စံချိန်တင်မြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ထမင်းလျှော့စားရသူတွေရှိလာ

RFA Burmese
2023.10.18
စံချိန်တင်မြင့်လာတဲ့ ကုန်စျေးနှုန်းတွေကြောင့် ထမင်းလျှော့စားရသူတွေရှိလာ ရန်ကုန်မြို့ရှိ ဆန်အရောင်းဆိုင်တစ်ဆိုင်အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

လူတွေ မရှိမဖြစ် နေ့တိုင်းလိုအပ်တဲ့ အခြေခံ စားသောက်ကုန် စျေးနှုန်းတွေဟာ စစ်တပ် အာဏာမသိမ်းခင်ကထက် နှစ်ဆကျော်၊ သုံးဆတက်လာတာကြောင့် ရောင်းတဲ့သူတွေရော ဝယ်တဲ့သူတွေပါ အခက်တွေ့နေကြပြီး ရန်ကုန်မြို့ခံတချို့ ထမင်းလျှော့စားနေရပြီလို့ ပြောကြပါတယ်။

ရန်ကုန်မြို့က ဒေါ်အေးအေးသင်းက သူတို့အနေနဲ့ ကလေးတွေကို ဦးစားပေးပြီး လူကြီးတွေ လျှော့စားတယ်လို့ ပြောပါတယ်။

"၂၀၂၁ ရှေ့ပိုင်းတုန်းက ဆန် နို့ဆီခုနစ်လုံး ချက်ရတယ်၊ မိသားစု ဝဝလင်လင် စားရတယ်၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဆန် လေးလုံးပဲချက်ရတော့တယ်၊ ဆန်စျေး၊ ဆီစျေးတွေက တအားတက်နေတော့ ရတဲ့ပိုက်ဆံနဲ့လည်း မလောက်ဘူး၊ အဲဒါကြောင့် လျှော့ပြီးချက်ရတာ၊ မနက်ပိုင်းချက်ပြီး မိသားစုအားလုံး စားကြတယ်၊ ညနေပိုင်းမှာတော့ ကလေးတွေစားပြီးရင် လူကြီးတွေအတွက် မကျန်တော့ဘူး၊ အဲဒီအတိုင်းပဲ အိပ်လိုက်ကြတော့တယ်၊ ဒါကြောင့် ဆန်ကောင်းကောင်း ဆီကောင်းကောင်းတွေဆို မမြင်ဘူးတာတောင် ကြာနေပြီ"

"အမိန့်တွေ၊ အာဏာတွေနဲ့ စီးပွားရေး ကောင်းလာတယ်ဆိုတာ မရှိဘူးလေ"

ရန်ကုန်မြို့မှာ ကိုယ်ပိုင်အိမ်ခန်းနဲ့ နေခဲ့တဲ့ဘဝကနေ၊ အိမ်ငှားဘဝကိုရောက်သွားတဲ့ ဦးခင်မောင်ဝင်းကလည်း ကုန်စျေးနှုန်းတွေတက်ပြီး လုပ်အားခ တက်မလာလို့ ဒီနှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ ပိုပြီးကျပ်တည်းလာတယ်လို့ ပြောပါတယ်။

"ဆန်တစ်ပြည်ကို ၁၁၀၀ နဲ့ ဝယ်စားခဲ့ရတဲ့ဆန်နေရာမှာ ၃၄၀၀ တို့၊ ၃၂၀၀ တို့၊ ၃၂၀၀ ဆန်ဆိုတာ စားမရဘူး၊ အနီတွေလည်း ပေါက်တယ်၊ စားမရတဲ့အခါကျတော့ ၃၄၀၀ တန်လေးကို စားလိုက်တဲ့အခါကျရင် တော်ရုံတန်ရုံ ဟင်းနဲ့စားလို့ ရသေးတယ်၊ ၃၂၀၀ တန် ဆန်နဲ့ဆိုရင် တော်ရုံတန်ရုံ ဟင်းနဲ့ စားမရဘူး၊ ဆီကျတော့လည်း ဒီလိုပဲ တစ်ဆယ်သားကို တစ်ထောင် ပေးစားရတယ်၊ လုပ်အားခတွေ ကျတော့ တက်မလာဘူး၊ ကုန်စျေးနှုန်းတွေပဲ တက်တက် တက်တက် လာနေတာ၊ လုပ်အားခတွေကျ ဘာတစ်ခုမှ တက်မလာဘူး၊ အဲဒါကြောင့် ခက်ခဲတာတွေတော့ ရှိတာပေါ့”

