ရခိုင်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ကျောင်းတွေကို မပြုပြင်သေးဘဲ စစ်ကောင်စီဖွင့်

RFA Burmese
2023.06.01
ရခိုင်မှာ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ကျောင်းတွေကို မပြုပြင်သေးဘဲ စစ်ကောင်စီဖွင့် စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စာသင်ကျောင်းအများအပြား ပျက်စီးခဲ့ပါတယ်။

ဒီကျောင်းအဆောက်အအုံတွေကို ပြန်မပြင်နိုင်သေးခင်မှာပဲ စစ်ကောင်စီက ဇွန်လ ၁ ရက် ဒီနေ့မှာ စာသင်ကျောင်းတွေကို စတင်ဖွင့်လိုက်ပါပြီ။ စစ်တွေမြို့ပေါ်က ပြုပြင်ပြီးတဲ့ ကျောင်းတချို့မှာ စာသင်ဖို့အဆင်သင့်ဖြစ်နေကြပေမယ့် ကျေးရွာတွေက စာသင်ကျောင်း တွေဟာ အပျက်အစီးတွေအတိုင်း ရှိနေဆဲပါ။

"ခေါင်မိုးရရင် အခန်းတွေမလုံလောက်ရင်တောင်မှ ကျွန်မတို့ နှစ်သုတ်ခွဲပြီးသင်မယ်"

စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းကို ကျောင်းဆရာ၊ ဆရာမတွေရော၊ ကျောင်းသားတွေပါ စာသင်ဖို့လာခဲ့ပေမယ့် ကျောင်းဆောင်တွေဟာ အမိုးအကာမရှိဘဲ ပျက်စီးနေတာကြောင့် စာသင်လို့မရဘဲ ဖြစ်နေပါတယ်။

ဒီအခြေအနေမှာ ကျောင်းသားတွေကို စာသင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ကျေးတောရွာ အလယ်တန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းခင်အေးက RFA ကို ပြောပါတယ်။

“ကျောင်းခေါင်မိုးတွေကတော့ မြင်တဲ့အတိုင်းပဲ။ တစ်ဆောင်မှလည်း မလုပ်ရသေးဘူး။ စာသင်ခုံတွေ ပျက်စီးတာလည်းရှိတယ်။ အဓိကတော့ ခေါင်မိုးတွေ ပျက်စီးသွားတော့ ဆရာ၊ ဆရာမနေမယ့် အဆောင်တောင် မရှိဘူး။ ခေါင်မိုးရရင် အခန်းတွေမလုံလောက် ရင်တောင်မှ ကျွန်မတို့ နှစ်သုတ်ခွဲပြီးသင်မယ်။ အဲဒီလိုမျိုး လည်ပတ်လို့ရတယ်”

ကျေးတောရွာ အလယ်တန်းကျောင်းမှာ ၂၀၂၂- ၂၀၂၃ စာသင်နှစ်က ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅၀ ဦး ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျောင်းအပ်နှံသူ ၃၁၀ ကျော်သာရှိတာကြောင့် ကျောင်းသားဦးရေ လျော့ကျသွားတယ်လို့ သူက ပြောပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေကြားမှာ ကျောင်းသားမိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ကျောင်းထားဖို့ ရုန်းကန်နေရပါတယ်။ တချို့မိဘတွေကတော့ သားသမီးတွေကို ကျောင်းဆက်မထားနိုင်တာကြတော့ပါဘူး။

ကျေးတာရွာသူ ဒေါ်ရွှေသန်းခင်ကတော့ ကျောင်းနေအရွယ် သမီးနှစ်ယောက်ရှိပေမယ့် သမီးတစ်ယောက်ကိုပဲ ကျောင်းထားနိုင်တော့တယ်လို့ ပြောပါတယ်။

“သမီးအငယ်ကိုတော့ ကျောင်းထားမယ်၊ အကြီးကိုတော့ မထားတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါပြီ။ သမီးအကြီးက ၇ တန်းပါ။ အခု ကျောင်းတက်မှာက ၅ တန်းပါ။ အခက်အခဲဖြစ်နေလို့ မထားနိုင်တာပါ။ ကျွန်မလည်း ဈေးမှာလုပ်လို့ ရတဲ့နေ့ရတယ်။ မရနေ့ မရဘူး။ အခု ဆန်တစ်သစ် (နို့ဆီလေးဗူး) တောင် ၁၃၀၀ ဆိုတော့ ကျမတို့ လိုက်မမီတော့ဘူး။ အိမ်လည်း မုန်တိုင်းနဲ့ပါသွားတာ မဆောက်နိုင်တော့ဘူး။ အဲဒါကို စဉ်းစားနေတာပါ”

ကျောင်းထုတ်လိုက်ရတဲ့ ခုနစ်တန်းကျောင်းသူ သမီးကြီးဟာ မိသားစုစားဝတ်နေရေး အတွက် နေ့စားအငှား လုပ်နေတယ်လို့ သူက ပြောတယ်။

စစ်တွေမြို့နယ် ဇော်မဒက်ရွာမှာလည်း မိုခါမုန်တိုင်းကြောင့် မူလတန်းကျောင်း အပါအဝင် ရွာတစ်ခုလုံး ရစရာမရှိအောင် အားလုံးပျက်စီးသွားခဲ့ပါတယ်။

