ချင်းတောင်တိုက်ပွဲတွေကြားက ကိုယ်ထူကိုယ်ထစာသင်ကျောင်း
2024.06.21
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်က ရွာတွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရစာသင်ကျောင်းတွေ မဖွင့်နိုင်လို့ ကလေးတွေအတွက် ကိုယ်ထူကိုယ်ထကျောင်းလေးတွေ ဖွင့်ထားကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောင်းဆရာတွေ၊ ဆရာမတွေက အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်တာများတဲ့အပြင် တိုက်ပွဲတွေကြောင့်လည်း စာသင်ကျောင်းတွေ မဖွင့်နိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။
“ကလေးတွေကို စာသင်ပေးနေပေမဲ့ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုလည်း စိုးရိမ်နေရပါတယ်”
အခု RFA ကရိုက်ကူးထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းရှိတဲ့ရွာကိုတော့ စစ်ကောင်စီရဲ့ လေကြောင်းရန်အပါအဝင် သူတို့ရဲ့လုံခြုံရေးအတွက် RFA အနေနဲ့ ဖော်ပြပေးနိုင်ခြင်း မရှိပါဘူး။
ဒီကျောင်းလေးမှာ ကျောင်းသား လေးဆယ်ရှိပြီး မူလတန်းကနေ ငါးတန်းအထိ သင်ပေးနေပါတယ်။
ကျောင်းရဲ့အခက်အခဲတွေနဲ့ ပတ်သက်လို့ ဆရာမ မညန်ကျင်ခိုင်က RFA ကို ပြောပါတယ်။
“အရင်နှစ်တွေတုန်းကလည်း နိုင်သလောက်တော့ ဖွင့်တယ်ပေါ့နော်။ ဒါပေမဲ့ တိုက်ပွဲအခြေအနေရယ်၊ နိုင်ငံရေးအခြေအနေရယ်ကြောင့်ပေါ့၊ တောက်လျှောက်လည်း မဖွင့်နိုင်ပါဘူး။ ဒီနှစ်ထဲမှာ ဒီအနီးနားမှာ မြို့ပေါ်ကို လက်လှမ်းမမီနိုင်တဲ့ ကလေးတွေများတယ်။ အဲဒီတွက်ကြောင့်မို့လို့ အဆင်ပြေအောင်တော့ ကြိုးစားရတာပဲလေးနော်။ စာရွက်စာတမ်းတွေကအစ စာအုပ်တွေလည်း မစုံဘူး။ ဒီကျောင်းသုံးတဲ့ပစ္စည်းတွေက တစ်ခုမှ မကောင်းတော့တဲ့အခါကျတော့ အစကနေ ပြန်လုပ်ရတယ်။ အခုလောလောဆယ်တော့ သင်လို့ရပြီပေါ့နော်”
တီးတိန်မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၁၄၀ နီးပါးရှိပေမဲ့ ဒီနှစ်အတွက် စစ်ကောင်စီဖွင့်နိုင်တဲ့ စာသင်ကျောင်းသုံးကျောင်းပဲ ရှိပါတယ်။
ကလေးတွေကို စာသင်ပေးနေပေမဲ့ စစ်ကောင်စီရဲ့လေကြောင်းရန်ကိုလည်း စိုးရိမ်နေရတယ်လို့ ဆရာမ ဒေါ်ကျန်ခန့်ကျိန်က RFA ကို ပြောပါတယ်။
“အခက်အခဲကတော့ ကလေးတွေမှာ စာအုပ်လည်း အစုံမရှိဘူး။ သင်္ချာရော၊ အင်္ဂလိပ်ရော၊ မြန်မာစာရော တစ်အုပ်ထဲမှာရောပြီး အစုံရေးခိုင်းတာမျိုးရှိတယ်။ အဲဒါတော့ အခက်အခဲရှိတာပေါ့နော်။ ကလေးက စာအုပ်မဝယ်နိုင်တာတွေ ခဲတံမရှိတဲ့သူလည်း ရှိတယ်။ ကလေးတွေကတော့ စာကို တော်တော်စိတ်ဝင်စားတော့ ဆရာမတွေလည်း ကျေနပ်တယ်”
တိုက်ပွဲတွေကြောင့် ထိခိုက်ထားတဲ့ စာသင်ကျောင်းဆောင်တွေကို မပြင်ဆင်နိုင်သေးသလို နေရာအခက်အခဲလည်းရှိတယ်လို့ ကျောင်းဆရာမ မညန်ကျင်ခိုင်က ပြောပါတယ်။
“ကျောင်းဆောင်က လက်နက်တွေ ထိထားတာလည်းရှိတယ်။ အမိုးပေါက်တာ မိုးယိုတာလည်း အရမ်းများတယ်။ နည်းနည်းမိုးများရင် တချို့အခန်းတွေ သင်လို့မဖြစ်ဘူး။ အဲဒါဆိုတော့ ရွာထဲမှာလည်း ပြောင်းလို့မဖြစ်ဘူး။ အဲဒါကြောင့်မို့ နည်းနည်းမိုးလုံတဲ့အခန်းတွေကို ရွှေ့တယ်။ ဒီလိုမျိုး စာသင်တယ်ဆိုတာက ကလေးတွေ ကိုယ့်စာကိုယ် ရေးတတ်ဖတ်တတ်မယ်။ အဓိပ္ပာယ်တွေ နားလည်မယ်။ အဲဒါပဲ။ အဓိက အခြေခံကတော့”
ပြီးခဲ့တဲ့နှစ်တုန်းက ချင်းပြည်နယ်မှာ စာသင်ကျောင်းပေါင်း ၃၂၈ ကျောင်းကို စစ်ကောင်စီကဖွင့်နိုင်ပေမဲ့ ဒီနှစ်မှာတော့ ၃၈ ကျောင်းသာ ဖွင့်နိုင်ခဲ့တယ်လို့ ချင်းပြည်နယ်ပညာရေးမှူးက ပြောပါတယ်။
အာဏာမသိမ်းခင်က ချင်းပြည်နယ်တစ်ပြည်နယ်လုံးမှာ စာသင်ကျောင်းပေါင်း ၁၅၀၀ ကျော် ဖွင့်နိုင်ခဲ့ပါတယ်။