ဆန်ကြမ်း ၂၄ ပြည် တစ်အိတ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ အများဆုံး သုံးသောင်း နှစ်ထောင်လောက်ပဲရှိခဲ့ပေမယ့် အခု သုံးနစ်နီးပါးအကြာမှာတော့ ခုနစ်သောင်း ခုနစ်ထောင်လောက်အထိ စျေးပေါက်နေတယ်လို့ ရန်ကုန်မြို့က ဆန်ဆိုင်ပိုင်ရှင် ဦးအောင်စိုးက ပြောပါတယ်။

"ဇီယာ၊ ဆင်းသွယ်၊ ရက်ကိုးဆယ်၊ အညာသား၊ မနောသုခ စတဲ့ ဆန်အကြမ်းတွေ အချွန်လိုင်းတွေပေါ့ဗျာ၊ ၃၁,၀၀၀၊ ၃၂,၀၀၀ လောက်ပဲရှိတယ်ဗျ ၂၀၂၁ တုန်းက။ နှစ်နှစ်ကျော်ကြာလာတဲ့ ၂၀၂၃ မှာ ဇီယာတစ်အိတ်က ၇၁,၀၀၀၊၊ ဆင်းသွယ်ဆိုရင် ၇၆,၀၀၀ လောက်ရှိတယ်ဗျ၊ ရက်ကိုးဆယ်၊ အညာသားတို့ဆိုရင်လည်း ၇၆,၀၀၀၊ ၇၇,၀၀၀ လောက်ကို ဖြစ်နေတယ်ဆိုတော့ ဆန်ကြမ်းစျေး နှစ်ဆကျော်လောက် တက်နေတယ်လို့ ပြောလို့ရတယ်၊ ဆန်ချောဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းမှာလည်းပဲ ၂၀၂၁ တုန်းက ၆၀,၀၀၀ ဝန်းကျင်လောက်ပဲရှိတယ်၊ အခု ၂၀၂၃ ရွှေဘိုအထိုင်စျေးမှာတင် ၁၅၅,၀၀၀ လောက်ဖြစ်နေတယ်၊ အခုအောက်တိုဘာမှာ”

ရန်ကုန်မြို့က မသဥ္ဇာဆိုတဲ့ အမျိုးသမီးကလည်း လက်ရှိကုန်စျေးနှုန်းတွေကြောင့် ထမင်း ဝဝမစားရတော့ဘူးလို့ ပြောပါတယ်။

"တစ်ထောင်နဲ့မလောက်၊ နှစ်ထောင်နဲ့မလောက်၊ ၂၅၀၀ ဖိုးလောက် ဝယ်တော့မှ အိမ်ကယောက်ျားနဲ့ သားနဲ့ပဲ စားရတယ်၊ ကိုယ်ကတော့ ငတ်တဲ့ရက်က များတယ်၊ နောက်ဆုံး ဝဝလင်လင် စားရတဲ့ရက်ဆို အလှူရှင်တွေ လာတဲ့ရက်မှစားရတာ၊ အလှူရှင်တွေ လာတဲ့နေ့ဆိုရင် အကုန်လုံး မိသားစုလိုက် ပျော်ပျော်ရွှင်ရွင်နဲ့ ဝဝလင်လင် စားရတဲ့နေ့ပေါ့”

အရင်က ပုံမှန် နေကြာဆီ၊ ပဲဆီ ဝယ်စားနေကြသူတွေတောင် ဆီစျေးတွေ တရိပ်ရိပ် တက်လာတဲ့အတွက် စားအုန်းဆီကိုတန်းစီပြီး ဝယ်စားနေရသလို၊ ဆိုင်တွေကလည်း ရောင်းစရာ လုံလုံလောက်လောက် မရှိဘူးလို့ ရန်ကုန်မြို့က ကုန်စုံဆိုင်ပိုင်ရှင် မစိုးက ပြောပါတယ်။

