မိုခါမုန်တိုင်းကြောင့် စကုမြို့နယ်မှာ နှမ်းဧကတစ်သောင်းကျော်ပျက်စီး

RFA Burmese
2023.06.06
မိုခါမုန်တိုင်းကြောင့် စကုမြို့နယ်မှာ နှမ်းဧကတစ်သောင်းကျော်ပျက်စီး မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်မှ နှမ်းစိုက်ခင်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မကွေးတိုင်း ၂၅ မြို့နယ်ထဲက မင်းဘူးခရိုင် စကုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်းဒေသ တစ်ခုထဲမှာပဲ မိုခါ ဆိုင်ကလုန်းမုန်တိုင်းရဲ့နောက်ဆက်တွဲကြောင့် နှမ်းစိုက်ဧကပေါင်း ၁၀၀၀၀ ကျော်ပျက်စီးဆုံးရှုံးရပါတယ်။ တစ်ဧကကို အရင်းနှစ်သိန်းခွဲကျတဲ့အတွက် စုစုပေါင်း ပျမ်းမျှဆုံးရှုံးတဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ်ငွေ သိန်းပေါင်း ၂၅၀၀၀ ကျော် ဖြစ်ပါတယ်။

ဒါကြောင့် မကွေးတိုင်းမှာ ဆီအိုးကြီးကွဲသွားပြီလို့ စကုမြို့က တောင်သူလယ်သမားကြီး ဦးသန်းထွန်းက ပြောပါတယ်။

"မင်းဘူး(စကု)မြို့နယ် အနောက်ဘက်ခြမ်းလောက်ပဲ ကျွန်တော်ပြောနိုင်မယ်၊ နှမ်းဧကပေါင်း အားလုံးဆိုရင် ၁၀၀၀၀ အောက်တော့ မလျော့ဘူး၊ အထက်မှာပဲရှိမယ်။ ၁၀၀၀၀ ကျော်လောက်တော့ ပျက်စီးပါတယ်။ ဧကပေါင်း ၁၀၀၀၀ ဆိုရင်ကို ကျပ်ငွေ သိန်းပေါင်း ၂၅၀၀၀ လောက် ကုန်ကျပါတယ်၊ အခုတော့ မိုခါကြောင့် အားလုံး ပျက်စီးသွားတော့ ကျွန်တော်တို့ မင်းဘူးစကုက ဆီအိုးကြီးကွဲသွားပြီလို့ကို ပြောရတော့မှာပါခင်ဗျ"

ဧက ၂၀ အတွက်အရင်းအနှီး သိန်း ၅၀ လောက်အကုန်ခံပြီးနှမ်းစိုက်ခဲ့တဲ့ ဦးသန်းထွန်းဟာ မိုခါမုန်တိုင်းရဲ့ ဒဏ်ကြောင့် ဆီကြိတ်စားဖို့ နှမ်းတစ်စေ့တောင် မကျန်တော့လို့ စျေးကြီးကြီးနဲ့ ဆီဝယ်စားရတော့မယ်လို့ ပြောပါတယ်။

လူဦးရေ ၃၀၀ လောက် ရှိတဲ့သူတို့ရွာမှာ အလုပ်အကိုင်ရှားပါးတဲ့အတွက် ၆၀ ကျော်လောက် ပြည်ပနိုင်ငံထွက်ပြီး အလုပ်လုပ်နေရပါတယ်။ အခုတစ်ခါ မိုခါမုန်တိုင်းကပါ ရွာက နေ့စားအလုပ်သမားတွေကို အိမ်နီးချင်းနိုင်ငံတွေရောက်အောင် တိုက်ထုတ်လိုက်သလို ဖြစ်နေတယ်လို့ စကုမြို့နယ်က နေ့စားအလုပ်သမား ကိုဝင်းလှိုင်က ပြောပါတယ်။

