ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်များ ရပ်တည်ရခက်ခဲနေ

RFA Burmese
2023.12.14
ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်များ ရပ်တည်ရခက်ခဲနေ စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
RFA

ပေါက်ပြဲနေတဲ့အိုးတွေနဲ့ မိသားစု ငါးယောက်စာ ဖြစ်သလိုချက်ပြုတ်နေတဲ့သူကတော့ စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းက အသက် (၆၆) နှစ်အရွယ် ဒေါ်မစံသိန်းဖြစ်ပါတယ်။

ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အထောက်အပံ့ကိုမှီပြီး ရှင်သန်နေရတဲ့ စစ်ဘေးဒုက္ခသည် တွေဖြစ်လို့ သူတို့မိသားစုအတွက် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ လုံလုံလောက်လောက် မရှိတဲ့အပြင် တစ်ကျော့ပြန် စစ်ပွဲကြောင့် သူတို့ရဲ့ အိမ်အပြန်လမ်းကို မမြင်ရသေးပါဘူး။

“ကျွန်မတို့လာတဲ့အခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာရတယ်။ အခုလက်ရှိတော့ အားလုံးခက်ခဲပါတယ်"

ပြီးခဲ့တဲ့ မေလလယ်က တိုက်သွားတဲ့ မိုခါမုန်တိုင်းပြီးတဲ့နောက်မှာ ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ WFP ကပေးတဲ့ လူတစ်ယောက်အတွက် တစ်လ ၃၃,၀၀၀ (ကျပ်) နဲ့ စစ်ကောင်စီ ထောက်ပံ့တဲ့ မိသားစုတစ်စုကို တစ်လအတွက် ဆန် သုံးပြည်ခွဲနှုန်းပဲရလို့ မိသားစု ငါးယောက်အတွက် တစ်လစာ မလောက်ဘူးလို့ ဒေါ်မစံသိန်းက RFA ကို ပြောပါတယ်။

“စားရေးသောက်ရေးအတွက် အိုးတစ်အိုးမှာထည့်ဖို့ ဆန်တွေ၊ စားနပ်ရိက္ခာတွေ အားလုံးလိုနေတယ်။ ဘာမှမရှိဘဲ စားနေရတယ်။ အခု ကတက်ဥချက်နေရတယ် စားဖို့အတွက်။ ပိုက်ဆံကျပ်တယ်။ အဲဒါကြောင့် ဟိုကလည်း လာမပေး၊ ဒီကလည်း ပေးဖို့မလာ။ အိုးလည်းမရှိ အပေါက်တွေနဲ့ ချက်စားနေရတယ်။ မုန်တိုင်းတိုက်တာမှာ အကုန်ပါသွားတာ။ ချက်စားဖို့ အိုးမရှိ ခွက်မရှိ ဖြစ်နေတယ်။ မိသားစု ငါးယောက်ရှိတယ်။ ဆန်က တစ်လမှာ ၇ သိုက် (မြန်မာလို သုံးပြည်ခွဲ) ရတယ်။ မိန်းမက သုံးယောက် ယောက်ျားက ဝါကြီး (အသက်ကြီးတဲ့သူ) တစ်ယောက်၊ ကျောင်းသားက ရှစ်တန်းတစ်ယောက်။ အဲဒါကြောင့် မလုံလောက်ပါ”

ရသေ့တောင်မြို့နယ် ရေစိုးချောင်းရွာဇာတိဖြစ်တဲ့ သူတို့မိသားစုဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကစပြီး ဖြစ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်တပ်ရဲ့တိုက်ပွဲကာလကတည်းက မေယုကမ်းဒေသ စေတီပြင် စစ်ဘေးဒုက္ခသည် စခန်းကိုရောက်လာပြီး ခိုလှုံခဲ့ကြတာ အခုဆို ခြောက်နှစ်နီးပါးရှိနေပါပြီ။ ဒေါ်မစံသိန်း ရဲ့ ခင်ပွန်း အသက် (၇၀) ကျော်အရွယ် ဦးအောင်ထွန်းစံ က ရွာပြန်ချင်ပေမယ့် သူတို့ရွာနားမှာ စစ်ကောင်စီတပ်ရှိနေလို့ မပြန်ရဲတာလို့ ဆိုပါတယ်။