"နှစ်နှစ်ကျော် သုံးနှစ်အတွင်းမှာ စျေးနှုန်းတွေက နှစ်ဆ သုံးဆ တက်သွားတော့ နေကြာဆီ၊ ပဲဆီကို သူတို့က မစားနိုင်ကြတော့ဘူး၊ လက်လှမ်းမီတဲ့ စားအုန်းဆီကိုပဲ လူတန်းစားပေါင်းစုံက ဝယ်စားနေကြရတယ်၊ ဒါပေမဲ့ အဲဒီစားအုန်းဆီကလည်း ဆိုင်တွေမှာရောင်းပေးဖို့ မရတာက များတယ်၊ ရောင်းဖို့ လုံလောက်မှု မရှိတဲ့အခါကျတော့ ဝယ်စားရမယ့်ပြည်သူတွေမှာ အခက်အခဲရှိတာပေါ့၊ သင့်တင့်တဲ့စျေးနှုန်းနဲ့ စားနိုင်ဖို့ အခက်အခဲ ရှိနေပါသေးတယ်"

ကုန်စျေးနှုန်းကြီးအောင် စျေးကစားတဲ့သူတွေကို အရေးယူနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က ပြောထားပါတယ်။

ဒါပေမဲ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးကြည်သာက စစ်အုပ်ချုပ်ရေးကာလမှာ စီးပွားရေးတိုးတက်တယ်ဆိုတာ မရှိခဲ့ဘူးလို့ ပြောပါတယ်။

"စစ်အုပ်ချုပ်ရေးလက်ထက်မှာ စီးပွားရေး ကောင်းတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး၊ ဆန်ကုန်သည်၊ ဆီကုန်သည်တွေကို ဖမ်းဆီးထောင်ချတယ်၊ မိုက်ကြေးခွဲ လုယက်တယ်၊ ဒီစျေး ဒီစျေး ရောင်းရမယ်လို့လည်း ကုန်သည်တွေကို လုပ်သေးတယ်၊ အမိန့်တွေ၊ အာဏာတွေနဲ့ စီးပွားရေး ကောင်းလာတယ်ဆိုတာ မရှိဘူးလေ"

လူကြိုက်များပြီး ဈေးအကြီးဆုံး ဆန်ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း အဓိကစိုက်တဲ့ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦး၊ တန့်ဆည်ဘက်တွေမှာ စစ်ကောင်စီတပ်က အိမ်တွေရော၊ စပါးကျီတွေပါ မီးရှို့ထားခဲ့တာကြောင့် အရင်လို စပါးမစိုက်နိုင်တော့ဘူးလို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။

ရန်ကုန်မြို့ ဈေးတစ်ခုရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်တချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ဈေးတစ်ခုရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်တချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကမ္ဘာ့နိုင်ငံပေါင်း ၁၉၆ နိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ ညွှန်းကိန်းတွေအတွက် အချက်အလက် မျှဝေနေတဲ့ Trading Economics အဖွဲ့ရဲ့ သုံးသပ်ချက်အရ မြန်မာနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၂၀၁၉ ခုနှစ်က ဝ.၇ ရာခိုင်နှုန်းပဲရှိခဲ့ပြီး အခု ၂၀၂၃ ခုနှစ်မှာတော့ ၂.၂ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကထုတ်ပြန်တဲ့ ၂၀၂၃ ခုနှစ်အတွက် ကမ္ဘာ့အဆင်းရဲဆုံး (၂၅) နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံက နံပါတ် (၂၄) မှာပါဝင်သလို၊ အရှေ့တောင်အာရှမှာတော့ မြန်မာနိုင်ငံက အဆင်းရဲဆုံးနိုင်ငံအဖြစ် စာရင်းဝင်နေပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
အမျိုးသမီးငယ်တစ်ဦးရဲ့ ငါးရာကျပ်တန် ထမင်းဆိုင်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။