ဒုက္ခသည်တွေ အိမ်မပြန်နိုင်သေးခင် ရခိုင်မှာ စစ်ရိပ်သန်းလာ
2023.11.09
ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းထိ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA) တို့ကြား ၂၀၁၈ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် စစ်တွေမြို့ကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ခြောက်သောင်းကျော်ဟာ အခက်အခဲမျိုးစုံ ကြုံနေတာ ငါးနှစ်နီးပါး ရှိနေပါပြီ။
သူတို့အများစုဟာ ရခိုင်ပြည်နယ် ကျောက်တော်၊ ရသေ့တောင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်က ဖြစ်ပါတယ်။
သူတို့အားလုံး စစ်တွေမြို့က ဒုက္ခသည်စခန်းတွေမှာ ၂၀၁၉ နှစ်စပိုင်းကတည်းက ခိုလှုံနေတာဖြစ်ပြီး အလှူရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ စစ်ကောင်စီရဲ့ အထောက်အပံ့တွေနဲ့ ရပ်တည်နေခဲ့ကြတာဖြစ်ပါတယ်။
လက်ရှိမှာ အလှူရှင်တွေရဲ့ အကူအညီတွေ မရတော့သလို စစ်ကောင်စီဘက်ကလည်း မထောက်ပံ့ တာ တစ်နှစ်ကျော်နေပါပြီလို့ ဒုက္ခသည်တွေက ပြောပါတယ်။ အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာပေမယ့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထောက်ပံ့တဲ့ လူတစ်ဦး တစ်လ နှစ်သောင်းခုနစ်ထောင်ကျပ်နဲ့ပဲ ဖြစ်သလို စားသောက်နေရတယ်လို့ ဆိုပါတယ်။
အိမ်ပြန်ရမယ့်နေ့ကို မျှော်လင့်နေပေမယ့် မပြန်နိုင်သေးဘဲ ဒုက္ခသည်စခန်းမှာပဲ ခိုလှုံနေရတယ်လို့ ကျောက်တော်မြို့နယ် ပြိုင်းတိုင်းရွာကနေ စစ်တွေမြို့ ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းမှာ လာရောက်ခိုလှုံနေရတဲ့ ဒေါ်မတင်ဝင်းက ပြောပါတယ်။
"တစ်နှစ်လာရင်လည်း ဒီကျောင်းဝင်းထဲမှာပဲ။ နောက်တစ်နှစ်လာရင်လည်း ဒီကျောင်းဝန်းထဲမှာပဲ။ ကျွန်မတို့ ကတော့ ဒီနှစ်ကုန်လို့ရှိရင် နောက်နှစ်ဆိုရင် ကိုယ့်ရွာကိုယ့်အိမ်မှာ နေရတော့မလားဆိုပြီး ရည်မှန်းထားတယ်၊ ဒါပေမဲ့ တစ်နှစ်ကုန်သွားရင်လည်း မပြန်ရဘူး။ စားရေးသောက်ရေးလည်း မဖူလုံ၊ ဒုက္ခတွေကတော့ အမျိုးမျိုးပါပဲ"
သူတို့မိသားစုခိုလှုံနေတဲ့ ဗုဒ္ဓေါမော်ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု တစ်ရာကျော်၊ လူဦးရေ ငါးရာကျော် ရှိပါတယ်။
သူတို့ထွက်ပြေးလာတဲ့ ပြိုင်းတိုင်းရွာအနီးမှာ အခုချိန်ထိ စစ်ကောင်စီတပ်က နေရာယူထားပြီး တချို့ဒုက္ခသည်တွေရဲ့ ရွာတွေကတော့ တိုက်ပွဲအတွင်း မီးရှို့ခံလိုက်ရတာကြောင့် ပြန်စရာ အိမ်မရှိတော့ပါဘူး။
ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာက ဒေါ်သန်းယဉ်နုတို့ မိသားစုလည်း ရွာအနီးမှာ စစ်ကောင်စီတပ်ကို ကြောက်လို့ အိမ်မပြန်နိုင်သေးပါဘူး။
"ကိုယ့်အိမ်ကိုတော့ ပြန်ချင်တာပေါ့။ ပြန်ချင်ရင်လည်း ပြန်လို့မရဘူးလေ။ ကျွန်မတို့ရွာမှာ ရွာအထက်က တောင်ပေါ်မှာ စစ်တပ်ရှိတယ်။ အဲဒါကြောင့် ပြန်ချင်လို့လည်း မပြန်ရဘူးလေ။ ရွာအနားမှာ စစ်တပ်ပဲ ရှိတယ်။ ရွာသားတွေလည်း တစ်ယောက်မှ မရှိဘူး။ မိုင်းတွေဆိုရင်လည်း ဘယ်လောက်ထိ ရှိနေမလဲ မသိဘူး။ အဲဒါတွေ ရှင်းရှင်းလင်းလင်း မဖြစ်ဘဲနဲ့ ပြန်လို့မရဘူးလေ"
လက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်မယ့် အရိပ်အယောင် မြင်နေရတာမို့ အိမ်ပြန်ချင်ပေမယ့် မပြန်ရဲသေးဘူးလို့ ဒေါ်ယဉ်နုက ဆိုပါတယ်။
