ပြာပင်လယ်က သူတို့အသံ သူတို့မာန်

ခင်မိုးညို
2023.01.29
ပြာပင်လယ်က သူတို့အသံ သူတို့မာန် စစ်ကိုင်းတိုင်းအတွင်း မီးလောင်ပြင်တစ်ခုတွင် တွေ့မြင်ရသည့် ဒေသခံတစ်ဦး။
RFA

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ဒီပဲယင်းမြို့နယ်မှာ အိမ်ပေါင်း ငါးထောင်ကျော် မီးရှို့ခံရပါတယ်။ ဒေသခံတွေဟာ စစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်း ရွာနားနီးလာပြီလို့ သတင်းရတာနဲ့ နိုင်သလောက်အထုပ်လေးကိုယ်စီဆွဲလို့ ရွာကို ခေတ္တစွန့်ခွာထွက်ပြေးကြရပါတယ်။

စစ်ကောင်စီတပ်တွေက ရွာထဲမှာ စခန်းချတဲ့အခါ အိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး လိုချင်တာတွေ ယူကြသလို အိမ်တွေ၊ စပါးကျီတွေကို မီးရှို့ကြပါတယ်။ စစ်ကောင်စီတပ်တွေထွက်သွားမှ ရွာသားတွေက ပြန်ဝင်လာရဲကြသလို အဲဒီအခါကျမှ မီးလောင်လက်စနေအိမ်တွေ၊ မီးလောင်သေဆုံးနေတဲ့ တိရစ္ဆာန်တွေနဲ့ သူတို့ပိုင်ဆိုင်သမျှ မီးကျွမ်းပြီးပြာကျနေတာကို မြင်တွေ့ကြရပါတော့တယ်။

“စောစောက ပစ္စည်းတွေသိမ်းတယ်။ နှစ်ရက်ရှိပြီ ပြန်သွင်းလိုက်တာမှာ အကုန်ပါသွားတာ။”

“ချဉ်ရေအိုးကြီးကခန်းလို့။ ထမင်းငှဲ့ပြီးတော့ထွက်ပြေးရတာ။”

“စားလို့ရလောက်သေးတယ်။ ငါ့သားကထမင်းဆာနေတာ။”

“ရလောက်တယ်။”

ကျီရွာက တိမ်းရှောင်ခဲ့တဲ့မိသားတစ်စု အိမ်အပြန်လာမှာ သူတို့အိမ် မီးလောင်ပြီးပြီဖြစ်သလို ချက်ပြီးစ ထမင်းအိုးနဲ့ ဟင်းအိုးက ပြာပုံထဲမှာ ကျွမ်းနေပါပြီ။ အဲဒီနေ့အတွက် ဘယ်မိသားစုမှာမှ စားစရာမရှိတော့ပါဘူး။ ချက်စရာ ဆန်ရော အိုးခွက်ပါ ဘာဆိုဘာမှမရှိတော့ပါဘူး။ မီးကျွမ်းနေတဲ့ထမင်းကို စားလို့ရမလားလို့ ခူးခပ်ကြည့်ပေမယ့် ထမင်းက မီးကျွမ်းလို့တူးခါးနေလေတော့ စားလို့မဖြစ်နိုင်တော့ပါဘူး။ အဲဒီနေ့အတွက်တော့ပြာပုံထဲက မီးကြွင်းနေတဲ့ မြေပဲစေ့လေးတွေကို ကောက်စားလိုက်ကြရပါတော့တယ်။

“ရွာထဲက အိမ်က နှစ်လုံးပါတယ်။ ဆိုင်ကယ်သုံးစီး ပါတယ်။ လှည်းတစ်စီးပါတယ်။ ရိက္ခာအပြည့်နဲ့။ နွား ၁၁ ကောင် အကုန်ပစ်ထားခဲ့ရတယ်။ တစ်ခါထဲသူတို့က ပစ်ပြီးဝင်လာတာဆိုတော့ ဒီထဲလည်း ကျည်ဆန်တွေကျတော့ နွားရော ဘာရော ပစ်ထားခဲ့ရတာ။ လူပဲအလွတ်ရုန်းရတာ၊ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့။ အခုချက်စရာအိုးလည်း မရှိဘူး။ ဆန်လည်း မရှိဘူး၊ အကုန် ဗြောင်းဆန်သွားတာ။”

