နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ ဖားကန့်မြို့နယ်က ဆယ်ဇင်း စစ်ဘေးဒုက္ခသည်များ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာမှာ ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက စစ်ကောင်စီတပ်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင်ကျော် ဖားကန့်မြို့ကို ထွက်ပြေးခိုလှုံနေရတာ အခုဆို သုံးလခန့်ရှိလာပါပြီ။
သူတို့ဟာ ဖားကန့်မြို့နယ် ဆိုင်းအောင်၊ မမုံ၊ မှော်စီစာ၊ နမ့်မဖြစ်၊ တာမခန် စတဲ့ကျေးရွာ ငါးရွာမှာ ဒုက္ခသည်စခန်းတွေဖွင့်ပြီး ခိုလှုံနေကြရတာပါ။
လောလောဆယ် နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်သေးတာကြောင့် မိသားစုရေရှည် ရပ်တည်ရေးအတွက် ဈေးရောင်းဖို့ ပြင်ဆင်နေတယ်လို့ ဆိုင်းအောင် စစ်ဘေးဒုက္ခသည် စခန်းမှာခိုလှုံနေတဲ့ ဒေါ်စန်းရီက RFA ကို ပြောပါတယ်။
"ကျမတို့က ကုမ္ပဏီတွေ ဖွင့်လို့ရှိရင် ဈေးရောင်းမယ်လို့ စိတ်ကူးထားတယ်။ ကိုယ့် ဝမ်းစာရေးပေါ့။ စီးပွားရေးတော့ မပါဘူး၊ စားဖို့၊ သောက်ဖို့လေး ဒီမှာက သူတို့ တာဝန် အရမ်းကြီးလွန်းတယ်။ သူတို့ကိုလည်း တောင်းဆိုထားတယ်။ သူတို့လည်း ကူညီ ပေးပါတယ်။ လုပ်ပေးမယ်၊ ကုမ္ပဏီ ဖွင့်လာတဲ့ချိန် မြေစာပြစ်တဲ့နေရာမှာ ကျမတို့ ဈေးရောင်းချင်တယ် ဆရာ၊ ကျမတို့ကို ကူညီပေးပါဦးဆို အားလုံးလုပ်ပေးတယ်။ အဲဒါဆိုတော့ ကုမ္ပဏီဖွင့်တာနဲ့ ဈေးရောင်းဖို့ စိတ်ကူးထားတယ်"
ဒေါ်စန်းရီဟာ ဆိုင်းအောင် ဒုက္ခသည်စခန်းမှာ ခင်ပွန်း၊ သားတစ်ယောက်၊ မြေးတစ်ယောက် နဲ့ ခိုလှုံနေတာပါ။
ဖားကန့်မြို့ကို ထွက်ပြေးရောက်ရှိနေကြတဲ့ ဆယ်ဇင်းကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲ မဖြစ်ခင်က သူတို့ရွာမှာ ဈေးရောင်း၊ ရွှေကျင် စတဲ့ အလုပ်တွေနဲ့ ရပ်တည်ခဲ့ကြတာပါ။ အခုတော့ ဘာအလုပ်အကိုင်မှ မရှိတော့တာကြောင့် ပိုပြီး အခက်အခဲကြုံကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆယ်ဇင်းရွာက စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
