တောင်ငူမြို့ရောက် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲမျိုးစုံ ကြုံနေရ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ရာ ပဲခူးတိုင်းအရှေ့ခြမ်း ကျောက်ကြီး၊ မုန်း၊ ရွှေကျင်မြို့နယ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ နှစ်ထောင်နီးပါးဟာ အခုနှစ် ဖေဖော်ဝါရီလကစလို့ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
အဲဒီဒုက္ခသည်တွေဟာ တချို့က တောင်ငူမြို့ပေါ်၊ တချို့က မြို့အနီးတစ်ဝိုက်ကျေးရွာတွေ က ဆွေမျိုးသားချင်းတွေရဲ့ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေမှာ ယာယီ ခိုလှုံ နေကြတာ ရှစ်လနီးပါး ရှိနေပါပြီ။
အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး ခက်ခဲလာပြီး သူတို့တွေ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာအမျိုးမျိုးကိုပါ ကြုံတွေ့လာရတယ်လို့ ဒေသခံ ကရင်လူမှုကူညီရေး အဖွဲ့တွေက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်တွေ ရောက်ခါစက ရပ်ရွာရဲ့ ကြိုတင်ပြင်ဆင်မှုနဲ့ အလှူရှင်တွေရဲ့ ဝိုင်းဝန်းကူညီပေးမှုကြောင့် စားဝတ်နေရေး အဆင်ပြေခဲ့ပေမယ့် အခုချိန်မှာတော့ အခက်အခဲမျိုးစုံ ကြုံလာရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ စောမောင်မောင်က ပြောပါတယ်။
"ခုနစ်လမြောက်လို့ ဒီဘက်ထဲကိုရောက်လာတဲ့အခါမှာ အလှူရှင်တွေလည်း ပါးလာတယ်။ ပြီးလို့ရှိရင် ဒီကမိသားစုတွေလည်း ရက်ရှည်လာတဲ့အတွက်ကြောင့် ပံ့ပိုးမှုတွေ၊ စားနပ်ရိက္ခာအတွက် လိုအပ်တာတွေ ကူညီရတဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာတာရှိပါတယ်။ ကျနော်တို့ အဲဒီအတွက်ကိုလည်း ဘယ်လိုတွေ နည်းလမ်းရှာပြီး၊ ဘယ်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ပြီး ဘယ်လိုတွေကူညီသွားရမလဲဆိုတဲ့ အခက်အခဲလေး တွေတော့ တွေ့နေရပြီ"
တောင်ငူကို ရောက်နေတဲ့ ဒုက္ခသည်တွေထဲမှာ လွန်ခဲ့တဲ့ ကိုးလခန့်က ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကနေ ထွက်ပြေးလာတဲ့ ဦးဗျားရယ်လည်း ပါဝင်ပါတယ်။ သူဟာ အရင်က ဒီးမော့ဆိုမြို့နယ်မှာ တောင်ယာလုပ်ငန်းကို တစ်ပိုင်တစ်နိုင် လုပ်ကိုင်ခဲ့သူပါ။
လက်ရှိ တောင်ငူမြို့မှာ ပုံမှန်အလုပ်မရှိဘဲ သူတစ်ပါး ပေးကမ်းစာနဲ့ မှီခိုရပ်တည်ရတာ ကြောင့် စားဝတ်နေရေး ခက်ခဲတဲ့အပြင် ကျန်းမာရေးကိစ္စတွေပါ ခက်ခဲလာတယ်လို့ ဦးဗျားရယ်က ပြောပါတယ်။
