ဆန်ကောင်းရောင်းပြီး ဆန်ကွဲစားနေရတဲ့ စစ်ကိုင်းက လယ်သမားများ
2023.08.06
“အခုက ခေတ်စနစ်တွေ ပြောင်းလဲလာတော့ ကိုယ့်စပါးကိုယ်ရောင်းစားပြီး ဆန်မဟုတ်တဲ့ ဆလတ်လို့ ခေါ်တဲ့ ဆန်မဟုတ်တဲ့ ဆန်ကွဲရဲ့အထက်ကဟာမျိုးကို ဝယ်ပြီးစားရတဲ့ ဘဝရောက်သွားတာပါပဲ။ လယ်သမားတွေအဖို့က ကောင်းတဲ့ဆန်ရယ်လို့ မစားရတော့ပါဘူး”
“စိုက်နေရတာတော့ ဝမ်းစာရဖို့ အရေးစိုက်နေရတာပေါ့။ တစ်ဧကတတ်နိုင် တစ်ဧကပေါ့။ ဝမ်းစာကလည်း မရှိလို့မရဘူး။ အငတ်ပြဿနာတောင် ဆိုက်မှန်းမသိဘူး”
“လုပ်လည်း လုပ်ရတယ်။ လုပ်ပြီးတော့မှ ငါ့ဟာလေးမှ ရိတ်ရပါ့မလား။ ဒါတွေလည်း ပူမိတယ်။ နောက်တစ်ချက်က ငါတောင်သူလုပ်တာ အခုခေတ်စျေးနဲ့ လုံလောက်ပါ့မလား။ ငါ အရှုံးတွေများ ပြနေမလား ။ ဒါတွေလည်း ပူတယ်ကွဲ့”
ဒါတွေက စစ်ကိုင်းတိုင်းထဲက ဝက်လက်၊ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်ထဲက လယ်သမားတွေရဲ့ ခံစားချက်တွေ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဟာ ရွှေဘိုပေါ်ဆန်း၊ မဂျမ်းတော စတဲ့တန်ဖိုးမြင့်ဆန်တွေ စိုက်ပျိုးထွက်ရှိတဲ့ ဒေသဖြစ်ပါတယ်။ စစ်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်းမှာ မိုးစပါးဧက ၁၈ သိန်း နဲ့ နွေစပါး ဧက သုံးသိန်းလောက်စိုက်နိုင်ခဲ့ပေမယ့် အခုတော့ စိုက်ပျိုးနိုင်တဲ့ ဧကရာခိုင်နှုန်းကို တွက်ဆလို့မရနိုင်အောင် ကျဆင်းနေပါတယ်။ လယ်ယာလုပ်ငန်းကို အခက်အခဲတွေကြားက လုပ်နေရတယ်လို့ ဒေသခံလယ်သမားကြီးတွေကပြောပါတယ်။
“လယ်တစ်ကွက်ရဲ့ကုန်ကျစားရိတ်က ပျိုးစထောင်ကတည်းက ရိတ်သိမ်းပြီးသည်အချိန်ထိ ရှစ်သိန်းခွဲ ကိုးသိန်းအထိ၊ ဒါက ရေအလွယ်ကူရမှာသာ အဲဒီလောက်ပဲ ကုန်ကျတာပါ။ ပိုးဖျက်ဆီးရင် ပိုးသတ်ဆေးတွေ လာရသေးတယ်။ ရိတ်သိမ်းချိန် ရောက်တော့ အရင်ကတော့ ကိုယ့်တံစဉ်းကိုယ် ကိုင်ရိတ်တာပဲ။ အခုတော့ စစ်ပြေးရ ဟိုကြောက်ရ ဒီကြောက်ရနဲ့ဆိုတော့ ရိတ်စက် ခေါ်ရိတ်ရတော့တာပါပဲ။ ရိတ်စက်ကလည်း မနှစ်က လေးသောင်းခွဲ ငါးသောင်း၊ ဒီနှစ် တစ်သိန်းမှ လိုက်နိုင်မယ်တဲ့”
“စပါးပေါ်တဲ့အခါ သူတို့လာဝယ်မှ။ သူတို့လာမဝယ်ရင်ဒီအတိုင်းပဲ ပုံထားရတာ။ တောထဲတင်ရိတ် တောထဲတင် ရောင်းပစ်ကြရတာ အိမ်တောင် မသယ်ရဲဘူး။ အိမ်မသယ်ရဲတာက စစ်ကြောင်းထိုးရင် မလွယ်ဘူးပေါ့။ လူတောင် အလွတ်ရုန်းရတာ။ ဘာမှကို မကိုက်တော့ဘူး။ ကိုယ့်တောင်သူ ဓလေ့မို့သာ လုပ်ကိုင်စားသောက်နေရတာ။ ပိုးကျခဲ့ရင် ကုန်ကျစရိတ်က အဆုံးပဲ”
