ပခုက္ကူမှာ ရွာနှစ်ရွာ မီးရှို့ခံရလို့ အိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံး

2022.07.08
Share on WhatsApp
Share on WhatsApp
ပခုက္ကူမှာ ရွာနှစ်ရွာ မီးရှို့ခံရလို့ အိမ် ၁၅၀ ကျော် မီးလောင်ဆုံးရှုံး မကွေးတိုင်း ပခုက္ကူမြို့နယ်တွင်းက မီးလောင်နေသည့် ရှားဒူးရွာကို ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက ရှားဒူးနဲ့ စိုင်ဖြူရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင်လ ၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး ရွာကို မီးရှို့တာကြောင့် နေအိမ် ၁၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရှားဒူးရွာမှာ နေအိမ် ၁၅၀ လောက် မီးထဲပါသွားပြီး အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ စိုင်ဖြူရွာကို မီးထပ်ရှို့နေလို့ လက်ရှိအချိန်ထိ နေအိမ် ငါးလုံး မီးထဲပါသွားပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ကျနော်တို့ ရွာ မြောက်ဘက်ကရွာနဲ့ အရှေ့ဘက်ကရွာပါ။ ရှားဒူးနဲ့ စိုင်ဖြူရွာတွေပါ။ ရှားဒူးရွာကို မနက် ရှစ်နာရီလောက်ကတည်းက စရှို့နေတာပါ။ အခုလက်ရှိ စိုင်ဖြူကို ထပ်ရှို့နေသေးတယ်။ လက်ရှိကတော့ ငါးအိမ်ပါသွားပြီ၊ ထပ်ရှို့နေသေးတယ်ဗျ”

အင်အား သုံးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်က ဆိပ်ဖြူမြို့နယ် ဆိုက်ခမ်းရွာကနေ ယောချောင်းကို ဖြတ်ပြီး ပခုက္ကူမြို့နယ်ထဲက အခုရွာတွေကို ဝင်ရောက်မီးရှို့နေတာလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ် ရွာတွေထဲက ပြန်မထွက်သေးတာကြောင့် ဒေသခံရွာသား တစ်ထောင်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှားဒူးနဲ့ စိုင်ဖြူရွာ မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲ ဝင်ရောက်တာ မရှိသလို နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်တွေ ဟာလည်း စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ယခင်က တုံ့ပြန်ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း ဆိပ်ဖြူ၊ ပခုက္ကူ မြို့နယ်အစပ်က တောင်ပလူ၊ အရှေ့ကမ်းဖြူ၊ ဒဲပြားနဲ့ ဥယျာဉ်စုရွာတွေ အပါအဝင် အနီးပတ်ဝန်းကျင် ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း မီးရှို့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။