"ကျန်းမာရေးအတွက်လည်း နည်းနည်းခက်ခဲတယ်။ ကျနော်တို့ ဒီမှာ ဖျားတာ စစ်ရှောင်တွေပဲ ပိုများတယ်။ စစ်ရှောင်တွေပဲ တစ်ယောက်ပြီးတစ်ယောက် ဖျားနေကြတာ။ ဆေးဝါးစရိတ်လည်း နည်းနည်းလိုအပ်နေတာပေါ့။ ဆေးဖိုးဝါးခလည်း လိုအပ်တယ်။ ကိုယ့်အရပ်ဒေသ မဟုတ်တဲ့အတွက်ကြောင့် ဘယ်မှာသွားကုရမလဲ၊ ဘယ်ဆေးရုံသွားရမလဲဆိုတာမျိုးလည်း နည်းနည်း အခက်အခဲရှိတယ်။ သွားရေးလာရေး အတွက်လည်း အခက်အခဲရှိတယ်"
လွန်ခဲ့တဲ့ ကိုးလ တိုက်ပွဲတွေဖြစ်ချိန်က ဒီးမော့ဆိုမြို့နယ်မှာ ကျန်ခဲ့တဲ့ ဦးဗျားရယ်ရဲ့ နေအိမ်၊ စပါးကျီနဲ့ လယ်ယာသုံး စက်ပစ္စည်းတွေ မီးရှို့ခံခဲ့ရပါတယ်။ သားသမီး လေးယောက်ရှိပေမယ့် တိုက်ပွဲတွေကြောင့် မိသားစု စုံစုံလင်လင်မနေရဘဲ တကွဲတပြားစီ ဖြစ်နေပြီး နေစဉ်နဲ့အမျှ ကယားပြည်နယ်မှာ ကျန်ခဲ့တဲ့ သားသမီးတွေအတွက် စိုးရိမ်ပူပန် နေရတယ်လို့ သူက ဆိုပါတယ်။
ပဲခူးတိုင်း အရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်က တိုက်ပွဲတွေကြောင့် လောလောဆယ် တောင်ငူမြို့မှာ စစ်ဘေးဒုက္ခသည်အဖြစ် တိမ်းရှောင်နေရတဲ့ ကိုးနှစ်အရွယ် စောထူးထူး ကတော့ တိုက်ပွဲတွေ မဖြစ်ခင်က ပထမတန်းမှာ ပညာသင်ခဲ့သူပါ။
"စစ်သားတွေ တက်လာတော့ ကျနော်တို့ ကြောက်တယ်။ ရင်တွေလည်းတုန်တယ်။ ပြေးရတာ ခြေထောက်တွေလည်း ညောင်းတယ်"
ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ သူ့ရဲ့ရွာမှာ စစ်တပ်က လေယာဉ်နဲ့ လာပစ်ချိန် ထိတ်လန့်တုန်လှုပ်ပြီး တောထဲမှာ ခက်ခက်ခဲခဲ ပုန်းအောင်း ခဲ့ရတယ်လို့ စောထူးထူးက ပြောပါတယ်။
"လေယာဉ်တွေက တဝူးဝူးနဲ့လာတယ်။ အားရပါးရ အကုန်ပစ်တယ်။ ထွက်ပြေးပြီးတော့ ခြုံတွေထဲမှာ ပုန်းနေရတယ်။ မိုးရွာထဲမှာ ခြင်တွေကလည်း တအားကိုက်တယ်။ ပြေးနေရတဲ့အချိန်မှာလည်း ကျနော့်မှာ ဖိနပ်ပါမလာဘူး။ မိုးရွာထဲပြေးနေတဲ့အချိန် သူတို့တက်လာပြီး အကုန်လျှောက်ပစ်တယ်။ စစ်သားတွေ တက်လာတော့ ကျနော်တို့ ကြောက်တယ်။ ရင်တွေလည်းတုန်တယ်။ ပြေးရတာ ခြေထောက်တွေလည်း ညောင်းတယ်။ အခု တောင်ငူမှာတော့ နေ့တိုင်းဆော့တယ်"
စောထူးထူးနဲ့ မိသားစုဟာ တောထဲမှာ တစ်ပတ်နီးပါး ပုန်းရှောင်ခဲ့ရပြီးတဲ့နောက် စစ်တောင်းမြစ်ကို စက်လှေနဲ့ကူး၊ အဲဒီနောက် ကျောက်ကြီးကနေ တောင်ငူမြို့ကို ကားနဲ့ ခရီးဆက်ခဲ့ရတာပါ။
တိုက်ပွဲတွေပြီးလို့ အိမ်ပြန်ခွင့်ရခဲ့ရင်တောင် နေစရာအိမ်တွေမရှိတော့သလို၊ စားဖို့သောက်ဖို့ စိုက်ပျိုးထားတာတွေလည်း ပျက်စီးကုန်တာကြောင့် စားသောက်နေထိုင်ရေးမှာ အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အသက် ၇၀ အရွယ် နော်လှစိန် (အမည်လွှဲ) က ပြောပါတယ်။
