လက်ပံတောင်းတောင်နယ်မြေက လူငယ်တွေရဲ့တော်လှန်ရေး

ခင်မိုးညို
2022.11.27
Share on WhatsApp
Share on WhatsApp
လက်ပံတောင်းတောင်နယ်မြေက လူငယ်တွေရဲ့တော်လှန်ရေး စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်ပံတောင်းတောင်နယ်မြေက One star task force အဖွဲ့ လက်နက်စမ်းသပ်နေသည့် မြင်ကွင်းတစ်ခု။
One star task force

“ကျွန်တော်တို့ အဖွဲ့နာမည်က One star task force ပါ။ One star task force ကို စဖွဲ့ခဲ့တာက လူအင်အား ၁၅ ယောက်လောက်နဲ့ စဖွဲ့ခဲ့တာ။ စဖွဲ့တုန်းက NUG လည်း မရှိဘူး။ MOG ဆိုတာလည်းမရှိဘူး။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပေ့ချ်(Page) ဆိုတာလည်း မသိဘူး။ ဖေဖော်ဝါရီလဆန်းပိုင်းမှာ အာဏာသိမ်းတယ်။ မတ်လမှာ ကျွန်တော်တို့ လက်နက်ကိုင်ဖို့ လမ်းစဉ်ကို ရွေးချယ်ပြီး တူမီးကို စလုပ်ခဲ့တယ်”

One star task force ကို ဦးဆောင်နေတဲ့ ကိုကျော်ကြီးဟာ အသက်၂၂ နှစ်အရွယ် လူငယ်တစ်ယောက်ပါ။ စစ်အာဏာမသိမ်းခင်က ရန်ကုန်မြို့မှာ အလုပ်အကိုင်အတည်အကျရှိနေသူပါ။ ဒါပေမဲ့ ပြည်သူတွေရဲ့ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းသတ်ဖြတ်တာတွေကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာလို့သူကပြောပါတယ်။

“သူတို့ကို မတိုက်ရင် ကျွန်တော်တို့ ပြည်သူတွေ အိုးအိမ် ဖျက်ဆီးခံရမယ်။”

အရင်က အေးချမ်းခဲ့တဲ့ သူ့ဇာတိဟာ စစ်တပ်ရဲ့ဦးပိုင်လီမိတက်နဲ့ တရုတ်ရဲ့ဝမ်ပေါင်ကုမ္ပဏီတို့ဝင်ပြီး ကြေးနီထုတ်တဲ့စီမံကိန်းတွေကြောင့် လယ်ယာမြေတွေ အသိမ်းခံရ၊ ရွာတွေဖယ်ရှားခံခဲ့ရလို့ စစ်တပ်ရဲ့ဖိနှိပ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ဒေသလည်းဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသက လူငယ်တွေဟာ အဲဒီနာကြည်းမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးကို အစောဆုံးရွေးချယ်ခဲ့ကြတာလို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ One star task force အဖွဲ့ဝင် မောင်မောင်ဆိုတဲ့လူငယ်က သူရဲ့ရပ်တည်ခံစားချက်ကိုအခုလိုပြောပြပါတယ်။

“အသက်ကတော့ ဆယ့်ကိုးနှစ်ပါ။ ပညာအရည်အချင်းကတော့ ဆယ်တန်း။ ကျွန်တော် ငါးတန်း ခြောက်တန်း ဝမ်ပေါင်မှာ ဆန္ဒပြတော့ ကျွန်တော်လည်း စာသင်ရင်းနဲ့လိုက်ပြတယ်။ သူတို့က လက်နက်တွေသုံးပြီး ပစ်ခတ်တယ်။ မျက်ရည်ယိုဗုံးတွေ သုံးတယ်။ ကိုယ်ကလည်း မတရားမှန်းသိတော့ စိတ်ဓာတ်က ပြင်းထန်လာတယ်။ အဲဒီကတည်းက ငြှိုးချက်ရှိတယ်။ အခုတော့ အာဏာသိမ်းတော့ တော်လှန်ခွင့်ရပြီဆိုတော့ တော်လှန်တယ်”

