KNPP နယ်မြေက စစ်ရှောင်စခန်းတစ်ခုမှာ အခြေခံကျောင်းစတင်ဖွင့်လှစ်

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021.08.11

KNPP ရဲ့ နယ်မြေထဲမှာ ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်က လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ရှားတော စတဲ့ မြို့နယ် တွေမှာ စစ်ကောင်စီနဲ့ ကရင်နီ အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDF) တို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော်လောက်ရှိတဲ့နေရာမှာဖြစ်ပါတယ်။

KNPP ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီကနေ အခုဒီစခန်းမှာရောက်နေကြတဲ့ ကလေးတွေအတွက် KNPP ရဲ့ ပညာရေးဌာန ဦးဆောင်မှုနဲ့ ဒီစာသင်ကျောင်းကို ဖွင့်လှစ်တာလို့ သိရပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေအရ ဒုက္ခသည်စခန်းကိုရောက်လာတဲ့ ကလေးငယ်တွေ ပညာရေးအခွင့်အလမ်း မဆုံးရှုံးစေချင်လို့ ဒီစာသင်ကျောင်းကို ဖွင့်လှစ်ရတာလို့ KNPP ရဲ့ ပညာရေးဌာန ဒု-ဝန်ကြီး ဆရာခူးဘူးရယ် က RFA ကို ပြောပါတယ်။

“သူတို့ပြည်တွင်းမှာနေတာ ကိုဗစ်ကပ်ရောဂါကြောင့် စာမသင်ရတာ တစ်နှစ်ရှိသွားပြီ၊ ကလေးတွေရဲ့ ပညာရေးက နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တစ်နှစ်ထပ်ဆုံးရှုံးရပြန်ပြီ၊ အဲဒါကြောင့် စစ်ရှောင်စခန်းကို ရောက်လာတဲ့ ကလေးသူငယ်တွေ ပညာသင်ခွင့်အခွင့်အရေးရမယ်၊ နောက်တစ်ခုက ကျွန်တော်တို့ ကရင်နီပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးညွှန်းတမ်းတွေရော သင်ကြားနည်းစနစ်တွေရော CDM ဆရာ ဆရာမတွေနဲ့အတူ အပြန်အလှန်ဖလှယ်ကြရင်းနဲ့ အတွေ့အကြုံ ယူကြတာပေါ့နော်၊ သူတို့ရဲ့ဘဝတွေ အနာဂတ် အလကားဖြစ်မသွားဘူးပေါ့နော်’’

ကလေးငယ်တွေ အများအပြားရောက်လာတဲ့အတွက် လိုအပ်ချက်အရ သူတို့တွေကို စာသင်ကြားဖို့ သင်ထောက်ကူပစ္စည်း‌တွေအပြင် ကျောင်း‌‌ဆောင်နဲ့ စာသင်ပေးမယ့် ဆရာ၊ ‌ဆရာမ တွေလည်း လိုအပ် နေသေးတယ်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမိုးမြင့်က ပြောပါတယ်။