ရခိုင်မှာ စစ်ရိပ်ပြန်သန်းလာတာမို့ ဒုက္ခသည်တွေရဲ့ အိမ်ပြန်ခရီးဟာ မျှော်လင့်ချက်မဲ့နေဆဲလို့ ၂၀၁၈ နဲ့ ၂၀၁၉ တိုက်ပွဲတွေအတွင်း ရွာလုံးကျွတ်မီးရှို့ခံလိုက်ရတဲ့ ကျောက်တော်မြို့နယ် ပြိုင်းတိုင်းရွာက ဦးမောင်အေးကျော်က ပြောပါတယ်။
"အိမ်ပြန်ခရီး စတင်ဖို့ကတော့ ကျွန်တော်တို့အတွက် မျှော်လင့်ချက် မဲ့သွားပြီ။ ဘာလို့လဲဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်တာမရှိဘဲနဲ့ ဒီအတိုင်းသာ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်နေ့၊ ဘယ်ရက် ပြန်ရမယ်ဆိုတာ မျှော်လင့်ချက် မရှိတော့ဘူး။ တိုက်ပွဲတွေ အေးချမ်းတဲ့တစ်နေ့ကိုပဲ မျှော်လင့်ရတော့မယ်"
မီးရှို့ခံရလို့ အိမ်တွေ မရှိတော့တာ၊ ရွာအနီးမှာ တပ်စခန်းချထားတာ၊ မိုင်းအန္တရာယ်နဲ့ ပြန်လည်ထူတောင်ဖို့ ငွေကြေးမရှိတာတွေကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေကြတာလို့ သူက ဆိုပါတယ်။
"တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်တာမရှိဘဲနဲ့ ဒီအတိုင်းသာ ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဘယ်နေ့၊ ဘယ်ရက် ပြန်ရမယ်ဆိုတာ မျှော်လင့်ချက် မရှိတော့ဘူး"
ဒီအခက်အခဲတွေကို တာဝန်ရှိသူတွေက လုပ်ဆောင်ပေးမှသာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်လိမ့်မယ်လို့ ပလက်ဝမြို့နယ် နှမဒါရွာကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဦးစံရွှေမြ က ပြောပါတယ်။
"ဘယ်အစိုးရပဲတက်တက် ကျွန်တော်တို့အတွက် အိမ်တွေဘာတွေ ဆောက်ပေးမှ ပြန်လို့ရမယ်။ မဟုတ်ရင် တော့ ပြန်လို့မရတော့ဘူး။ အခုလက်ရှိမှာဆိုရင် ကျွန်တော်တို့ဒေသမှာ စစ်တပ်စခန်း သုံးနေရာ ရှိတယ်။ ရွာအနီး တောင်ဘက်နဲ့ မြောက်ဘက်မှာ တိုက်ပွဲဖြစ်ထားတာ ရှိတယ်၊ ဆိုတော့ စစ်ကျန်လက်နက်တွေ၊ မိုင်း ထောင်ထားတာတွေ အဲဒါတွေကိုကြောက်ပြီး မပြန်ရဲဘူး။ သွားခွင့်လည်း မရဘူး"
ဒုက္ခသည်စခန်းမှာပဲ ဒီလိုသာ နှစ်ရှည် ဆက်နေထိုင်ရမယ်ဆိုရင် စားဝတ်နေရေးအပါအဝင် အခက်အခဲမျိုးစုံကို ဆက်ပြီး ခံစားရတော့မယ်လို့လည်း သူက ဆိုပါတယ်။
ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
စစ်ကောင်စီတာဝန်ရှိသူတွေဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေက ကျေးရွာ လုံခြုံစိတ်ချပြီဖြစ်တဲ့ ဒုက္ခသည်တွေကို ငွေကျပ်ငါးသိန်း၊ ဆန်တစ်လစာနဲ့ ပစ္စည်းတချို့ ထောက်ပံ့ပြီး နေရပ်ပြန်ခိုင်းတာတွေ လုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့စာရင်းအရ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်တဲ့ ဒုက္ခသည် ခြောက်သောင်းကျော် ရှိနေဆဲပါပဲ။
လွန်ခဲ့တဲ့ငါးနှစ်က အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ နေရပ်မပြန်နိုင်သေးခင်မှာပဲ ရှမ်းပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ စတင်လိုက်တဲ့ စစ်ဆင်ရေး ၁၀၂၇ ဟာ ရခိုင်ပြည်နယ်ကို ကူးစက်တော့မယ့် အရိပ်အယောင် သန်းလာတာမို့ စစ်ဘေးဒုက္ခသည်တွေ ထပ်တိုးလာမှာကို ရခိုင်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။