လွန်ခဲ့တဲ့ ခုနစ်နှစ်ကျော်လောက်က ကြေးနီစီမံကိန်းကို ဒေသခံတွေ ကန့်ကွက်ဆန္ဒပြခဲ့ချိန်က ပါဝင်ခဲ့တဲ့ မောင်မောင်ဟာ အခုတော့ One star task force ရဲ့ ရဲဘော်တစ်ယောက်ဖြစ်နေပါတယ်။

“သူတို့ကတော့ ကိုယ်အလှူခံမယ်ဆို ထည့်ဖို့အဆင်သင့်ပဲ။ မရှိရှိတာရောင်းလှူတယ်။ ဟိုတစ်နေ့ကဆိုရင် ဆံပင်တွေ ဖြတ်ပြီးလှူကြတယ်။”

မောင်မောင့်လိုပဲ ငယ်ရွယ်တဲ့ ရဲမေတစ်ဦးကတော့ မသူဇာ ဖြစ်ပါတယ်။

“တော်လှန်ရေးမတိုင်ခင်က ကျွန်တော်ဘာမှမလုပ်ဘူး။ ဆိတ်ကျောင်းတယ်။ ဆိတ်ကျောင်းပြီးတော့ အလုပ်သွားလုပ်တယ်။ စတိုးဆိုင်မှာ။ ဆိုင်မှာနေရင်းနဲ့ တီဗွီတွေ ဘာတွေကြည့်တယ်။ သတင်းတွေ ဘာတွေကြည့်တယ်။ ကိုယ့်ပြည်သူဘက်က ဆုံးရှုံးတာတွေတွေ့ရတော့ မနေနိုင်ဘူး။ ဆိုင်ကနေထွက် ပြီးတာနဲ့ ဒီထဲတစ်ခါတည်း တန်းဝင်တာ။”

မူလတန်းပညာသာသင်ကြားခဲ့ရတဲ့ မသူဇာ ဟာ အခုတော့ လက်နက်ထုတ်လုပ်မှုမှာ တာဝန်ယူနေပါတယ်။ ခေတ်မီလက်နက်တွေနဲ့ တိုက်ပွဲမဝင်နိုင်သေးတဲ့သူတို့ဟာ လက်နက်တွေကို တစ်နိုင်တစ်ပိုင် ကိုယ်တိုင်ထုတ်လုပ်ဖို့ကြိုးပမ်းကြရတယ်လို့ဆိုပါတယ်။

ဆယ်ကျော်သက်ရွယ်လူငယ်တွေ ပါဝင်နေတဲ့ One star task force ရဲ့ အခြေအနေကို ဦးဆောင်သူဖြစ်တဲ့ကိုကျော်ကြီးက အခုလို ပြောပြပါတယ်။

“ကလေးစစ်သား အသုံးမပြုရတာကြောင့် ကျွန်တော်တို့ ၁၈ နှစ်ကို အောက်ဆုံးထားအသုံးပြုပါတယ်။ ဒါပေမဲ့ ၁၇ နှစ်တွေလည်း ရှိတယ် ၁၆ နှစ်တွေလည်း ရှိတယ်။ အဲဒီကလေးတွေကိုတော့ တိုက်ပွဲထဲမှာ သုံးခဲပါတယ်။ သူတို့ကလည်း မရဘူး။ အကို ကျွန်တော်တို့ မပြေးချင်တော့ဘူးတဲ့။ ပြည်သူတစ်ယောက်အနေနဲ့မပြေးချင်တော့ဘူး။ သူတို့ကို မသတ်ရင် ကျွန်တော်တို့ပြည်သူတွေ အသတ်ခံရမယ်။ သူတို့ကို မတိုက်ရင် ကျွန်တော်တို့ ပြည်သူတွေ အိုးအိမ်အဖျက်ဆီးခံရမယ်။”

စစ်ကိုင်းတိုင်းထဲမှာ လှည့်လည်ပြီး ရွာတွေ မီးရှို့နေတဲ့ စစ်ကောင်စီတပ်တွေကို ဟန့်တားတိုက်ခိုက်နိုင်ဖို့ ဒေသခံလူငယ်တွေဟာ သူတို့ တီထွင်ထုတ်လုပ်ထားတဲ့ လက်လုပ်လက်နက်တွေနဲ့သာ အသုံးပြုတိုက်ခိုက်ကြရပါတယ်။ အခုအချိန်မှာ သူတို့ဒေသမှာ ရွာတွေမီးရှို့ခံထားရလို့ အဖက်ဖက်က အခက်ကြုံနေရတဲ့အချိန်လည်းဖြစ်ပါတယ်။

