တိုင်းပြည်မတည်ငြိမ်လို့ အိမ်ခြံမြေစျေးကွက် ကမောက်ကမဖြစ်နေ
2023.11.10
လူတိုင်းအတွက် စား၊ ဝတ်၊ နေရေးဆိုတဲ့ အရေးအကြီးဆုံး သုံးချက်မှာ၊ နေရေးအတွက် အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းကလည်း နိုင်ငံနဲ့ဆိုင်တဲ့ အဓိကလုပ်ငန်းထဲမှာ ပါဝင်ပါတယ်။
အဲဒီလိုတိုင်းပြည်အတွက်အရေးပါတဲ့ အိမ်ခြံမြေကဏ္ဍဟာ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက် ဖြစ်လာတဲ့ တိုင်းပြည်မတည်ငြိမ်တာ၊ မြန်မာငွေတန်းဖိုးကျဆင်းတာတွေနဲ့ ဆက်စပ်ပြီး ကမောက်ကမဖြစ်နေတာ တွေ့ရပါတယ်။
အိမ်စျေး၊ မြေစျေးဟာ အခုဆိုရင် အရင်ကထက် ခြောက်ဆယ် ရာခိုင်နှုန်းလောက် တက်သွားတယ်လို့ ရန်ကုန်မြို့က ရွှေမင်းသားအကျိုးဆောင်လုပ်ငန်းများ ကုမ္ပဏီလီမိတက်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်သူဝင်းက ပြောပါတယ်။
"စျေးနှုန်းတွေတက်တဲ့နှုန်းတွေကမတူဘူး၊ သေချာတာကတော့ စျေးနှုန်း တော်တော်များများ တက်သွားတယ်၊ သိသိသာသာ တက်သွားတယ်လို့ ပြောရမှာပေါ့နော်။ ပုံမှန်တက်တဲ့နှုန်းတွေထက် ပိုပြီးတော့ မြန်မြန်ဆန်ဆန်နဲ့ သိသိသာသာ တက်တဲ့နှုန်းတွေ ဖြစ်တဲ့အတွက်ကြောင့် တချို့ နေရာတွေမှာ လေးဆယ်ရာခိုင်နှုန်း၊ ဥပမာ (သိန်း) တစ်သောင်းတန်က (သိန်း) တစ်သောင်း လေးထောင်၊ (သိန်း) တစ်သောင်းခွဲပေါ့နော်၊ လေးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ် ရာခိုင်နှုန်း ဒီလောက်တက်သွားတာ တွေ့ရတယ်။ နှစ်ဆလောက် တက်သွားတဲ့ နေရာမျိုး လောလောဆယ် လက်လှမ်းမီသလောက်တော့ မရှိသေးဘူး။ အနည်းဆုံးကတော့ သုံးဆယ်၊ လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ် ရာခိုင်နှုန်းလောက်အထိ တက်လာတာကိုပဲ တွေ့ရပါတယ်"
မန္တလေးက အိမ်ခြံမြေစျေးဟာ တစ်မြို့နယ်နဲ့တစ်မြို့နယ်ကွာဟချက် သိပ်မရှိပေမယ့် ရန်ကုန်မှာဆိုရင် လှိုင်သာယာမှာ တစ်စျေး၊ စမ်းချောင်းမှာတစ်စျေး၊ ဗဟန်းမှာတစ်စျေး၊ မြောက်ဒဂုံမှာတစ်စျေး အမျိုးမျိုးကွဲကြတယ်လို့လည်း ဦးမြတ်သူဝင်းက ပြောပါတယ်။
အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုက အမည်မဖော်လိုတဲ့ ဒါရိုက်တာ တစ်ယောက်ကတော့ စျေးကစားတဲ့သူတွေများလာတာကြောင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း မြောက်ဒဂုံ မြို့နယ်က နေရာတချို့ မှာ ဆယ်ဆမက တက်သွားတဲ့နေရာမျိုးတွေတောင် ရှိတယ်လို့ ပြောပါတယ်။
"၂၀၂၁ နောက်ပိုင်းမှာ စျေးကစားတဲ့သူတွေ တော်တော်များလာတယ်၊ နေဖို့ထိုင်ဖို့ အတွက်ဆိုရင်တော့ အခက်အခဲဖြစ်တယ်။ အရင်တုန်းက သိန်း လေးငါးခြောက်ရာ၊ ခုနစ်ရာရှိရင် အိမ်ခြံမြေလေး ဝယ်ပြီးတော့ နေလို့ရတယ်ဆိုတဲ့ အတွေးလေးရှိတယ်။ အခုအဲဒီအတွေးတွေက ရိုက်ချိုးခံလိုက်ရပြီ။ အဲဒါ အိမ်ခြံမြေစျေးကွက်ကို ဝင်ရောက်စျေးကစားတဲ့သူတွေကြောင့် အိမ်ခြံမြေစျေး မတည်မငြိမ်ဖြစ်ပြီး ဆယ်ဆမကတက်သွားပြီးတော့မှ ကမောက်ကမဖြစ်နေတဲ့အနေအထားနဲ့ ကြုံတွေ့နေကြရတာပါ"