ကျီရွာသားတစ်ယောက်က သူ့ခြံဝိုင်းထဲက မီးမလောင်ဘဲ ကျန်ရစ်တဲ့ ဆန်အိုးထဲက ဆန်ကို ကောက်ယူနေပါတယ်။ ကျန်ခဲ့တဲ့ဆန်ကို ချက်စားလို့ရလိုရငြား ကောက်ယူနေပေမယ့် မီးအရှိန်ကြောင့် ဆန်တွေ ပျက်စီးနေပါပြီ။ ကျီရွာကို ဖြတ်သန်းသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာထဲက အိမ်အတော်များများကို မီးရှို့သွားရုံသာမက တွေ့သမျှ ကား၊ ဆိုင်ကယ်၊ လှည်းနဲ့ ရိက္ခာတွေအားလုံးကိုပါ ဖျက်ဆီးသွားပါတယ်။

sdw6.jpg
Photo: RFA

အခုတော့ နေရာတကာမှာ မီးခိုးငွေ့တလူလူနဲ့ ပြာပုံတွေသာ ဖြစ်နေခဲ့ပါပြီ။ အိမ်မရှိတော့တဲ့ လူသားတွေအပြင် သူတို့နဲ့လုပ်ဖော်ကိုင်ဘက် လယ်ယာလုပ်ငန်းခွင်က နွားတွေလည်း နေစရာ တဲမရှိ စားစရာကောက်ရိုးမရှိ ဖြစ်ကြရပါတော့တယ်။ ဒါပေမဲ့ ပြာပုံကြားက အညာသူတွေကတော့ အညာဟန် အညာသံနဲ့ တုံ့ပြန်သံကိုကြားရပါတယ်။

“ပျံကျကိုများ သူတို့က သူပုန်ရွာတဲ့။ ပြောလိုက်ကြစမ်းပါ။ မတရားမှုကို တွန်းလှန်နေလို့ သူပုန်လို့ အခေါ်ခံရတာ ဂုဏ်တောင်ယူသေးတယ်လို့။ ဒါကြောင့်သူတို့ အိမ်သာမီးရှို့လို့ရမယ်၊ စိတ်ဓာတ်မီးရှို့လို့ မရပါဘူးလို့။ ငိုတဲ့သူက အရှုံးပေးရမှာ။ အရှုံးမပေးဘူး။ အခုအိမ်ကို ပြန်ဆောက်စရာမရှိလို့ လက်သမားခလေးပဲရရ....။”

ပြာပုံထဲက သံတိုသံစအကြွင်းအကျန်တွေကို သံလိုက်တပ်ထားတဲ့ တုတ်ချောင်းလေးနဲ့ ထိုးဆွရှာဖွေနေတဲ့ ပျံကျရွာကသားအမိရဲ့ စကားသံ ဖြစ်ပါတယ်။ ပျံကျရွာက အိမ်ခြေ ၅၀၀ လောက် မီးရှို့ခံလိုက်ရပါ တယ်။ စစ်တပ် အာဏာမသိမ်းခင်ကဆိုရင် သူတို့ဟာစပါးစိုက်ဧက ၃၀၀၀ ကျော် ရှိတဲ့ရွာဖြစ်လို့ အိမ်ကြီးအိမ်ကောင်းတွေနဲ့ စည်ကားတဲ့ ရွာကြီးတစ်ရွာဖြစ်ခဲ့ပါတယ်။ အခုတော့ ပြာပုံတွေနဲ့ ရွာပျက်တစ်ခု ဖြစ်သွားခဲ့ရပါပြီ။

