ ၁၇ (၁) ပုဒ်မနဲ့ စွဲတယ်။ သူ့ရုံးချိန်းတွေဆို သွားတဲ့အခါ သွားတယ်။ မသွားတဲ့အခါ မသွားဘူး။ ပိုက်ဆံမရှိတော့ မသွားတာများပါတယ်”
သူ့ရဲ့ခင်ပွန်းဟာ ၂ဝ၂၂ အောက်တိုဘာလကစပြီး အချိန် တစ်နှစ်နီးပါးကြာ ဖမ်းဆီး တရားစွဲခံခဲ့ရပါတယ်။
မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁) နဲ့ စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံခဲ့ရတာဖြစ်ပြီး သြဂုတ်လ ၁ ရက်နေ့ကမှ လွတ်မြောက်လာခဲ့တာပါ။
သူတို့မိသားစု ရွာမှာနေစဉ်က ပြေလည်ခဲ့ပေမယ့် အခုတော့ တစ်ရက်ကို ထမင်း တစ်နပ်တောင် နပ်မမှန်ဘူးလို့ မအေးစံဝင်းက ပြောပါတယ်။
ဒီလိုခက်ခဲမှုတွေကြောင့် မအေးစံဝင်းရဲ့ သားကြီးကို သူများကိုမွေးစားဖို့ ပေးလိုက်ရပြီး သူကတော့ ကျန်တဲ့ လပိုင်းအရွယ် သမီးလေးရယ်၊ အရွယ်မရောက်သေးတဲ့ မောင်နှမတွေနဲ့ ဖြစ်သလို ရုန်းကန်နေရတာပါ။
“တာပေါ်လင်အောက်မှာ ခိုနေရတာပဲ။ မိုးရွာရင်လည်း စုပြီးနေတယ်။ ကျွန်မကတော့ သူများအိမ်မှာ အဝတ်လျှော်တယ်။ ရေခပ်အငှါး လိုက်တယ်။ အဲလို လုပ်စားပါတယ်။ အဖေကလည်း အသက်ကြီးနေပြီ။ သူက ငါးဖမ်းစက်လှေမှာ အငှါးလိုက်တယ်။ တစ်ခေါက်သွားရင် ဆယ်ရက်လောက်အထိ ကြာတယ်။ ပြီးရင် ကျွန်မရဲ့ သားလေးကိုလည်း သူများကို မွေးစားဖို့ ပေးထားပါတယ်။ လိုက်မမီတော့လို့ပါ”
မအေးစံဝင်းတစ်ယောက် ရပ်ကွက်ထဲမှာ အဝတ်လျှော်၊ ရေခပ်အလုပ်သွားချိန်မှာ ကလေးတွေကို အိမ်နီးနားချင်းတွေက ပြုစုစောင့်ရှောက်ထားကြပါတယ်။
အလုပ်မရှိတဲ့ နေ့တွေမှာ ချက်စားမယ့်ဆန်မရှိရင် အိမ်နီးနားချင်းတွေဆီက ချေးငှါးပြီး စားသောက်နေရပါတယ်။ အိမ်နီးချင်းတွေကလည်း စစ်ဘေးဒုက္ခသည်တွေဖြစ်ပြီး နေ့စားအလုပ်လုပ်ကြသူတွေ ဖြစ်တာကြောင့် မပြေလည်ကြပါဘူး။
ဒါပေမဲ့ ကလေးတွေနဲ့ ရုန်းကန်နေရတဲ့ မအေးစံဝင်းတို့ မိသားစုကို ကူညီပေးဖြစ်ကြတယ် လို့ အိမ်နီးချင်း တစ်ဦးဖြစ်တဲ့ ဒေါ်မေလတ်ချေက RFA ကို ပြောပါတယ်။
“သူ့မှာ အလုပ်လုပ်ဖို့သွားရင် ကျွန်မတို့ ကလေးတွေကို ထိန်းထားရပါတယ်။ ပြီးရင် ကိုယ့်မှာ ဆန်နှစ်သစ်ရှိရင် တစ်သစ်(နို့ဆီဗူး လေးလုံး)ဖြစ်ဖြစ် ချေးပေးပါတယ်။ ပြီးရင်း သူတို့ဆီက ပြန်တောင်းတယ်။ သူတို့လည်း မရသေးဘူးဆိုရင် ကျွန်မလည်း တခြား သူတွေဆီက သွားချေးတယ်။ သူတို့အတွက်လည်း ချေးငှါးပြီးပေးတယ်။ ဆန်သုံးဗူးရှိရင် တစ်ယောက်တစ်ဗူး ချေးပေးကြတယ်။ အိမ်နီးနားချင်းတွေဖြစ်လို့လေ”
ဒေါ်မေလတ်ချေတို့ မိသားစုဟာလည်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲကြောင့် မြောက်ဦးမြို့နယ် နတ်ချောင်းရွာကနေ အိုးအိမ်စွန့်ခွာထွက်ပြေးလာခဲ့တာပါ။
မအေးစံဝင်းကတော့ အရွယ်နဲ့မမျှအောင် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရပေမယ့် ဘဝကို အရှုံးမပေးဘဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်သွားမယ်လို့ RFA ကို ပြောပါတယ်။
တိုက်ပွဲတွေမရှိတော့တဲ့တစ်နေ့မှာ သူ့မိသားစုနဲ့အတူ မွေးရပ်မြေပြန်ပြီး အရင်လိုဘဝမျိုးကို ပြန်လည် တည်ဆောက်ဖို့ မျှော်လင့်ရင်း အခုတော့ ဒုက္ခမျိုးစုံကြားမှာ ကလေးတွေနဲ့အတူ ဆက်လက်ရုန်းကန်နေရဦးမှာ ဖြစ်ပါတယ်။