အဆောက်အအုံအားလုံး ပျက်စီးနေတာကြောင့် ဒီနှစ်မှာ ကလေးတွေစာသင်ဖို့ ခက်ခဲသွားပြီလို့ ဒေသခံရွာသား ဦးမောင်လူကြီးက ပြောပါတယ်။

“ကျောင်းအနေအထားမှာက အစအနကိုတောင် ရှာလို့မရတဲ့ အနေအထားဖြစ်နေပြီလေ။ ဒီကျောင်းကို ဒီနှစ် လွယ်လွယ်ကူကူနဲ့ ပြန်ဖြစ်လာမယ်လို့လည်း အထင်ဘူး။ အချိန်တပြေးညီ ဆောက်လို့ပြီးမှာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ဒီကျောင်းလည်းပျက်စီး အိမ်တွေလည်း ပျက်စီး၊ ဘုန်းကြီးကျောင်းမှာ သင်ဖို့ကလည်း ကျောင်းအမိုးအကာတွေ အကုန်ပျက်သွားတယ်။ ဒါကြောင့် ဒီနှစ်စာသင်ဖို့ ဦးလေးတို့ ဇောမဒတ်ရွာအတွက် တော်တော်လေး အခက်အခဲရှိမယ်လို့ထင်တယ်”

ဒီအပြင် ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေမှာလည်း ဒီနေ့ကျောင်းဖွင့်ပေမယ့် စာသင်ကျောင်းတွေ ပြုပြင်လို့ မပြီးကြသေးတာကြောင့် စာသင်ဖို့ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းပေါင်း ၃၁၉၃ ကျောင်းရှိပြီး အဲဒီအထဲက မုန်တိုင်းကြောင့် ၁၃၃၇ ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးရဲ့ စာရင်းတွေအရ သိရပါတယ်။

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေရှိနေပေမယ့် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့ ဇွန်လ ၁ ရက်နေ့မှာ ရခိုင်ပြည်နယ်က ကျောင်းပေါင်း ၂၄၁၀ ကျောင်းကို စတင်ဖွင့်လှစ်ပြီး ကျန်တဲ့ကျောင်းတွေကိုတော့ ဇွန်လ တတိယပတ်မှာ ဖွင့်လှစ်သွားမယ်လို့ မေလ ၂၇ ရက်မှာ နိုင်ငံပိုင်သတင်းစာတွေကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။

စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
စစ်တွေမြို့နယ် ကျေးတောရွာ အလယ်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားများအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တွေမြို့က နီလကြယ် ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ကိုဝင်းကျော်လင်းကတော့ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရဲ့ ပညာရေးထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ပညာရေးရှေ့ဆက်ဖို့အတွက် ကျောင်းသားတွေ စာသင်ခန်းထဲကို အချိန်မီရောက်ဖို့ အရေးကြီးတယ်။ စာသင်ခန်းကိုရောက်ဖို့အတွက် ကျောင်းတွေ၊ စာသင်ခန်းတွေ လုံလုံလောက်လောက် ရှိနေပြီလားဆိုတာက အရေးကြီးတယ်ပေါ့လေ။ ဒါမှ ပြည့်ပြည့်ဝဝ စာသင်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မိဘတွေအနေနဲ့ရော ကျောင်းတွေကို အရင်လိုပို့နိုင်ပါ့မလား။ အိမ်ရဲ့ထိခိုက်သွားတဲ့ စီးပွားရေးတွေကို ကုစားဖို့အတွက် ရုန်းကန်နေတဲ့အခါမှာ ကလေးတွေကို ရာနှုန်းပြည့်ပို့နိုင်မလား။ ဒါတွေရှိလာတော့ ကျွန်တော်တို့ လူမှုဘဝပျက်စီးတာနဲ့အတူ ပညာရေးမှာလည်း ထိခိုက်လာနိုင်တယ်လို့ ယူဆပါတယ်”

စစ်ကောင်စီရဲ့ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရတော့ ရခိုင်ပြည်နယ်အတွင်း ကျောင်းအပ်နှံတဲ့ အခြေခံပညာ ကျောင်းသူဦးရေ ၃၂၉၁၂၉ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ပညာသင်နှစ်က ကျောင်းသား၊ ကျောင်းသူ ၅၅၉၉၀၇ ဦး ပညာသင်ကြားခဲ့တယ်လို့ စစ်ကောင်စီ ပညာရေးဒုဝန်ကြီး ဦးဇော်ဝင်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်က ပြောဆိုခဲ့ပါတယ်။ နေပြည်တော်မှာ ပြုလုပ်တဲ့ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနဲ့ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီရဲ့ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းကော်မတီ (ပထမအကြိမ်) အစည်းအဝေးမှာ စစ်ကောင်စီ ပညာရေးဒုဝန်ကြီးက ပြောဆိုခဲ့တာပါ။

ဒီအချက်အလက်တွေအရ ရခိုင်ပြည်နယ်မှာ ကျောင်းသားဦးရေ ၂ သိန်းကျော် လျော့ကျသွားပါတယ်။

ရခိုင်ပြည်နယ်က အခြေခံကျောင်းသူ၊ ကျောင်းသားတွေဟာ ၂၀၁၈ ခုနှစ် ပညာသင်နှစ် ကစလို့ စစ်ဘေး၊ ကိုဗစ်ကပ်ရောဂါဘေးတွေကို ဆက်တိုက်ကြုံတွေ့ခဲ့ရသလို ဒီနှစ်မှာလည်း မိုခါမုန်တိုင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကို ထပ်မံခံစားနေကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။