"မိုခါမုန်တိုင်းကြောင့် လယ်သမားတွေ ထိခိုက်နစ်နာဆုံးရှုံးရသလို ကျွန်တော်တို့ ကူလီတွေမှာပါ လာထိခိုက်ရပါတယ်ခင်ဗျ၊ မုန်တိုင်းကြောင့် သူတို့လယ်တွေ ပျက်စီးသွားတော့ ကျွန်တော်တို့လည်း အလုပ်လက်မဲ့တွေ ဖြစ်သွားရတယ်လေ၊ နဂိုကမှ ရွာမှာ ဘေးနိုင်ငံကို ထွက်နေရတဲ့ကြားထဲ အခုဒီမုန်တိုင်းက တစ်ရွာလုံးက ကူလီတွေကို ဒုက္ခရောက်အောင် လုပ်လိုက်ပီလေ"

"မုန်တိုင်းကြောင့် သူတို့လယ်တွေ ပျက်စီးသွားတော့ ကျွန်တော်တို့လည်း အလုပ်လက်မဲ့တွေ ဖြစ်သွားရတယ်လေ"

အခုလို နေ့စားလယ်လုပ်သားတွေက ဘေးနိုင်ငံတွေကိုသာ သွားနေကြမယ်ဆိုရင် တောင်သူလယ်သမားတွေအတွက် လယ်ယာလုပ်ငန်း တော်တော်ခက်ခဲသွား နိုင်တယ်လို့ဆိုပါတယ်။

ပျက်စီးသွားတဲ့နှမ်းစိုက်ခင်းအတွက် နှမ်းနဲ့ တခြားသီးနှံထပ်စိုက်ရင်လည်း နောက်စိုက်ရမယ့် စပါးအတွက် အချိန်နောက်ကျနိုင်ပြီး စိုက်လို့ရနိုင်တဲ့နည်းပညာကလည်း ရလာမယ့်သီးနှံထက် အရင်းအနှီးငွေက ကုန်ကျစရိတ်ပိုများနိုင်တယ်လို့ နှမ်းစိုက်တောင်သူ ဦးကျော်သန်းက ရှင်းပြပါတယ်။

"မိုခါမုန်တိုင်းကြီး ဆိုးဆိုးဝါးဝါးကျပြီးတဲ့နောက်ပိုင်းမှာတော့ နှမ်းစိုက်တဲ့သီးနှံပြီးရင် တခြားသီးနှံစိုက်ဖို့ ကြားထဲမှာလည်း အချိန်ကသိပ်မရတော့ဘူးဗျ၊ အဲလိုမရတဲ့အတွက် စပါးစိုက်ဖို့ကိုပဲ အာရုံစိုက်ရတော့မှာ၊ ပျိုးထောင်စိုက်မယ်ဆိုရင်တော့ နှမ်းပြန်စိုက်ဖို့က မီကောင်းမီနိုင်သေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ စကု အနောက်ဘက်ခြမ်းကလူတွေက ကုန်ကျစရိတ်ကြီးတဲ့ ပျိုးထောင်စိုက်ဖို့ကို အာရုံမရှိကြဘူး၊ အရင်းအနှီးတွေကလည်း မိုခါထဲပါသွားပြီလေ၊ နှမ်းကိုပဲ အာရုံအများကြီးထားကြတော့ အိမ်မှာရှိတဲ့ အရင်းအနှီး အားလုံးကို ထည့်ပစ်လိုက်ကြတာ၊ အခုတော့ စပါးစိုက်ဖို့ကိုပဲ ထိုင်စောင့်နေရတော့မှာပါ၊ အဲကျရင်လည်း နေ့စားအလုပ်သမားတွေငှားဖို့အတွက်တောင် မလွယ်တော့ပါဘူး၊ နိုင်ငံခြားကို ထွက်နေကြတော့"

အလုပ်သာမရှိတာ ကုန်စျေးနှုန်းတွေကြီးလာတာကြောင့် ဘာလုပ်စားလို့ လုပ်စားရမှန်း တောင် မသိတော့ဘူးလို့ နေ့စားအလုပ်သမား မချိုက ပြောပါတယ်။

"အားလုံးရေနစ်သွားတော့ အားလုံးအဆင်မပြေဘူးဖြစ်သွားတာပေါ့။ စားဝတ်နေရေး ဆိုတဲ့အတိုင်း စားစရာ၊ နေစရာမရှိတွေ ဖြစ်ကုန်ပြီလေ၊ နှမ်းတွေက ရေနစ်သွားတော့ အလုပ်သမားတွေက ဘာလုပ်စားရမလဲ၊ အခုတော့ ဘာမှကို လုပ်စားလို့ကို မရတော့ပါဘူး၊ အဆင်မပြေပါဘူးဆိုတော့မှပဲ စားစရာတွေက အကုန်စျေးကြီးနေတယ်"