OSTF.jpg
စစ်အာဏာရှင်ကို တော်လှန်နေသည့် လက်ပံတောင်းတောင်နယ်မြေက One star task force အဖွဲ့ ထုတ်လုပ်ထားသည့် လက်နက်တချို့။ (Photo: RFA)

ဗိုလ်ကျော်ကြီး (One star task force) - “ကြုံရတဲ့ အခက်အခဲကတော့ လက်နက်ခဲယမ်းမရှိတာ မလုံလောက်တာ။ တိုက်ချင်တဲ့ ရဲဘော်တွေက အများကြီးပဲ။ ရဲဘော်တွေကို အလှည့်ကျစနစ်နဲ့ခေါ်နေရတယ်။ ဒီတစ်ပတ်မှာ ပွဲတစ်ပွဲတိုက်ပြီးသွားတယ်။ ဟိုတစ်နေ့ကလို ပုံစံမျိုးပေါ့နော်။ ကျွန်တော်တို့ ကားဘီးပေါက်သွားတယ်။ လုံးဝကွဲသွားတယ်။ ဖာစရာ ပိုက်ဆံမရှိဘူး။ ဒါကြောင့် နောက်တစ်ပွဲကိုမသွားရဘူး။ အခုနောက်ပိုင်းမှာ ရိက္ခာအခက်အခဲပါ ဖြစ်လာတယ်။ ကျွန်တော်တို့ ရိက္ခာကို ဝယ်ပီးတော့ သုံးရတယ်။ ရွာကလူတွေက မကူနိုင်ဘူး။ ရွာကလူတွေကိုလည်း ကိုယ်ကမကူနိုင်ဘူး။ သူတို့ကတော့ ကိုယ်အလှူခံမယ်ဆို ထည့်ဖို့အဆင်သင့်ပဲ။ မရှိရှိတာရောင်းလှူတယ်။ ဟိုတစ်နေ့ကဆိုရင် ဆံပင်တွေ ဖြတ်ပြီးလှူကြတယ်။ ရိက္ခာပိုင်းအတွက်၊ အစ်မ ကိုးယောက် ချက်ချင်းပဲ သူတို့ဆံပင်တွေကို ဖြတ်ရောင်းလိုက်ကြတယ်။ ပြီးတော့ ဒီမှာလာလှူတယ်”

အခုတော့ One star task force ဆိုတဲ့ တော်လှန်ရေးအင်အားစုဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန NUG/MOD ဆီမှာ တပ်ရင်းတပ်ဖွဲ့အဖြစ် ပါဝင်ထားကြပါပြီ။ သူတို့အဖွဲ့ထဲက လူငယ်တွေဟာ တော်လှန်ရေးပြီးမှ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေအတိုင်း နေကြတော့မယ်လို့ ဆုံးဖြတ်ထားတာတွေ့ရပါတယ်။

မသူဇာ(One star task force) - “နိုင်ငံ့အရေးပြီးသွားရင် ရွာသူတစ်ယောက်လိုပဲ အေးအေးချမ်းချမ်းနဲ့နေပြီး မိဘကိုလုပ်ကျွေးတော့မယ်လေ။ ပုံမှန်ဘဝလေးလိုပဲ ပြန်နေချင်တယ်။ ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေး ပုံမှန်ဘဝပဲ နေချင်တယ်။”

ဗိုလ်ကျော်ကြီး (One star task force)-“ကျွန်တော်တို့က နောက်ဆုတ်လည်း သေမှာပဲ။ ရှေ့တိုးလည်းသေမှာပဲ။တိုက်ရင်းနဲ့ပဲ အသေခံမယ်။ ပြည်သူတွေအတွက် အကောင်းဆုံးပဲလုပ်မယ်။ ကျွန်တော်တို့ကတော့ ဒီနေ့တော်လှန်ရေးပြီး လက်နက်တွေကို ပြန်ထားမယ်။ ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ ကိုယ့်ပညာကိုပဲ ကိုယ်ဆက်သင်ချင်တယ်ပေါ့”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။