"ဘယ်လိုပြောမလဲ အလုပ်တစ်ခုခု ရှိရင်တော့ ကောင်းတာပေါ့။ ကိုယ့်မိသားစုလေးတွေ ပြေလည်အောင်။ ဒါပေမဲ့လည်း ဒီနေရာ ဒီဒေသတွေတောင် အလုပ်က မရှိဘူးဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ၊ ငုတ်တုတ် မေ့နေတာပေါ့။ ဘဝက ရှင်လျက်နဲ့ သေတာပေါ့။ အဓိက ပြည်သူလူထုတွေရဲ့ သဘောထားကို ကြည့်လိုက်မယ်ဆိုရင် အားလုံးက အန္တရာယ်မျိုး ၉၆ ပါးကလွဲရင် ငွေပေါ့။ ဒါမှ သူတို့ဘဝတွေအတွက် ရှင်သန်ကြမှာ၊ ကျနော်ပြောသလိုပေါ့နော်၊ ကိုယ်တုံးလုံးနဲ့ လာခဲ့ပါစေ၊ ငွေရှိတယ်ဆိုရင် ကျနော်တို့က အိတ်ကြီးနဲ့ မဝယ်ဘူးပေါ့။ ကိုယ်ကပ် ခြောက်ထည်ပဲ ဖြစ်ဖြစ်၊ နေရနေရ၊ ဘယ်ကို သွားရသွားရ၊ ဘယ်ကို လာရလာရ၊ ဒါမှ ဖြေရှင်းလို့ရမှာပေါ့"
စစ်ဘေးဒုက္ခသည်တွေရဲ့ လတ်တလော စားဝတ်နေရေးအတွက် ဖားကန့်မြို့က ဒုက္ခသည်စခန်းရှိတဲ့ ကျေးရွာတွေအလိုက် ဖွဲ့စည်းထားတဲ့ စစ်ဘေးဒုက္ခသည် ကူညီစောင့်ရှောက်ရေးကော်မတီက အလှူငွေတွေ ကောက်ခံပြီး ဖြေရှင်းနေကြရတာပါ။
ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် ကြုံနေကြရတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လှူဒါန်း ထောက်ပံ့မှုတွေ အနည်းငယ်သာရရှိတဲ့အတွက် ရေရှည်မှာ အခက်အခဲနဲ့ ပိုကြုံလာရနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်ကို ကူညီဆောင်ရွက်ပေးနေတစ်ဦးက RFA ကိုပြောပါတယ်။
"ဒီ စစ်ရှောင်တွေရဲ့ အခြေအနေက လက်ရှိလည်း ပြန်လို့မရသေးမယ့်အတူ ကိုယ်တို့ ကတော့ ဒီက တစ်ဘက်တစ်လမ်း ရပ်တည်နေရတဲ့ ပရဟိတသမားတွေဆိုတော့ အခုဟာက အလှူရှင်တွေကိုပဲ အဓိကထားပြီး ဖိတ်ခေါ်ချင်တာပေါ့။ ဒီဖားကန့်မြို့နယ် မှာပဲ ဖြစ်ဖြစ်၊ ကချင်ပြည်နယ်ထဲမှာပဲ ဖြစ်ဖြစ်၊ ရပ်ဝေးဖြစ်ဖြစ် ရပ်နီးဖြစ်ဖြစ် နီးစပ်ရာလေးတွေမှာ အခုက ဖြစ်နေတဲ့ အတိုင်းတာနဲ့ ကိုယ်တို့ကလည်း ပါဝင်လှူတန်း စေချင်တယ်။ အလှူရှင်လေးတွေကို မေတ္တာရပ်ခံပြီး နှိုးဆော်ချင်တာပေါ့။ စစ်ရှောင် ဆိုတာကလည်း စစ်ရှောင်ရယ်လို့တော့ ကိုယ်တို့က မသတ်မှတ်ပါဘူး။ ကိုယ်က ဒုက္ခသည်တွေကို ကူညီနေရတဲ့ အတိုင်းအတာလို့ သဘောထားပြီးတော့ လာပါဝင် ကူညီပေးစေချင်တာပေါ့"
ဒုက္ခသည်စခန်းတစ်ခုစီရဲ့ တစ်လ ကုန်ကျစရိတ်ဟာ ကျပ်သိန်း ၃၀ နဲ့ ၄၀ ကြား ရှိတယ် လို့လည်း ဆိုပါတယ်။
အခု ဆောင်းတွင်းရောက်လာပြီဖြစ်လို့ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ ထွက်ပြေး လာကြရတဲ့ ဒုက္ခသည်တွေအတွက် အနွေးထည်နဲ့ စောင်တွေလိုအပ်နေတယ်လို့လည်း စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။
