ပြာပုံကြားက အညာဒေသ ရက်ကန်းသမတွေရဲ့အခက်အခဲ

ခင်မိုးညို
2023.04.23
ပြာပုံကြားက အညာဒေသ ရက်ကန်းသမတွေရဲ့အခက်အခဲ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှ ချည်ထည်ရက်ကန်းစင်တစ်ခုတွင် ရက်ကန်းရက်လုပ်နေသူတစ်ဦး။
RFA

 “ကျွန်တော်တို့ ရွှေဘိုခရိုင်အတွင်းမှာတော့လူတန်းစားကတော့ အမျိုးမျိုးပေါ့ဗျာ။ ရက်ကန်းသည်က အတော်များပါတယ်ဗျာ။ ဟိုတုန်းကတော့ လက်လုပ်လက်စား သမားတွေက ကူလီကျပန်း အလုပ်လေးတွေ လုပ်ကြတယ်။ အခုချိန်မှာတော့ လက်ရက်ကန်းတွေပေါ်လာတော့ လက်ရက်ကန်းတွေနဲ့ အများဆုံး အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ရွာလေးတွေ ဖြစ်ပါတယ်။ ရွှေဘိုခရိုင်အတွင်းမှာ ကျေးရွာပေါင်း ၃ဝ လောက် မီးရှို့သွားပြီး လက်ရက်ကန်းစင်ပေါင်း ၅၀၀ ကျော်လောက် ပါသွားတယ်ဗျ။”

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲမှာ အိမ်တွေ မီးရှို့ခံရပြီး လက်ရက်ကန်းနဲ့ အသက်မွေးခဲ့တဲ့ဘဝတွေ ခက်ခဲနေတဲ့အကြောင်း ရပ်မိရပ်ဖတစ်ယောက် ပြောပြနေတာပါ။

ဆိပ်ခွန်ထည်လို့ နာမည်ကျော်တဲ့ ချည်ထည်တွေကို ရွှေဘိုခရိုင်ထဲက သပြေကုန်း၊ ထူးကြီး၊ ပေါက်ချိုင်၊ တည်ပင်၊ ပလိုင်း စတဲ့ ရွာတွေမှာ လက်ရက်ကန်းစင်တွေနဲ့ အိမ်တွင်းစီးပွားရေးအဖြစ် တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြတာပါ။

“ကျွန်မတို့ရွာမှာ သုံးခါရှိပြီ မီးရှို့သွားတာ။ ကိုယ့်ရှိတဲ့ ရွှေထည်ငွေထည်လေးတွေ ဖြုတ်ပီးတော့ ရက်ကန်းစင်တွေ ပြန်ထူထောင်လိုက်တယ်။ ထူထောင်လိုက်တာကို တစ်ခါပြန်ရှို့သွားတယ်ဆိုတော့ အခုအခါ ခြေမဲ့လက်မဲ့ ဖြစ်ပြီး စားဝတ်နေရေးကအစ အဆင်မပြေတဲ့အနေအထားကို ရောက်နေတယ်။”

အဲဒီမှာ ရွာတွေ မီးရှို့ခံရပြီး သူတို့ရဲ့အိမ်တွေသာမက သူတို့ဝင်ငွေရနေတဲ့လုပ်ငန်းတွေပါ ပျက်စီးခဲ့ကြရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ဘဝနဲ့ လက်ရှိဘဝကို ပေါက်ချိုင်ရွာသူတစ်ယောက်က အခုလိုပြောပါတယ်။