“ရွာပြန်ချင်ပါတယ်။ ဒီနေ့ပြန်လို့ရရင် ဒီနေ့ပြန်မယ် အဲလောက်ထိ။ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဘာတွေဖြစ်တဲ့အထဲမှာ ကျွန်တော်တို့တွေက သွားခွင့် လာခွင့်လည်း လုံးဝမရတော့ဘူး။ ဘယ်လိုမှ ပြန်လို့ မရတော့ပါ။ သူတို့ (စစ်ကောင်စီ) ရှိနေသရွေ့ သွားလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာတိုက်ပွဲဖြစ်၊ ဒီမှာတိုက်ပွဲဖြစ် လက်နက်ကြီးတွေ ပရမ်းပတာပစ် လူတွေပျက်စီး ဟိုရွာ ဒီရွာ။ အဲလိုဆိုတော့ ကျွန်တော်တို့ ကျေးရွာအတိုင်းအတာအရဆိုရင် ဗျူဟာလည်း ထိုင်ထားတယ်ဆိုတော့ နေလို့ထိုင်လို့မရဆိုတဲ့ အဖြစ်နဲ့ အားလုံးထွက်ပြေးလာရတယ်”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ ၂၀၁၈ ကနေ ၂၀၂၀ ပြည့်နှစ်အထိဖြစ်ခဲ့တဲ့ တိုက်ပွဲကာလ အတွင်းမှာ ထွက်ပြေးရပြီး အခုချိန်ထိ နေရပ်မပြန်နိုင်ကြသေးတဲ့ စစ်ဘေးဒုက္ခသည် ၆၄,၀၀၀ ဝန်းကျင် ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က ပြန်စခဲ့တဲ့ ရခိုင်တိုက်ပွဲ တစ်လတာအတွင်း ထွက်ပြေး ရတဲ့သူ ထပ်တိုးလာခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းရွာကနေ ဆွေမျိုးတွေရှိတဲ့ ကျိန်ဂျောင်ရွာကို မိသားစုလိုက် ခိုလှုံလာကြသူတွေထဲက အသက် (၅၃)နှစ် အရွယ် ဒေါ်မြသန်းဝင်းတို့ မိသားစုတစ်စုဟာ ကျပန်း အလုပ် လုပ်ကိုင်စားသောက်ကြတဲ့ မိသားစု ဖြစ်ပြီး လက်ရှိမှာ စားဝတ်နေရေးအတွက် အခက်အခဲ ရှိနေကြတယ် လို့ ဆိုပါတယ်။

“ကျွန်မတို့လာတဲ့အခါ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာရတယ်။ အခုလက်ရှိတော့ အားလုံးခက်ခဲပါတယ်။ အနွေးထည်လည်းမပါ။ စောင်လည်းမပါ။ စားဝတ်နေရေးကတော့ ဟိုလူက တစ်နပ်စာပေး။ ဒီလူက တစ်နပ်စာပေး။ အဲလိုစားနေပါတယ်။ ဘာကြောင့် စစ်ဘေးရှောင်ရလဲဆိုရင် လက်နက်ကြီးတွေ ပစ်ပါတယ်။ ဟိုကလှမ်းပစ် ဒီကလှမ်းပစ် ပစ်ပါတယ်။ ဟိုးမှာ ဒိုးတန်းဘက်တွေက ပစ်ပါတယ်။ နွားရုံတောင်ဘက်က ပစ်ပါတယ်။ ဘူးသီးတောင်ဘက်ကလည်း ပစ်ပါတယ်။ အားလုံးဘက်က ပစ်ပါတယ်။ ကျွန်မတို့ရွာနားမှာ စစ်ကောင်စီရှိပါတယ်”

စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စေတီပြင် စစ်ဘေးဒုက္ခသည်စခန်းမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မိသားစုဝင် ရှစ်ယောက်ရှိတဲ့ သူတို့မိသားစုဟာ စားရေးသောက်ရေး ခက်ခဲနေတဲ့အပြင် ဆောင်းဦး ရာသီရောက်ပြီမို့ စောင်၊ ခြင်ထောင်နဲ့ အနွေးထည်တွေပါ လိုအပ်နေတာပါ။

အဲဒီရွာကို ထွက်ပြေးခိုလှုံလာကြသူတွေထဲမှာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာအုပ်စု ပဲရုံရွာမှာ နေတဲ့ အသက်(၃၁) နှစ် အရွယ် ဒေါ်ဦးခင်စောတို့ မိသားစုလည်း အပါအဝင်ပါ။

“ကျွန်မတို့ရွာနားမှာ စစ်တပ်ရှိလို့ပါ ကျွန်မတို့က နေ့ခင်းရော ညပါ လက်နက်ကြီး ပစ်တယ်။ လက်နက်ငယ်လည်း ပစ်ပါတယ်။ ကြောက်လို့ပြေးလာကြတာပါ။ မိသားစုက ယောက္ခမတစ်ယောက်၊ အိမ်ရှင်တစ်ယောက်၊ ကျွန်မ တစ်ယောက်နဲ့ ကလေး နှစ်ယောက် ရှိပါတယ်”

ရခိုင်တိုက်ပွဲ တစ်လတာအတွင်း ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် သုံးသောင်းနှစ်ထောင်ကျော် (၃၂,၅၀၀ ခန့်) ထပ်တိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
ရန်ကုန်မြို့ အထပ်မြင့်တိုက်တွေပေါ်က ပင့်ကူလူသားများ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။