သူတို့ပိုင်ဆိုင်သမျှအရာတွေအားလုံး ပြာကျသွားခဲ့ပြီးတဲ့နောက် ပြာပုံထဲမှာကျန်ရစ်တဲ့ သတ္တုအိုးခွက်၊ သံသေတ္တာ၊ စက်ဘီးဆိုင်ကယ်၊ ဝါယာကြိုး စတဲ့ အကြွင်းအကျန်လေးတွေကို ရှာဖွေရောင်းချနေတာ တစ်ရွာလုံးနီးနီးပါ။ စပါးရိတ်သိမ်းချိန်ဖြစ်တာကြောင့် ရိတ်သိမ်းပြီးတဲ့ တောင်သူတစ်ချို့ရဲ့ စပါးတွေလည်း အကုန်မီးတိုက်ခံလိုက်ရပါတယ်။

sdw7.jpg
Photo: RFA

စစ်ကောင်စီတပ်တွေဟာ အချိန်တိုအတွင်းမှာ အိမ်ကြီးအိမ်ကောင်းတွေ မီးလောင်ပြိုကျအောင် လောင်စာအားကောင်းတဲ့ပစ္စည်းတွေကို ကြိုတင်ယူဆောင်လာတာလို့ ရွာသားတွေက ပြောပြပါတယ်။ တချို့အိမ်တွေမှာ လောင်စာအဖြစ်သုံးခဲ့တဲ့ ရာဘာပြားတွေကိုတွေ့ရသလို တချို့အိမ်တွေမှာ ယမ်းကွင်းတွေကို ပေါက်ကွဲလောင်စာအဖြစ်သုံးခဲ့တာပါ။ သူတို့သုံးခဲ့တဲ့ ယမ်းအစအန၊ ကျန်သေးတဲ့သံ ခွေလိပ်တွေကိုလည်း တွေ့ရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းမြို့ထဲမှာ တပ်စွဲထားပြီး မြို့နယ်ထဲကရွာတွေကိုလှည့်ပတ်မီးရှို့နေတာကြောင့် သူတို့ရွာကိုလည်း လာရှို့လိမ့်မယ်ဆိုတာ ကြိုပြီးတွက်ထားတယ်လို့ ပျံကျရွာသူတစ်ယောက်ကပြောပါတယ်။

“ရှို့မယ်လို့လည်း ထင်ထားကြပြီးသားပါ။ လျှော့လည်း မတွက်ကြပါဘူး၊ အနည်းနဲ့အများလို့ပဲ ထင်ထား ကြတယ်။ လျှော့မတွက်ကြဘူး။ သူတို့ ထင်သလိုလုပ်ပစေ ခံနိုင်အောင်ခံမယ်လို့ မွေးထားတဲ့ စိတ်က လူတိုင်းမှာရှိတယ်။ လုပ်စမ်း။ လုပ်ချင်သလို လုပ်စမ်းဆိုတဲ့စိတ်လူတိုင်းမှာ ရှိတယ်။ ကိုယ်ကမွေးထားတဲ့ ကိုယ့်သားသမီးအရွယ်တွေကတောင် အသက်နဲ့ရင်းပြီးလုပ်နေကြတာ ဆိုပြီးလူတွေကကြံ့ကြံ့ခံတာ”

အသက် ၈ဝ အရွယ် အဘွားကတော့ သူ့အိမ်မီးလောင်ခဲ့တာထက် သူ့ရဲ့ခြံဝိုင်းထဲက နှစ်ရှည်သစ်ပင်တွေ မီးလောင်သွားတာကို ဝမ်းနည်းနေရှာပါတယ်။

“အောင်မလေး ငါငိုရတာ ဒီသစ်ပင်ကြီးတွေပါတော့။ မကျည်းပင်ကြီးတွေပါတော့။ စိတ်ညစ်တာပါ့အေ။ အိမ်က ထန်းရွက်လေးတွေမိုး ကတ်လေးတွေနဲ့ အိမ်ဖြစ်တယ်။ သစ်ပင်တွေက မဖြစ်တော့ဘူး။ မကျည်းပင်တွေ ရှေးတုန်းကအပင်တွေ နှိပ်စက်လိုက်တာအေ”