“ အာဏာမသိမ်းခင်ဆိုရင် ပေါက်ချိုင်ကျေးရွာက ရက်ကန်းကို အားပြုလုပ်စားတဲ့ ကျေးရွာဖြစ်ပါတယ်။ ဆိပ်ခွန်ထည်က ဈေးကွက်လည်း ကောင်းတယ်။ ဒါကြောင့် တစ်အိမ်မှာ ရက်ကန်းခတ်မယ့်သူ လေးယောက်ရှိရင် လေးစင်ထောင်ထားတယ်။ ညီမတို့မှာ တစ်ရက်ကို နှစ်သောင်းလောက်အထိ ဝင်ငွေရှိခဲ့တယ်ပေါ့။ မိသားစု စားဝတ်နေရေးလည်း ဖူဖူလုံလုံရှိတယ်။ ကိုယ့်အိုးကိုယ့်အိမ်နဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်နိုင်တယ်ပေါ့။ အဲဒီအချိန်မှာ ရွာကိုဝင်ပီး မီးရှို့လိုက်တော့ ရက်ကန်းစင်တွေ ပါသွားတယ်ပေါ့။ ဒီရက်ကန်းနဲ့ပဲ လုပ်ကိုင်စားရတဲ့သူတွေဟာ ဒီရက်ကန်းစင် ပါသွားပြီဆိုတော့ ခြေမဲ့လက်မဲ့ ဖြစ်သွားပြီပေါ့။”

ပေါက်ချိုင်ရွာဟာ ၂၀၂၂ ဇွန်လအထိ နှစ်ကြိမ်မီးရှို့ခံရလို့ အိမ်တစ်ရာကျော် မီးလောင်သွားပါတယ်။ ဒါပေမဲ့ ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတုန်းမှာပဲ သုံးကြိမ်မြောက် ရွာကိုမီးရှို့ခံရတဲ့အတွက် အတော့်ကို ခက်ခဲတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ကျွန်မတို့ရွာမှာ သုံးခါရှိပြီ မီးရှို့သွားတာ။ ကိုယ့်ရှိတဲ့ ရွှေထည်ငွေထည်လေးတွေ ဖြုတ်ပီးတော့ ရက်ကန်းစင်တွေ ပြန်ထူထောင်လိုက်တယ်။ ထူထောင်လိုက်တာကို တစ်ခါပြန်ရှို့သွားတယ်ဆိုတော့ အခုအခါ ခြေမဲ့လက်မဲ့ ဖြစ်ပြီး စားဝတ်နေရေးကအစ အဆင်မပြေတဲ့အနေအထားကို ရောက်နေတယ်။”

“ကျွန်မတို့တစ်ရွာလုံး ရက်ကန်းလုပ်စားတဲ့သူက များတာဆိုတော့ အခုမီးရှို့ခံလိုက်ရတော့ တစ်အိမ်ကို နှစ်စင်ပါတဲ့သူနဲ့ သုံးစင်ပါတဲ့သူနဲ့ ငါးစင်အထိပါပါတယ် တစ်အိမ်ကို။ မိသားစုတစ်စုဟာ ဒီရက်ကန်းလေးနဲ့ လုပ်ကိုင်စားသောက်တာ အဆင်ပြေနေတာ။ အခုကျတော့ ဒီလိုမျိုးဖြစ်သွားတော့ ကျွန်မတို့မှာ နောက်ထပ်ရင်းနှီးစရာမရှိတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းလည်း မသိတော့ပါဘူး။

SDW5.jpg
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ပေါက်ချိုင်ရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်နှင့် ရက်ကန်းစင်တစ်ခုအား မြင်တွေ့ရစဉ်။ (Photo: RFA)

စစ်ဘေးဒုက္ခသည်တွေအကြောင်း အရင်က သတင်းတွေမှာသိခဲ့ရပေမဲ့ ဘယ်လိုကူညီရမှန်း မသိလို့ လျစ်လျူရှုမိခဲ့ပြီး အခုတော့ ကိုယ်တိုင်လက်တွေ့ကြုံရပြီလို့ ပေါက်ချိုင်ရွာသူတစ်ယောက်က ပြောပါ တယ်။