ကချင်ပြည်နယ် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းက ဆယ်ဇင်းက ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် စစ်အစိုးရအဖွဲ့က သိန်း ၁၀၀ လှူပေးထားပြီး တခြားစစ်ဘေးဒုက္ခသည်တွေကိုလည်း တောက်လျှောက် ကူညီ ထောက်ပံ့နေသလို နေရပ်ပြန်လို့ရတဲ့သူတွေကိုလည်း ပြန်လည် နေရာချထားရေး လုပ်ဆောင်နေတယ်လို့ RFA ကို ပြောဆိုထားပါတယ်။
"ဖြစ်နိုင်ရင်တော့ သူသူကိုယ်ကိုယ် ပြန်ချင်တယ်။ ဒီမှာက ကြက်သားပဲ ကျွေးကျွေး၊ ဝက်သားပဲ ကျွေးကျွေး၊ ကိုယ့်အိမ်က ငါးပိဖုတ်လောက်တော့ မချိုပါဘူး"
ပြီးခဲ့တဲ့ ဩဂုတ်လဆန်ပိုင်းက ဆယ်ဇင်းရွာမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံခဲ့ရသလို လက်ရှိမှာလည်း လက်နက်ကိုင်တွေ ဝင်ထွက် သွားလာပြီး လုံခြုံရေး စိတ်မချရသေးတာကြောင့် နေရပ်ပြန်ဖို့ အလှမ်းဝေးနေဆဲပဲလို့ ဆိုင်းအောင် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ဆယ်ဇင်းရွာက ဒေါ်နန်းစိုးက ပြောပါတယ်။
"ဖြစ်နိုင်ရင်တော့ သူသူကိုယ်ကိုယ် ပြန်ချင်တယ်။ ဒီမှာက ကြက်သားပဲ ကျွေးကျွေး၊ ဝက်သားပဲ ကျွေးကျွေး၊ ကိုယ့်အိမ်က ငါးပိဖုတ်လောက်တော့ မချိုပါဘူး။ ကိုယ့်အိမ်နဲ့က လုံခြုံတယ် ပိုလို့က။ ကျမတို့ ကျမပြန်မယ်ဆိုရင်လည်း ပြန်စရာ လမ်းစရိတ်မရှိဘူး။ ပြီးတော့ ပြန်သွားရင်လည်း ဟိုမှာ ဘာမှလုပ်ကိုင်စားလို့မရဘူး။ ရောက်သွားရင်လည်း ရှိတဲ့ ဆန်လေးတွေ၊ ဆီလေးတွေက ကျန်တဲ့လူတွေက ဘယ်လိုပြောမလဲ၊ ခိုးချင်တဲ့ ခိုးသွားပြီဆိုတော့ ဘာမှမရှိတော့ဘူး။ မရှိမဲ့၊ ရှိမဲ့ ရှာထားတာလေး ကောင်းတာရော၊ မကောင်းတာရော သူများနောက်ပါသွားပြီဆိုတော့ အခုမှ တစ်ကနေ ပြန်စမယ်ဆို လွယ်တော့မလွယ်ဘူး"
ဆယ်ဇင်းကျေးရွာမှာ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်ကနေထိုင်လာတဲ့ ဒေါ်နန်းစိုးဟာ တိုက်ပွဲမဖြစ်ခင်က ရွာမှာ တစ်ပိုင်တစ်နိုင် ရွှေမြောမောင်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး အခုတော့ ဒုက္ခသည်စခန်းမှာ ခင်ပွန်းဖြစ်သူနဲ့ အတူ နေထိုင်နေတာပါ။
ဒုက္ခသည်တွေဟာ သူတို့ရွာကိုပြန်ပြီး အရင်လို ပုံမှန်အခြေအနေနဲ့ လုပ်ကိုင်စားသောက် နိုင်ဖို့ မျှော်လင့်မိကြောင်းလည်း ပြောပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အောက်တိုဘာလ ၃၁ ရက် ဒီနေ့ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ တစ်သောင်းနှစ်ထောင်ကျော်အထိ ရှိနေပါတယ်။