နှမ်းစိုက်ဖို့အတွက် တစ်ဧကကို ကုန်ကျစရိတ် ၂ သိန်းခွဲ၊ ဧက ၂၀ မှာ သိန်း ၅၀ လောက် ကုန်ကျခဲ့ပေမယ့် မိုခါမုန်တိုင်းမမိလို့ နှမ်းထွက်ကောင်းမယ်ဆိုရင် အခုပေါက်စျေးအရ ကျပ်ငွေ သိန်း ၄၀၀ လောက် ရနိုင်တယ်လို့လည်း စကုမြို့က တောင်သူလယ်သမားကြီး ဦးသန်းထွန်းက ပြောပါတယ်။

"ကျွန်တော်ကတော့ ဧက ၂၀ တော့ လုပ်လိုက်ပါတယ်၊ ဒါပေမဲ့ ဒီမုန်တိုင်းကြောင့် တစ်စေ့မှ မရလိုက်ဘူးဗျ၊ ဒါပေမဲ့ ရမယ်ဆိုရင်တော့ တစ်ဧကကို ၁၅ တင်းနဲ့ တင်း ၂၀ ကြားမှာ ရှိပါတယ်။ တင်း ၂၀ ထက်လည်း ကောင်းရင်ထွက်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော် လုပ်ထားတဲ့ ဧက ၂၀ ဟာ တကယ်ထွက်ရင် နှမ်းတင်း ၄၀၀ လောက်အထိ ထွက်နိုင်ပါတယ်ခင်ဗျ၊ နှမ်း ၄၀၀ ရဲ့ပေါက်စျေးကလည်း အခုခေတ်ကာလ ပေါက်စျေးနဲ့ ဆိုရင် သိန်း ၄၀၀ လောက် တန်ပါတယ်၊ အခုတော့ မိုခါကြောင့် သိန်း ၄၀၀ မပြောနဲ့ ကျပ်ငွေ ၄၀၀ ကျပ်တောင် မကျန်ခဲ့ပါဘူးဗျ"

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်မှ နှမ်းစိုက်ခင်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စကုမြို့နယ်မှ နှမ်းစိုက်ခင်းတစ်ခုကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

မေလ ၂၄ နေ့က စစ်ကောင်စီထုတ်သတင်းစာမှာတော့ မိုခါမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ်အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ စိုက်ပျိုးသီးနှံအားလုံး ၆၂,၈၃၆ ဧက ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ပြည်နယ်နဲ့ တိုင်း ငါးခုထဲမှာ မကွေးတိုင်းက စိုက်ပျိုးသီးနှံ ၅၆,၄၇၄ ဧက ပျက်စီးခဲ့တာကြောင့် အပျက်အစီးအများဆုံးဖြစ်ပါတယ်။ အဲဒီထဲမှာ နှမ်းစိုက်သီးနှံတစ်မျိုးထဲကပဲ ၄၉,၅၆၉ ဧက ပျက်စီးခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် လေးမြို့နယ်အတွင်း စိုက်ပျိုးသီးနှံဧက ၄၂,၅၂၇ ဧက ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့တယ်လို့ မေလ ၁၉ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မင်းဘူး(စကု) မြို့နယ်က နှမ်းစိုက်တောင်သူတွေကတော့ လက်တွေ့မှာဆိုရင် မကွေးတိုင်းအနေနဲ့ ဒီထက်ပိုပြီး ဆုံးရှုံးနိုင်တယ်လို့ ပြောပါတယ်။

RFA အနေနဲ့ ဆက်သွယ်ရေးအခက်အခဲတွေကြောင့် အခုလိုကွဲပြားနေတဲ့စာရင်းတွေကို သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီဖို့အတွက် မိတ်ဖက် အဖွဲ့အစည်းတွေက အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ တောင်းခံ ထားတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။