လက်လုပ်သေနတ်တွေနဲ့ စစ်ကိုင်းတိုင်းက တော်လှန်သူများ

ခင်မိုးညို
2023.01.25
လက်လုပ်သေနတ်တွေနဲ့ စစ်ကိုင်းတိုင်းက တော်လှန်သူများ စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် CDSOM တပ်ဖွဲ့ဝင်တစ်ဦး လက်လုပ်သေနတ်နှင့် ပစ်ခတ်နေတာကို တွေ့ရစဉ်။
Photo: RFA

စစ်ကိုင်းတိုင်းက ပြည်သူတွေဟာ စစ်အာဏာရှင်ရဲ့တပ်တွေကို လက်လုပ်သေနတ်တွေနဲ့ ခုခံတော်လှန်နေတာ နှစ်နှစ်နီးပါး ရှိလာနေပါပြီ။ စစ်ကောင်စီကလည်း အဲဒီလို မီးကျိုးမောင်းပျက်နဲ့ပဲ တော်လှန်နေရတဲ့သူတွေကို ကြည်းတပ်နဲ့ရင်မဆိုင်နိုင်ဘဲ တိုက်လေယာဉ်တွေသုံးပြီး ချေမှုန်းနေရပါတယ်။ သူတို့မှာသာ ခေတ်မီသေနတ်တွေရရင် စစ်အာဏာရှင်စနစ်ကို မကြာခင်အဆုံးသတ်နိုင်မယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ယုံကြည်နေပါတယ်။

“တော်လှန်ရေးသမားတွေဆိုတာ အာဏာရှင်ကိုတွန်းလှန်ချင်တဲ့စိတ် အရင်းခံနဲ့ စတင်လိုက်တဲ့စိတ်။ အဲဒီစိတ်နဲ့ တော်လှန်ရေးကို လုပ်ကြတဲ့အခါမှာ လက်နက်အစစ်ရမှ တိုက်ပွဲဝင်လို့ရမယ်ဆိုတဲ့ဟာကတော့ အတော်မလွယ်ကူတဲ့ကိစ္စပဲ။ လက်နက်အစစ်ရတာမရတာက နောက်ထား၊ ရအောင်တော့ ကြိုးစားရမယ်။ မရခင်တော့ ကိုယ့်မှာတတ်စွမ်းထားတဲ့ နည်းပညာပိုင်းတွေနဲ့ လက်လုပ်တွေ တည်ထွင်ရမယ်။ တီထွင်ပြီးတော့ လက်ရှိ အနေမှာတိုက်ပွဲဝင်နေတယ်။”

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်က CDSOM တပ်ဖွဲ့က ဗိုလ်နွေဦးက စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ အသုံးပြုနေရတဲ့ လက်လုပ်သေနတ်တွေနဲ့ပတ်သက်ပြီး ပြောပြတာပါ။
စစ်ကိုင်းတိုင်းမှာ ဒေသတိုင်းနီးပါး ကျေးရွာကာကွယ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖွဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွဲနေပေမယ့် အခုချိန်န်ထိ ခေတ်မှီလက်နက်တွေ မကိုင်နိုင်သေးပါဘူး။

“ကျွန်တော်တို့က အညာဒေသပေါ့နော်။ ဒီအညာဒေသက တူမီးတောင်ရှိခဲ့တဲ့ အရပ်ဒေသမဟုတ်ဘူး။ မြင်တောင် မမြင်ဘူးကြဘူး။ ဒါပေမဲ့ အစပိုင်းမှာ တူမီးနဲ့စခဲ့ကြတယ်။ နည်းပညာက ကျွန်တော်တို့မှာ မရှိဘူး။ မရှိတော့ ရှိတဲ့အရပ်ဒေသမှာ သွားသင်ရတယ်။ သင်ပြီးပြန်လာပြီးလို့ရှိရင် ရဲဘော်တွေကို ပြန်မျှဝေပေးရတယ်။ ထုတ်လုပ်ရေးဆက်လုပ်တယ်။ အဲဒီထဲကမှ တစ်ဆင့်ချင်း တစ်ဆင့်ချင်း မြှင့်မြှင့်လာခဲ့တာ။ အခုဆို ၅ ဒသမ ၅၆နဲ့ တစ်တောင့်ထိုး ဘောက်ဆွဲတွေအထိ ထုတ်လုပ်နိုင်ပြီပေါ့နော်”

