ဒဏ်ရာရရဲဘော်တွေအတွက် စင်တာ တည်ထောင်သူ
2024.02.21
တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေ ထိုင်းနိုင်ငံ နယ်စပ်တစ်နေရာမှာ ဆေးကုသနိုင်ဖို့ ကူညီပေးပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးနေတဲ့ စင်တာတစ်ခုကို ဦးဆောင်တည်ထောင်ထားသူကတော့ အနောလို့ ခေါ်ကြတဲ့ နော်နေခြည်လင်းပါ။
"ကိုယ်ဘယ်လောက်ပဲ စိတ်ပင်ပန်းနေပါစေ။ သန်လျင်ရဲ့ အပြုံးပေါ့။ သူတို့အပြုံးတွေ မြင်ရင် ဝမ်းသာတယ်။ သူတို့မတ်တပ်ပြန်ရပ်နိုင်တာလည်း အနောတို့အတွက် အောင်မြင်မှုပဲ။ သူတို့စကားလေးတစ်ခွန်း ဟရင်လည်း အနောတို့ အောင်မြင်မှုပဲ။ အနောတို့ အဲဒီလိုနည်းနဲ့သွားတယ်"
အသက် ၃၇ နှစ်အရွယ် ကရင်အမျိုးသမီးတစ်ဦး ဖြစ်တဲ့ နော်နေခြည်လင်းဟာ ကလေး သုံးဦးမိခင် ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ သူနေထိုင်ရာ မြဝတီကနေ လေးကေ့ကော်ကို ပြောင်းရွှေ့ပြီး တော်လှန်ရေးရဲဘော်တွေနဲ့ CDM တွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
၂ဝ၂၁ ခုနှစ် ဒီဇင်ဘာလ လေးကေ့ကော်မှာ တိုက်ပွဲတွေ စတင်တဲ့နောက် နော်နေခြည်လင်းတို့ မိသားစု ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရပါတယ်။ အဲဒီကစပြီး တိုက်ပွဲမှာ ဒဏ်ရာရလာတဲ့ တော်လှန်ရေးရဲဘော်တွေကို ဆေးကုသပေးနိုင်ဖို့ စတင်ကူညီပေးခဲ့ပါတယ်။
စတင်ကူညီချိန်က လူနာလေးငါးဦးခန့်သာ ရှိခဲ့ပေမဲ့ နာတာရှည်လူနာတွေ၊ ပြန်လည်ထူထောင်ရေး ဆက်လုပ်ရမဲ့ လူနာတွေရှိလာတဲ့အတွက် Sunshine Care Center ကို စတင်တည်ထောင်ခဲ့တယ်လို့ သူကဆိုပါတယ်။
“သန်လျင်ဆိုရင် ခေါင်းကိုထိတာ ဖြစ်တယ်။ သူတို့ကို အနောက ကလေးတစ်ယောက်ကို ပြုစုသလို ပြုစုနေရတယ်။ နောက်တစ်ခုက သူတို့ရဲ့ကျန်းမာရေးသည် အစိုးမရဘူး။ ဒီလိုကလေးတွေအတွက်ကျတော့ အခက်အခဲဖြစ်တယ်။ အခြေအနေကတော့ တစ်နေရာရာမှာ ပြုစုမှဖြစ်တော့မယ်ဆိုတာမျိုး ဖြစ်လာတယ်"
Sunshine Care Center ဟာ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်တွေအပြင် နာမကျန်းဖြစ်တာ၊ မတော်တဆ ထိခိုက်တာတွေနဲ့ ကလေးမွေးဖွားတဲ့ ကိစ္စတွေကိုပါ ကူညီပေးနေပါတယ်။ လက်ရှိမှာ ဒဏ်ရာရတော်လှန်ရေး ရဲဘော် ၉ဝ ကျော်ကို ဆေးကုသပေးနေပြီး စုစုပေါင်းရဲဘော် ငါးရာနီးပါးကို ဆေးကုသပေးနိုင်ခဲ့တယ်လို့ နော်နေခြည်လင်းက ဆိုပါတယ်။