စိုက်ပျိုးစားရိတ်ကြီးလာတဲ့အပြင် ရိတ်သိမ်းပြီးတဲ့ စပါးကို လှောင်မထားနိုင်တော့ပါဘူး။ ရွာတော်တော်များများမှာ စပါးကျီတွေ မီးရှို့ခံထားရလို့ ပါ။ နောက်တစ်ချက်ကလည်း စစ်ကောင်စီတပ်တွေ မီးရှို့မှာကို ကြောက်ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကုန်သည်သတ်မှတ်တဲ့ စျေးနဲ့ရောင်းလိုက်ကြရပါတယ်။
“ပေါ်တဲ့အခါရောက်တော့ ပွဲစားကြီးတွေရဲ့လက်ကို ထိုးအပ်ရတာပဲ။ ခရိုနီတွေလို့ ပြောရမှာပေါ့။ သူတို့က နှိမ်လက်နဲ့ ဝယ်တာ”
“လှောင်တော့ လှောင်ချင်တာပေါ့။ တောင်သူကတော့။ စျေးကုန်ရအောင် လှောင်ချင်တာပေါ့။ မလှောင်ရဲတာ။ ကိုယ်လုပ်ထားတာ မီးရှို့ခံရရင် အလကားဖြစ်ပြီလေ။ ကျွန်တော်တို့က ငွေတိုးယူပြီး လုပ်စားရတာ”
“မထားနိုင်တဲ့ သဘောတရားက အခုလိုရွာတွေကို လိုက်မီးရှို့နေတယ်ဆိုတော့ ဘကြီးတို့ မလှောင်ရဲဘူးကွဲ့။ မထားရဲဘူး။ အချိန်အခါမရောက်ခင် ရောင်းကြရတာပေါ့။ အကြောက်တရားတွေနဲ့ ရင်ဆိုင်ပြီး တို့ဟာလေးများ မီးရှို့သွားရင် ငါတို့တော့ ဆုံးရှုံးရချေရဲ့ဆိုပြီး ရတဲ့စျေးနဲ့ ရောင်းကြရတာပါ”
မြန်မာနိုင်ငံအထက်ပိုင်းက ဆန်အိုးကြီးလို့ တင်စားခဲ့ရတဲ့ စစ်ကိုင်းတိုင်းက လယ်သမားတွေဟာ စစ်အာဏာသိမ်းထားတာ နှစ်နှစ်ခွဲရှိလာတဲ့အချိန်မှာတော့ သူတို့ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ မိုးစပါး နွေစပါးကို အရင်လို အပြည့်အဝ မစိုက်နိုင်တော့ပါဘူး။
ဒါကြောင့် လယ်သမားတွေက စပါးကို ရတဲ့စျေးနဲ့ ချရောင်းရပေမယ့်၊ စားသုံးရတဲ့ပြည်သူတွေမှာတော့ ဆန်စျေးကို အရင်ထက်နှစ်ဆကျော်ပေးပြီး ဝယ်စားနေရပါတယ်။
“ခေတ်ကာလအေးချမ်းတဲ့ အချိန်နဲ့ပြောရရင် ဆီနဲ့ရေလိုကွာပါတယ်။ ပြောရရင် ငရဲပြည်နဲ့ နတ်ပြည် အဆင့်လောက် ကွာတယ်။ အလုပ်အကိုင် အနေအထိုင်အစားအသောက် အကုန်လုံး ကွာခြားပါတယ်။ တောင်သူတွေရဲ့ဘဝကို ပြန်ပြောရမယ်ဆိုရင် လက်ရှိဘဝကတော့ ကိုယ့်လက်ငုတ်လေး မပျောက်ရေး၊ အသက်မသေရေး၊ စားဝတ်နေရေး နပ်မှန်အောင်လေး ကြိုးစားနေရတဲ့ ဘဝပါပဲ”
“ ဆိုးလိုက်တဲ့ အဆိုးပါကွယ်။ မတရားအဆိုးပါ။ တို့ငယ်ငယ်တုန်းကဒီလိုမဟုတ်ပါဘူး။ ဒီဟာကြီးရှိနေသမျှ ပြည်သူလူထုကို ဆင်းရဲတွင်းက လွတ်ကင်းမယ်လို့ ဘကြီးမထင်ဘူး။ ကြာရှည်လေ ပြည်သူက ကြံ့ကြံ့ခံနိုင်ဖို့ အရေးကြီးတယ်”