sdw4.jpg
Photo: RFA

အခုတော့ သူတို့ရဲ့အိမ်ကြီးအိမ်ကောင်းတွေနေရာမှာ မီးကျွမ်းထားတဲ့သွပ်ပြားနဲ့ပြန်ဆောက်ထားတဲ့တဲ ဒါမှမဟုတ် မိုးကာရွက်ဖျင်တဲ စတာတွေနဲ့ ချမ်းအေးလွန်းတဲ့ အညာဆောင်းကို အန်တုပြီးနေကြရပါတယ်။ ဒါပေမဲ့ အညာသူလယ်သူမကြီးတစ်ယောက်ကတော့ သူတို့ရဲ့ပြင်းထန်တဲ့ခံစားချက်နဲ့ အခုလို တုံ့ပြန်ပါတယ်။

“သူတို့က မိုက်မိုက်ရိုင်းရိုင်း စော်စော်ကားကားယုတ်မာတာ။ ပြည်သူကို အဟုတ်ကို စားစရာမရှိအောင် လုပ်တာ။ ဒါပေမဲ့ မိုးကာတဲနဲ့ကိုနေမှာ။ ဒင်းတို့ကို တော်လှန်နိုင်ဖို့ အရေးကြီးတာ။ စစ်ကိုင်းတိုင်းတစ်တိုင်းလုံးကို လက်နက်သာချပေး။ အကောင်းဆုံးလက်နက်ရမှ သူတို့ကို တွန်းလှန်နိုင်မှာ။ ဒီပွဲကိုနိုင်မှ ပြည်သူကအေးအေးဆေးဆေးနေရမှာ။ သူတို့နိုင်နေသမျှ ပြည်သူက နှိပ်စက်ခံနေရမှာ။ အခုကို နှိပ်စက်ခံနေရတယ်။”

မီးလောင်ပြင်မှာ မိသားစုတွေ ပြန်နေဖို့၊ စပါးမရိတ်ရသေးတဲ့သူတွေက စပါးတွေရိတ်သိမ်းဖို့ စီစဉ်နေကြရပါတော့တယ်။ မီးလောင်ပြိုပျက်နေတဲ့ အိမ်ရှေ့မှာ စပါးပုံတွေကို တွေ့မြင်နေကြရပါပြီ။ အရင်လိုအခြေအနေမှာတော့ စပါးပေါ်ချိန်ဆို တောင်သူတွေ ပြုံးပျော်ရတဲ့အချိန်ပေါ့။ အခုတော့ ပြာပုံထဲက သူတို့ဘဝကို ရှေ့ဆက်ဖို့အတွက် အတော့်ကို အားမာန်တင်းနေကြရပါတယ်။ ဒါပေမဲ့ အညာသူ အညာသားတွေကတော့ မျက်ရည်ကြားက အခုလိုဇွဲသန်တွန်းလှန်နေကြဆဲဖြစ်ပါတယ်။

“တန်ကြေးကမမှန်းနိုင်ဘူး၊ ပါသွားတာ။ ထောင်ချီနေပြီ။ ပစ္စည်းတွေကအများကြီးပါသွားတာ။စပါး ၂၀၀ ကျော် ၃၀၀ ပါသွားတာ။ သူတို့ဘယ်လောက်လုပ်လုပ်။ လူတွေရဲ့ရင်ထဲမှာရှိပြီးသား။ သူတို့ဘာတွေ ဖျက်ဆီးသွားသွား အပြုံးမပျက်ဘူး။ ကျွန်မမှမဟုတ်ဘူး။ တစ်ရွာလုံးအပြုံးပျက်ဘူး။ ရင်ထဲက စိတ်ဓာတ်က ပိုပြီးပြင်းထန်သေးတယ်။ အဲဒါကြောင့် သနပ်ခါးလူးမပျက်ဘူး။ ဘယ်တော့မှလည်း ရွာကိုစွန့်မှာမဟုတ်ဘူး။ ကိုယ်နိုင်သွားရင် ဒီထက်ကောင်းတဲ့အဆောက်အဦးတွေဆောက်မယ်။ အဲဒါလူတိုင်းရဲ့ ရင်ထဲမှာ ရှိတယ်။”

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။