“ထိခိုက်လာတဲ့ ရဲဘော်တွေကို ထိခိုက်လာတဲ့ အခြေအနေအပေါ်မှာ ကုသတယ်။ ကုသပြီးလို့ ပြန်လည်ထူထောင်ရေးလိုအပ်ရင်ကြည့်ရှုပေးတယ်ဆိုတဲ့ ခေါင်းစဉ်အောက်က သွားတယ်။ ခေါင်းထိတယ်၊ ခါးတွေထိတယ်။ ကိုယ်လက်အင်္ဂါ ဆုံးရှုံးရတာတွေရှိတယ်။ နေရာမျိုးစုံကို ပုံစံမျိုးစုံထိနေကြတာပါပဲ။ တချို့ကျတော့ ကြည့်လိုက်ရင် ဘာမှ ဒဏ်ရာမရှိဘူး။ ဒါပေမယ့် အစက ဝမ်းဗိုက်ထဲ ဝင်ပြီးတော့ အတွင်းကလီစာ ဖြတ်တောက်ထားရတာတွေ ရှိတယ်။ တချို့ကျတော့ ဘာမှ မထိခိုက်သော်လဲ စိတ်ဒဏ်ရာရသွားတာတွေလဲ ရှိတယ်“
တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားခဲ့ရတာတွေ၊ ဒဏ်ရာမျိုးစုံ ရရှိလာတဲ့ တော်လှန်ရေးရဲဘော်တွေကို နေ့စဉ်မြင်တွေ့ရတဲ့အတွက် ဝမ်းနည်းမိပေမဲ့ သူတို့တွေကို တစ်ဖက်တစ်လမ်းက ပြုစုစောင့်ရှောက်ပေးနေရတာကို ဂုဏ်ယူတယ်လို့ သူက ဆိုပါတယ်။
“တချို့ကျတော့လည်း ကယ်နေရင်းတန်းလန်း မရတော့ဘူး။ ဒီခြေထောက်ကို ဖြတ်ရမယ်ဆိုတာတွေ ရှိတယ်။ ဒါပေမဲ့အနောကတော့ သူတို့ရှေ့မှာ မျက်ရည်မကျဘူး။သူတို့က သူရဲကောင်းတွေ၊ သူတို့ အသက်တောင်စွန့်ပြီးတော့ တိုက်နေတဲ့ ကလေးတွေ ဖြစ်တယ်။ အနော အတတ်နိုင်ဆုံး သူတို့ရှေ့မှာ မာအောင်နေတယ်။ တစ်ခါတစ်လေ ဟောက်ပစ်လိုက်တယ်။ ဒါပေမယ့် တစ်ဖက်ကလဲ မိန်းကလေးဆိုတော့ ခံစားရတယ်လေ။ အဲဒီကျရင် သူတို့မမြင်အောင် ဆေးရုံအောက်ပြေးလိုက် ထောင့်ပြေးလိုက်ပေါ့"
သူ့ရဲ့ ဒီလုပ်ဆောင်မှုတွေကြောင့် နေ့စဉ်နဲ့အမျှ ပုံစံမျိုးစုံခြိမ်းခြောက်မှုတွေ ကြုံနေရပေမဲ့ သူရဲကောင်းတွေကို လေးစားတဲ့စိတ်နဲ့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ နော်နေခြည်လင်းက ဆိုပါတယ်။
“အမှန်အတိုင်းပြောရင် အနောလည်း လူသားပဲ ကြောက်တတ်တယ်။ မိသားစုကို ထိခိုက်မှာကြောက်တယ်။ ကိုယ်တိုင်လည်းသွားလာရင်းနဲ့ တစ်စုံတစ်ခုဖြစ်သွားမှာ ကြောက်တယ်။ ခြိမ်းခြောက်မှုတွေလည်း မျိုးစုံရှိတယ်။ အနောလုပ်ပေးတဲ့ အဓိကအကြောင်းအရင်းကတော့ အနောသူတို့ကို လေးစားတယ်“
တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ တော်လှန်ရေးမှာပါဝင်တဲ့ လူငယ်တွေရဲ့ဘဝတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပေးဆပ်စွန့်လွှတ်နေကြရတဲ့အတွက် စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်ဖို့အရေးမှာ အားလုံးပါဝင်ကြဖို့ နော်နေခြည်လင်းက မေတ္တာရပ်ခံပါတယ်။