အခုဆို အိန္ဒိယကျည်သုံးပြီး ပစ်ခတ်ရတဲ့သေနတ်ပုံစံမျိုးစုံကို အသုံးပြုလာနိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ ခေတ်မှီ စက်ကိရိယာတွေနဲ့ ထုတ်လုပ်ရတာမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်ကတော့ ရှိနေတယ်လို့ ရွှေဘိုခရိုင်တပ်ရင်း (၂၀) က လက်လုပ်သေနတ်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့ ရဲဘော်တစ်ဦးက ရှင်းပြပါတယ်။

“သူ့မှာ (Error) ချို့ယွင်းချက်ရှိတယ်။ အဲဒါက ကျည်ကုတ်ဘဲ။ ကျွန်တော်တို့ကျည်ကုတ်တွေက လက်လုပ်ဖြစ်တဲ့အတွက် သူ့မှာအဆင်မပြေတာတွေ (Error) ချို့ယွင်းချက်များများရှိတယ်။ ပွဲအတွင်းမှာ စိတ်ချလက်ချသုံးဖို့ အဆင်မပြေဘူး။ တိုက်ပွဲကြီးဝင်တိုက်ဖို့ အဆင်မပြေဘူး။ ဒီကောင်ဆို အများဆုံး သုံးချက်ပစ်လို့ရတယ်။ ဒါတောင် ခေတ်မှီလက်နက် မောင်းပြန်တွေနဲ့ ကပ်လိုက်မှ။ ဒီလက်လုပ်တွေချည်းနဲ့ပဲ ပွဲတည်ဖို့က အဆင်မပြေနိုင်ဘူး။ ကျွန်တော်တို့က တစ်ချက်ပစ်ပြီးရင် တစ်တောင့်ပြန်ထည့်ရတယ်။ ပစ်ပြီးရင် ပစ်ပြီးသားကျည်ခွံက ပြန်မထွက်တာမျိုးတွေ (Error) ချို့ယွင်းချက်တွေ တော်များများဖြစ်တယ်။”

ယင်းမာပင်ခရိုင်တပ်ရင်း (၁၆) က တပ်ခွဲမှူးတစ်ဦးကလည်း လက်လုပ်သေနတ်တွေကိုပဲ ကိုင်နေရတုန်း ဖြစ်ပါတယ်။ တပ်ခွဲမှူးက သူကြုံတွေ့ခဲ့ရတဲ့ လက်လုပ်သေနတ်တွေရဲ့ အားနည်းချက်ကို ပြောပြပါတယ်။

“တစ်ခါတလေပစ်တဲ့အခါ ပွင့်ထွက်ပြီး ဒီကိုလာမှန်တာမျိုးတွေ၊ မျက်နှာမှန်တာမျိုးတွေ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ထဲမှာ နှစ်ဖွဲ့သုံးဖွဲ့လောက် မြင်ဘူးတယ်။ ဒီနေရာတွေ ပါးလွန်းရင်ဆေ့မဖြစ်ဘူးရယ်။ ကျည်ကရှေ့မထွက်ဘဲ နောက်ပြန်ကန်တာတွေ ဖြစ်တတ်တယ်။ အန္တရာယ်ကတော့ အတော်များတယ်။”

NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေမှာလည်း အခုအချိန်ထိ ဒေသတွင်းထုတ်တဲ့ လက်လုပ် သေနတ်တွေကိုပဲ ကိုင်နေရတုန်းဖြစ်ပါတယ်။ လက်လုပ်သေနတ်တွေရဲ့ အားနည်းချက်ကြောင့် စစ်ကောင်စီတပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အတော့်ကို အခက်အခဲတွေ့ကြရတာ ဖြစ်ပါတယ်။ အော်တိုမောင်းပြန်သေနတ်တွေနဲ့ အစားထိုးနိုင်ရင် တော်လှန်ရေးအရှိန် ပိုမြှင့်လာနိုင်မယ်လို့ ဗိုလ်နွေဦးက ဆိုပါတယ်။