စျေးမှန်မှန်နဲ့ရောင်းနေတဲ့ အိမ်ခြံမြေတွေကတော့ အရောင်းအဝယ်ဖြစ်နေသေးတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ငွေကျပ် နှစ်သောင်းတန်ဂယက်ကြောင့်လည်း အရောင်းအဝယ်တွေ ရပ်တန့်ခဲ့ရသေးတယ်လို့ ပြောပါတယ်။
"အိမ်ခြံမြေစျေးကွက်ကို ဝင်ရောက်စျေးကစားတဲ့သူတွေကြောင့် အိမ်ခြံမြေစျေး မတည်မငြိမ်ဖြစ်ပြီး ဆယ်ဆမကတက်သွားပြီးတော့မှ ကမောက်ကမဖြစ်နေတဲ့အနေအထားနဲ့ ကြုံတွေ့နေကြရတာပါ"
ဒါပေမဲ့ အရစ်ကျစနစ်နဲ့ အိမ်ဝယ်ဖို့ ဘဏ်တွေမှာ ချေးငွေကို လျှောက်ပြီးဝယ်တဲ့သူတွေ ပိုများလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင် ဒေါ်ဝတ်ရည်က ပြောပါတယ်။
"၂၀၂၁ ရှေ့ပိုင်းမှာ အိမ်ခြံမြေအလားအလာနဲ့ ၂၀၂၂ - ၂၀၂၃ မှာ အိမ်ခြံမြေ အရောင်းအဝယ်က အရင်ကထက်စာရင် နည်းနည်းအေးလာတယ်ပေါ့နော်။ ဒါပေမဲ့ မရောင်းရတာမျိုးတော့ မဟုတ်ဘူး။ မြို့နယ်ပေါ်မူတည်ပြီးတော့ အရောင်းအဝယ်တွေ က ဖြစ်ထွန်းတယ်။ ဒါပေမဲ့ အိမ်ခြံမြေမှာ Home Loan နဲ့ ပတ်သက်ပြီးတော့ အရောင်းအဝယ်တွေက ၂၀၂၁ ကထက် ပိုပြီးဖြစ်လာတယ်။ အောင်မြင်အောင် ဘဏ်တွေနဲ့ ချိတ်ဆက်လာကြတယ်"
အမှန်တကယ်အိမ်လိုအပ်လို့ဝယ်တာမဟုတ်ဘဲ စီးပွားရေးအလုပ်တစ်ခုအနေနဲ့ ဝယ်ရောင်းလုပ်တဲ့သူတွေလည်း များလာတယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျပ်ငွေတန်ဖိုး ထပ်ကျလာမှာကို ကြောက်တဲ့စိတ်တွေနဲ့အတူ ငွေသိမ်းထားမယ့်အစား အိမ်ခြံမြေဝယ်ထားတာက တန်ဖိုးမကျနိုင်ဘူးဆိုတဲ့ အမြင်တွေနဲ့ ဝယ်ကြ၊ ရောင်းကြတဲ့သူတွေလည်း ရှိနေတယ်လို့ ရန်ကုန်မြို့၊ အိမ်ခြံမြေ ဝန်ဆောင်မှုနှင့် အထွေထွေဝန်ဆောင်မှုအဖွဲ့က ကိုချစ်ဝေက ပြောပါတယ်။
"၂၀၂၁ ရှေ့ပိုင်းမှာတုန်းကတော့ ပုံမှန်လေးပဲသွားကြတယ်။ လိုတဲ့သူကဝယ်တယ်၊ မလိုတဲ့သူက မဝယ်ဘူး။ အဲဒါကြောင့် အိမ်ခြံမြေစျေးက ပုံမှန်အတိုင်းလေး သွားတယ်၊ စျေးတန်းလေးကလည်း ပုံမှန် ပေါက်စျေးလေးရှိတယ်။ အခုကျတော့ အဲဒီလို မဟုတ်တော့ဘဲနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ပါတာပေါ့။ လူတွေက လက်ထဲမှာ ငွေမထားချင်ကြတော့ဘူး၊ ငွေထက်စာရင် မြေကွက်ပဲဖြစ်ဖြစ်၊ အိမ်ပဲဖြစ်ဖြစ်၊ တိုက်ခန်းပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံထားလိုက်တဲ့သဘောပေါ့။ အဲလိုမျိုးတွေလုပ်တယ်၊ ဝယ်တဲ့သူကလည်း ဝယ်ပြီးသွားတာနဲ့ မြတ်ရင် ချက်ချင်း ပြန်ရောင်းတယ်။ ဝယ်တာနဲ့ရောင်းတာနဲ့က အရမ်းအလုပ်ဖြစ်တဲ့အခါကျတော့ အိမ်စျေးတွေက မငြိမ်မသက်ဖြစ်တာပေါ့"
အိမ်ခြံမြေစျေးကွက် ကမောက်ကမဖြစ်နေသလို၊ ကွန်ဒိုတိုက်ခန်းတွေအပါအဝင် တိုက်တာအိုးအိမ် ဆောက်လုပ်ကြတဲ့ကုမ္ပဏီတွေမှာလည်း မြေစျေး၊ ဒေါ်လာစျေးတွေ တက်ပြီး ဆောက်လုပ်ရေးပစ္စည်းတွေ စျေးတက်နေတာကြောင့် လုပ်ငန်းတွေ ရပ်ထားကြရတာလည်းရှိနေပါတယ်။ ဒါကြောင့် ပန်းရံဆရာတွေ၊ နေ့စားဝန်ထမ်းတွေနဲ့ အင်ဂျင်နီယာတွေ အလုပ်လက်မဲ့ ဖြစ်ကုန်ကြရတယ်လို့လည်း ပြောကြပါတယ်။
အဲဒီအကျိုးဆက်တွေကြောင့် အိမ်ပိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်မျိုးဆက်သစ်တွေရဲ့ စိတ်ကူးအိပ်မက်တွေဟာ တဖြည်းဖြည်းနဲ့ ဝေးနေရပြီလို့ ပြောပါတယ်။