ပြန်လည်အသက်ဝင်လာတဲ့ ရခိုင်ရိုးရာသင်္ကြန်
ဒီနေ့ဟာ သင်္ကြန်အကျနေ့ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံတစ်ဝန်းက အခြားဒေသတွေနဲ့ မတူဘဲ ရေကစားသူတွေနဲ့ စည်ကားနေပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေ ရပ်စဲနေသလို ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ မရှိတော့တာကြောင့် အခုလို ကျင်းပနိုင်တာပါ။ စစ်တွေမြို့ပေါ်မှာ ဗဟိုရေကစားမဏ္ဍပ်အပါအဝင် ရပ်ကွက်တိုင်း က မဏ္ဍပ်ကြီး၊ မဏ္ဍပ်ငယ်တွေနဲ့ ပြည့်နေပါတယ်။
သင်္ကြန်အကြိုနေ့ကလည်း ဘုရားရေသပ္ပာယ်ဖို့အတွက် ရပ်ကွက်တိုင်းမှာ ပျော်ပျော်ရွှင်ရွှင် နဲ့ နံ့သာသွေးခဲ့ကြပါတယ်။ ဒါဟာ ရခိုင်ရိုးရာသင်္ကြန်အစဉ်အလာကို ထိန်းသိမ်းတာဖြစ် တယ်လို့ စစ်တွေမြို့ခံ မသန်းသန်းငယ်က ပြောပါတယ်။
“ကျမတို့ ရခိုင်ရိုးရာသင်္ကြန်မှာ ဘုရားရေသပ္ပာယ်တဲ့ အစဉ်အလာဆိုတာ ရှိပါတယ်။ အဲဒါကြောင့် အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ ကျမတို့က အခုလိုလုပ်တာ ဖြစ် ပါတယ်။ ဒီနှစ်မှာဆိုရင် ကျမတို့ စစ်တွေမြို့မှာ မဏ္ဍပ်တွေလည်း ရှိတယ်။ ဘုရားရေ သပ္ပာယ်တာတွေလည်း လုပ်ဖြစ်တယ်။ ကျမတို့ ဒီနှစ်မှာပြန်ပြီး လုပ်ရတာလို့ ပြောရမှာ ပေါ့နော်။ ဘာကြောင့်လဲဆိုရင်တော့ အရင်နှစ်တွေက ရခိုင်မှာ အခြေအနေက တော် တော်ဆိုးတယ်။ စစ်ဖြစ်တာတွေ၊ ဒုက္ခသည်တွေ၊ အခက်အခဲတွေ အများကြီးရှိတယ်။ အဲဒါကြောင့် အရင်နှစ်တွေက ဘုရား ရေသပ္ပာယ်တာတွေ မလုပ်နိုင်ခဲ့ဘူး”
ရပ်ကွက်၊ ကျေးရွာအလိုက် နံ့သာသွေးပြီး ဘုန်းကြီးကျောင်းတွေမှာ ဘုရားရေသပ္ပာယ် တာတွေဟာ သင်္ကြန်ကာလ ရခိုင်ရိုးရာအစဉ်အလာတစ်ခု ဖြစ်ပါတယ်။
ဘုရားရေသပ္ပာယ်ဖို့ ရခိုင်မင်္ဂလာစည်တော်တွေတီးပြီး မြို့ကို စီတန်းလှည့်လည်ရင်း ဘုန်းကြီးကျောင်းတွေဆီကို သွားရပါ တယ်။ ရခိုင်ပြည်နယ်မှာ အခုလိုမျိုး နံ့သာရေနဲ့ ဘုရားရေသပ္ပာယ်ပြီးမှ သင်္ကြန်ရေ ကစားကြတာပါ။
စစ်တွေမြို့ခံ လူငယ် ကိုဟိန်းထူးနိုင်ကတော့ လွန်ခဲ့တဲ့သုံးနှစ်မှာ မပျော်ခဲ့ရလို့ ဒီနှစ် ရခိုင်ရိုးရာသင်္ကြန် ပြန်ကျင်းပနိုင်တာကို ဝမ်းသာပျော်ရွှင်မိတယ်လို့ ပြောပါတယ်။
“ကျနော်တို့ စစ်တွေမှာ ၂၀၁၉ ခုနှစ်ကတည်းက ဗဟိုရေလောင်းမဏ္ဍပ်တွေလည်း မရှိဘူး၊ အခုဆိုရင် သင်္ကြန်မကျရတာ သုံးနှစ်ရှိပြီပေါ့။ အဲဒီတုန်းကတော့ ပြည်မမှာ ပျော်နေတဲ့သူတွေကိုကြည့်ပြီး ဝမ်းနည်းစွာနဲ့ ဖြတ်သန်းခဲ့ရတာပေါ့။ စစ်ဒဏ်တွေ ကြောင့် ကျနော်တို့ မပျော်ရတာကြာပြီဆိုတော့ ဒီနှစ် ပြန်ဖြစ်လာတယ်ဆိုတော့ ပျော်တာပေါ့။ စိတ်လည်း ချမ်းသာတယ်”
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ စစ်ရေးပဋိပက္ခတွေ၊ ကိုဗစ်ကပ်ဘေးတွေကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ် မှာ ရိုးရာသင်္ကြန်ကို ပထမဆုံးအကြိမ် ပြန်ကျင်း ပနိုင်တာ ဖြစ်ပါတယ်။
စစ်ဘေးတွေ၊ ကိုဗစ်ကပ်ဘေးတွေကြောင့် အချိန်သုံးနှစ်ကြာ စိတ်မွန်းကျပ်ခဲ့ရတဲ့ ရခိုင်ပြည်သူတွေဟာ ဒီနှစ်မှာတော့ ရခိုင်ရိုးရာသင်္ကြန်နဲ့အတူ ရေကစားရင်း နှစ်သစ်ကို ကြိုဆိုခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။