“အခုလက်ရှိအချိန်မှာတော့ လက်လုပ်တွေနဲ့ပဲ အများဆုံးတိုက်ပွဲဝင်နေတယ်။ ကျွန်တော်တို့မှာ ရဲဘော်တွေအများကြီးရှိတယ်။ ရဲဘော်တိုင်းကို အော်တိုတွေ ဝယ်ပေးဖို့ဆိုတာလည်း မလွယ်ကူဘူး။ ရလာနိုင်ဖို့ကိုလည်း အတော်ကြီးကြိုးစားရတဲ့အပိုင်းတွေ ဖြစ်တာကြောင့် လက်လုပ်တွေကိုပဲ အကောင်းဆုံး စိတ်ချရအောင် ကြိုးစားပြီး တိုက်ပွဲဝင်နေကြရတယ်။ နောက်ထပ် အော်တိုတွေသာ ရလာခဲ့မယ်ဆိုရင် လက်လုပ်ကိုင်နေတဲ့ ရဲဘော်တွေကို အော်တိုတွေ အစားထိုးပြီးပေးသွားမယ်။ အဲဒီလိုဆို ကျွန်တော်တို့ တော်လှန်ရေးအရှိန်အဟုန်က ပိုမြင့်လာပြီးတော့ ကျွန်တော်တို့ဟာ အာဏာရှင်တော်လှန်ရေးမှာ ပိုပြီးတော့ အရှိန်မြင့်လုပ်ဆောင်လာနိုင်မယ်။”

ရွှေဘိုခရိုင်တပ်ရင်း (၂၀)က ရဲဘော်တစ်ယောက်ကတော့ အော်တိုမောင်းပြန်တွေကိုင်ပြီး တိုက်ပွဲဝင်နိုင်ဖို့ မျှော်လင့်နေသလို တပ်ရင်းတပ်ဖွဲ့တွေ ကြားညီညွှတ်မှုအားကောင်းလာမယ်ဆိုရင် တော်လှန်ရေး အမြန်ဆုံး အောင်နိုင်မယ်လို့ ယုံကြည်မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့အနေနဲ့ကတော့ တော်လှန်ရေးရဲဘော်တိုင်းမှာ အော်တိုမောင်းပြန်တွေရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးကြီးက ညီညွတ်ဖို့ပဲလိုတော့မှာ။ အတူတူပူးပေါင်းလက်တွဲပြီးတော့ တပ်ပေါင်းစုတွေ ပုံစံမျိုးနဲ့ ပွဲတွေပုံဖော်နိုင်ပြီဆိုရင် ကျွန်တော်တို့တော်လှန်ရေးက မြန်မြန်ဆန်ဆန် အောင်မြင်နိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်တယ်။”

ဗိုလ်နွေဦးကတော့ လက်လုပ်သေနတ်နည်းပညာကို ပိုပြီးတီထွင်ကြံဆနေသလို၊ ရှိနေတဲ့အခြေအနေကနေ အကောင်းဆုံး ခုခံတော်လှန်မယ်လို့ သူ့ရဲ့ယုံကြည်ချက်ကို ပြောပါတယ်။

“အခုဆိုရင် လက်လုပ်နည်းပညာတွေကလည်း မြင့်လာပြီဖြစ်တဲ့အတွက် တစ်ချို့ တော်တော်များများ လက်နက်တွေဆိုလို့ရှိရင် အစစ်နဲ့တောင်ခွဲလို့မရဘူး။ ကျွန်တော်တို့က အဲဒီနည်းပညာတွေနဲ့ တီထွင်ကြံဆပြီးတော့ လက်နက်တွေထုတ်လုပ်ပြီးတော့ အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်လို့ရပါတယ်။ အရာရာတိုင်းကို အားငယ်စိတ်မမွေးဘဲနဲ့ အာဏာရှင်ကို မတွန်းလှန်ရင်မပြီးဘူးဆိုတဲ့စိတ် မွေးပြီးတော့ ရရာနဲ့တော်လှန်ရမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။”

ဖတ်ရှုသူအများဆုံး သတင်းများ။
ဗီဒီယိုများ
စစ်ဘေးကြောင့် ရန်ကုန်ကိုရောက်လာတဲ့ ငပလီကောက်ညှင်းထုပ်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။