"ကျမတို့ ကျောင်းဆောင်အနေအထားအရ နံပါတ်တစ်အချက် ဆရာ၊ ဆရာမ လုံလုံလောက်လောက် ရှိဖို့လိုတယ်။ နံပါတ်နှစ်အချက် ကျမတို့ ကျောင်းဆောင် လိုအပ်တယ်ပေါ့နော်။ ဘယ်လိုဖြစ်ဖြစ် ဒီကလေး တွေကို ပစ်စလက်ခတ် မဖြစ်စေချင်ဘူးပေါ့နော။ သူတို့ရဲ့မျှော်လင့်ချက်ကို ကျမတို့ ဖြည့်စွက်ပေးနေတဲ့ အတွက် သူတို့ ကိုယ်ပိုင်အခန်းလေးနဲ့ သန့်သန့်ရပ်ရပ် သိက္ခာရှိရှိ သင်စေချင်တယ်ပေါ့နော်။ နံပါတ်သုံးက ဆရာ၊ ဆရာမတွေအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ အမြန်လေးရစေချင်တယ်ပေါ့နော်။ ဆရာ၊ ဆရာမတွေ လက်ထဲမှာ အပြည့်အဝရမှပဲ ဆရာ၊ ဆရာမတွေ အပြည့်အဝအသုံးချနိုင်မယ်၊ ကလေး တွေကလည်း ဆရာ၊ ဆရာမတွေဆီကနေ သင်ယူနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တကယ်လိုအပ်ချက် ရှိသေးတယ်ပေါ့နော်၊ နောက်ထပ်မျှော်လင့်ချက်က ကလေးတွေ မျှော်လင့်ထားသလိုမျိုး စာကြည့်တိုက် လေးတွေ ဖြည့်ဆည်းပေးချင်တာပေါ့။ ဒါပေမဲ့ ကျမတို့မှာ တကယ့်အခက်အခဲရှိနေတယ်၊ ယာယီဒုက္ခသည် စခန်း အခုမှစတင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့အခြေအနေကို နားလည်တဲ့သူ‌တွေ ကျမတို့ ကလေးတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တယ်ဆိုလို့ရှိရင် ဆက်သွယ်လို့ရတယ်ဆိုတာ ကျမတို့ ပြောပြချင်တယ်ပေါ့နော်"

သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ကြားပေးမှာဖြစ်ပြီး ဒီစာသင်ကျောင်းဟာ KNPP ရဲ့ ပညာရေး စနစ်သင်ရိုးညွှန်းတန်းနဲ့ ပြည်မက ပညာရေးစနစ်သင်ရိုးညွှန်းတန်းတွေ အပြန်အလှန်ဖလှယ်ပြီး သင်ကြား ပေးမှာဖြစ်တယ်လို့ ဆရာခူးဘူးရယ် က ပြောပါတယ်။

"ကျမတို့ အခြေအနေကို နားလည်တဲ့သူ‌တွေ ကျမတို့ ကလေးတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တယ်"

အာဏာဖီဆန်ရေး CDM လုပ်လို့ အခုအဲဒီစခန်းကိုရောက်နေတဲ့ အခြေခံပညာကျောင်းတွေက ဆရာ၊ ဆရာမတွေကလည်း စာသင်ကြားရေးအပိုင်းမှာ ပါဝင်သင်ကြားပေး‌နေတယ်လို့ CDM ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်ဂျိုးစဖင်း က ပြောပါတယ်။

"သင်ပုံသင်နည်းရယ်ပြီးတော့ အတန်းတင်စနစ်လည်း ကွာတာပေါ့။ အမှတ်ပေးစနစ်လည်း ကွာတာပေါ့ နော်။ ဒီဘက် အမှတ်ပေးစနစ်ကတော့ ကျောင်းသူ၊ ကျောင်းသားတွေအတွက် အရမ်းလွယ်ကူစေတာ ပေါ့နော်။ ဟိုဘက်ကတော့ နည်းနည်းရှုပ်ထွေးတာပေါ့နော်။ ကလေးအောင်ဖို့က နည်းနည်းပိုခက်ခဲတာ ပေါ့။ အလွတ်ကျက်စနစ် မဟုတ်ဘူးပေါ့၊ ဒီဘက်ကကျတော့ ကိုယ့်အတွက်လည်း အသစ်ဖြစ်ခါကျတော့ တော်တော်လေးတော့ ကြိုးစားပြီးလုပ်ပေးရမယ်လို့ ထင်တယ်"

ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ကျောင်းလာအပ်တဲ့ ကျောင်းသားဦးရေ ၂၆၅ ဦးရှိပြီး ဩဂုတ်လအတွင်း နောက်ထပ်လာအပ်တဲ့ ကျောင်းသားတွေရှိလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

school-children.jpeg
(KNPP နယ်မြေက ကျောင်းမှာ စာသင်နေကြတဲ့ ကလေးငယ်တွေနဲ့ ဆရာမကို တွေ့ရစဥ်)