"တောသူတောင်သား အားအထားရဆုံးက ဆန်ရေစပါးပဲ ဖြစ်တယ်လေ။ ဟိုး မိုးဦးကျ ကတည်းက ထွက်ပြေးနေရတော့ စိုက်လို့ပျိုးလို့လည်း မရတော့ဘူး။ စိုက်ပြီးသွားတဲ့ သူတွေကလည်း တစ်အိမ်လုံး၊ တစ်ရွာလုံး ထွက်ပြေးနေကြတော့။ အထူးသဖြင့် ကျွဲနဲ့ နွား အကောင်ကြီးတွေကို မသယ်နိုင်တဲ့အခါကျတော့ သူတို့က လိုက်လိုက် စားကုန် လိုက်တော့ စားဖို့သောက်ဖို့ကတော့ တော်တော်ကို ခဲယဉ်းမယ်လို့ ထင်ပါတယ်"
ခရစ္စမတ်ကာလမှာ အိမ်ပြန်ခွင့်ရခဲ့ရင် ရွာထဲမှာ ခရစ္စမတ်ပျော်ပွဲရွှင်ပွဲတွေ ပြန်လုပ်ချင် သေးတယ်လို့လည်း နော်လှစိန်က ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်က ဒေသခံတစ်ဦးဖြစ်တဲ့ စောဘွဲ့သူကလည်း တိုက်ပွဲတွေကြောင့် ထိတ်လန့်ကြောက်ရွံစိတ်၊ ကိုယ့်ဇာတိရပ်ရွာနဲ့ ခွဲခွာပြီး သူတစ်ပါးနေအိမ်မှာ ဖြစ်သလို ခိုလှုံနေရတဲ့ ဒုက္ခတွေကြောင့် တချို့ဆို စိတ်ငြိမ်ဆေး သောက်ရတဲ့အထိ ထိခိုက်ခံစား နေရတယ်လို့ ပြောပါတယ်။
"တချို့တွေက ဟိုးတောထဲမှာနေသူတွေ အခက်အခဲတွေ အများကြီးနဲ့ ကြုံရတယ်။ နောက်ပြီးကျတော့ ကျနော်တို့ မြို့ပေါ်နေရသူတွေလည်း အခက်အခဲမရှိပေမယ့် အခက်အခဲတော့ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ရွာ၊ ကိုယ့်ဒေသ ပြန်ချင်တဲ့စိတ်နဲ့ ကြောက်စိတ်နဲ့ရော၊ နောက်ပြီးတော့ ခံစားစိတ်နဲ့ ပေါင်းပြီးတော့ ရူးလောက်မတတ်။ တချို့တွေဆို စိတ်ငြိမ်ဆေးတွေ သောက်ရသလို ဆရာဝန်တွေနဲ့ ကုနေရတယ်"
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ စက်တင်ဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ ပဲခူးတိုင်း အရှေ့ခြမ်း ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီး၊ မုန်း၊ ရွှေကျင် စတဲ့ မြို့နယ်တွေမှာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ စက်တင်ဘာ ၁၉ ရက်နေ့ထိ စစ်ကောင်စီတပ်နဲ့ KNU အကြား တိုက်ပွဲတွေကြောင့် နေ့ရပ်စွန့်ခွာထွက်ပြေးရသူ ၂၀,၉၄၃ ဦး ရှိပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA ရဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ လ ၂၀ ကျော် အတွင်း ကယားပြည်နယ်နဲ့ ပဲခူးတိုင်းအပါအဝင် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး ရသူ တစ်သန်းကျော် ရှိနေပါပြီ။