“အရင်တုန်းကဆိုရင် တီဗွီတွေထဲမှာ စစ်ဘေးဒုက္ခသည်တွေ စစ်ဘေးရှောင်နေတာတွေကို မြင်တယ်ပေါ့။ အဲဒီလို မြင်တဲ့အခါကျတော့ စိတ်မကောင်းရုံကလွဲပြီးတော့ အဲဒီလောက်ကြီးတော့ မဆိုးလောက်ဘူးပေါ့။ ဆိုးဆိုးရွားရွားတွေကိုပဲ သူတို့ ရိုက်တင်ထားတာနေမှာပေါ့။ အဲလိုထင်ခဲ့မိတယ်လေ။ အခုကျတော့ ကိုယ်ကိုယ်တိုင်စစ်ဘေးရှောင်တော့ တစ်ခါတစ်လေဆို မိုးရေထဲမှာ နေရတယ်။ တစ်ခါတစ်လေဆို တောထဲမှာ ခြင်ကိုက်၊ မှက်ကိုက်ခံနေရတယ်။ ထမင်းမစားရတဲ့အခါမျိုးတောင် ရှိတယ်ပေါ့။ စစ်ဘေးရှောင်ရတာ။ အရင်ကတော့ ညီမတို့က စစ်ဘေးရှောင်တွေကို ကူညီရမှန်း ထောက်ပံ့ရမှန်း မသိခဲ့ဖူးပေါ့။ ကိုယ်မဟုတ်ဘူးပေါ့။ ကိုယ့်နိုင်ငံဖြစ်နေတယ်ဆိုပေမယ့် ကိုယ့်ဒေသ မဟုတ်တော့ ဒီအတိုင်းလျစ်လျူရှုခဲ့တယ်ပေါ့။ ကျွန်မတို့ ကိုယ်တွေ့ကြုံပြီဆိုမှ သူတို့ခံစားခဲ့ရတဲ့ ဒုက္ခကို ပိုပြီးခံစားတတ်လာတယ်။ ပိုပြီးနားလည်လာတယ်။”

SDW2.jpg
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်မှ ထုတ်လုပ်သည့် ဆိပ်ခွန်ချည်ထည်များ။ (Photo: RFA)

ရက်ကန်းစင်တစ်စင်ဟာ ခုနစ်သိန်းလောက်တန်ပြီး ကုန်ကြမ်းချည်ထုတ်တွေရဲ့ အရင်းအနှီးနဲ့ဆိုရင် လုပ်ငန်း ပြန်ထူထောင်ဖို့ ၁ဝ သိန်းလောက် လိုအပ်ပါတယ်။ စေတနာရှင်ပြည်သူတစ်ချို့က ရက်ကန်းစင်တွေ လှူဒါန်းပေမယ့် မလုံလောက်သေးဘူးလို့ သူတို့ကိုကူညီနေတဲ့ ရပ်မိရပ်ဖတစ်ယောက်က ပြောပြပါတယ်။

“အခုအလှူရှင်တွေ လာရောက်လှူဒါန်းပေးတာက စင်နှစ်ဆယ်လောက်ပဲ ရှိပါသေးတယ်ဗျ။ မီးထဲပါသွားတာ စင် ၅၀၀ လောက်ဆိုတော့ အများကြီးပဲ လိုအပ်နေပါသေးတယ်။”

ဒါကြောင့် ဒေသခံတွေအနေနဲ့ရက်ကန်းစင်တွေပြန်ပြီး မထူထောင်နိုင်ဘူးဆိုရင် ပြည်ပထွက်ပြီး အလုပ်လုပ်ရမယ့် လမ်းကြောင်းကိုပဲ ရွေးချယ်ရတော့မယ်လို့ ရက်ကန်းသမတစ်ယောက်က ပြောပါတယ်။

“အကူအညီတောင်းရအောင်ကလည်း ဒီနားပတ်ဝန်းကျင်က ရွာတွေက အကုန်လုံးမီးရှို့ခံထားရတယ်ပေါ့။ စစ်ကိုင်းတိုင်း တစ်တိုင်းလုံး နီးပါးဆိုတော့ ညီမတို့ကိုလှူမယ့်သူက အတော့်ကိုအားနည်းနေတာ။ ညီမတို့ အရင်က သူများနိုင်ငံမှာသွားပြီး အလုပ်လုပ်ဖို့ စိတ်ကိုမကူးခဲ့ဘူး။ အခုဒီရက်ကန်းစင်မှ ညီမတို့ ပြန်မထူထောင်နိုင်ရင် အလှူရှင်ကလည်း မပေါ်ပေါက်ခဲ့ဘူးဆိုရင် ထမင်းငတ် သေမယ့်အစား သူများနိုင်ငံ သွားကျွန်ခံရမှာပေါ့။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။