ငြိမ်းချမ်းတဲ့အချိန်တုန်းက ကိုဗစ်ကပ်ဘေးကြောင့် တစ်နှစ်လောက် ကျောင်းမတက်ရသေးတဲ့အချိန် ခုလိုတောထဲမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ ရောက်လာရင်း စာသင်ကြားရမယ်ဆိုတာမျိုး မျှော်လင့်ခဲ့ကြမှာ မဟုတ်ကြပါဘူး။

အခုလို ကျောင်းပြန်တက်ရလို့ ဝမ်းသာတယ်လို့ ခုနှစ်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ မချယ်ရီဖော က အခုလို ပြောပါတယ်။

"ကျမကတော့ ၇ တန်းတက်ပြီ။ ဟိုဘက်မှာနေတော့ ကျောင်းမတက်ရတာ နှစ်နှစ်ရှိပြီ။ နိုင်ငံရေး အခြေ အနေမကောင်းတော့ ပြေးနေရတဲ့အတွက် ကျောင်းမတက်ရဘူး။ ဒီမှာရောက်တော့ ကျောင်းတက်ရတဲ့ အတွက် ဆရာ၊ ဆရာမ‌တွေကို ကျေးဇူးတင်တယ်။ ဒီမှာ ကျောင်းတက်ရတော့ ပျော်တယ်"

ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းတဲ့အတွက် ကျောင်းတွေပိတ်ထားချိန်မှာ အခုလို ကလေးတွေကို ကျောင်းပြန် ထားရတဲ့အတွက် ဝမ်းသာမိတယ်လို့လည်း ကျောင်းသားမိဘ တစ်ဦးဖြစ်တဲ့ ဒေါ်သိုးမယ် က ပြောပါတယ်။

"အခုကျမကလေးတွေဆို ဒီနေရာမှာ ကျောင်းပြန်တက်ရတယ်။ သူတို့ ကျောင်းမတက်ရတာ နှစ်နှစ်ရှိပြီ။ ဒီမှာ ကျောင်းပြန်တက်လို့ရတော့ ကျမ စိတ်ထဲ အရမ်းပျော်တယ်။ ကျမ အကောင်းဘက်ပဲတွေးတယ်။ သူတို့ ကျောင်းပြန်တက်ရတော့ ကျမ အရမ်းပျော်တယ်"

ကယား (ကရင်နီ) ပြည်နယ်ထဲက ကလေးငယ်တွေ ပညာရေးမှာ ရသင့်ရထိုက်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ အခွင့်အရေးတွေကို ကလေးငယ်တွေအနာဂတ် မဆုံးရှုံးဖို့ ခုလို စာသင်ကျောင်းအပြင် စာကြည့်တိုက်တွေ လည်း ဖွင့်လှစ်သွားနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

houng nge
2021-08-24 08:54

ဘဝဆိုတာစိတ်ကူးရင်အပုံဖော်လို့ရချင်ရကောင်းနိုင်တယ်
ဒါပေမဲ့ပြီးဆုံးခဲ့တဲ့အတိပ်ကနေခဲ့တဲ့အချိန်ကိုပြန်နေချင်လို့လဲမရ
နောက်ထက်ဖြစ်ပေါလာမဲ့အနာဂတ်ကိုလည်းကြိုတင်​ပြီးလုပ်
ချင်လို့လဲမရဘူးဆိုတာကိုကျွန်တော်တို့သိပါတယ်ဗျ ဒါပေမဲ့မဖြစ်နိုင်တာတွေကိုတောင်းတနေတာမျိုးလည်းမဟုပ်ရပါဘူးဗျ
မနက်အာရုံတက်တဲ့အချိန် ပုံမှန်အတိုင်းဆိုရင်​ဘုန်းကြီးကျောင်းကတရားဘဝါနာပွားများတဲ့အသံနဲ့အမျှဝေတဲ့အသံလေးနဲ့ပြန်နေချင်တာပါ