တိတ်ဆိတ်နေတဲ့ အင်းလေး

2021.10.08
တိတ်ဆိတ်နေတဲ့ အင်းလေး အင်းလေးကန်မှာ ငါးဖမ်းနေတဲ့ ကိုဝင်းမိုးကျော်ကို ၂၀၂၁ စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: RFA

နှစ်နှစ်သားအရွယ် ကလေးတစ်ဦးရဲ့ ဖခင် ကိုဝင်းမိုးကျော်ဟာ အင်းလေးကန်ဒေသကို လာရောက်လည်ပတ် ကြတဲ့ ပြည်တွင်းပြည်ပခရီးသွားတွေအတွက် စက်လှေမောင်းပြီး မိသားစုဘဝကို ရပ်တည်ခဲ့သူပါ။

ယူနက်စကိုအသိအမှတ်ပြု ဇီ၀၀န်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသဖြစ်တဲ့ အင်းလေးကန်ဟာ ရှမ်းပြည် နယ် ညောင်ရွှေမြို့နယ်မှာရှိပါတယ်။ ဒီဒေသဟာ နှစ်စဉ်သိန်းနဲ့ချီလာရောက်လည်ပတ်တဲ့ ပြည်တွင်း၊ ပြည်ပ ခရီးသွားတွေကို အဓိကအမှီခိုအားထားနေရတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။

အခုတော့ ကိုဗစ်ကပ်ဘေးအပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ခရီးသွားဧည့်သည်တွေ မလာတော့တာ ကြောင့် ကိုဝင်းမိုးကျော်တစ်ယောက် ငါးဖမ်းတဲ့အလုပ်ကို ပြောင်းလဲလုပ်ကိုင်နေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ မိသားစုကတော့ အရင်ကလို မဖူလုံတော့ပါဘူး။

“နည်းနည်းတော့ ကျပ်တည်းတာ မဟုတ်ဘူး၊ များများကျပ်တည်းတာ။ ရှာရတာ ခက်ခဲလွန်းလို့၊ အရင်က ဆို တစ်ရက် တစ်ရက်ဆို မရဘူးဆိုရင် တစ်သောင်းခွဲ နှစ်သောင်းလောက် ရတယ်။ ဧည့်သည်လာရင်။ အခု ဧည့်သည် မလာတာကြတော့ တစ်ရက်ကို နှစ်ထောင်၊ သုံးထောင်ပဲ ရတော့တယ်"

ကိုဝင်းမိုးကျော်လို စက်လှေသမားတွေသာမက ခရီးသွားလုပ်ငန်းပေါ်မှာ အမှီပြုနေရတဲ့ ငွေပန်းတိမ်-ရွှေပန်း တိမ်၊ ရက်ကန်း၊ ယွန်းထည်နဲ့ စိုက်ပျိုးရေး လုပ်ငန်းတော်တော်များများဟာ ကိုဗစ်ကပ်ဘေးနဲ့ စစ်အာဏာသိမ်း မှုဒဏ်ကြောင့် အခုအချိန်မှာ အလုပ်အကိုင်မဲ့ ပြီး အင်းလေးကန်ဝန်းကျင်ဟာလည်း တိတ်ဆိတ်နေပါတယ်။

ခရီးသည်တွေ မလာကြတော့တဲ့အတွက် တချိန်က ရက်ကန်းခတ်သံတွေ ဆူညံနေတဲ့ ရက်ကန်းရုံတွေကလည်း အလုပ်သမား နည်းနည်းနဲ့သာ လုပ်ကိုင်နေကြရပါတယ်။

ခရီးသွားတွေ အများစုဝယ်တတ်ကြတဲ့ ရိုးရာရက်ကန်းထည်တွေကို စင်ပေါင်း ၄၀ ကျော်နဲ့ ရက်လုပ်ခဲ့ရတဲ့ အင်းပေါခုံရွာက ရက်ကန်းရုံဟာဆိုရင် အခုအချိန်မှာ ရက်ကန်းသည် သုံးယောက်နဲ့သာ လည်ပတ်နေရ ပါတယ်။

ရက်ကန်းသည် ဒေါ်မြလေး ကတော့ တစ်ချိန်က သူ့ရဲ့လုပ်ဖော်ကိုက်ဖက်တွေကို သတိရနေပါတယ်။

“ရက်ကန်းစင် ၄၀ လုံးကို ဆူညံနေတာပဲ။ စင်တိုင်း စင်တိုင်း လူရှိနေတာ။ အခုတော့ တိတ်၊ ကိုဗစ်ဖြစ်လို့ နားတာနဲ့ ရက်ကန်းစင်အလုပ်က မကိုက်လို့ အပြင်မှာ ထွက်လုပ်နေကြတယ်။ နည်းနည်းလေးဆိုတော့ ပျင်းတယ်“

အင်းလေးကန်ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးကန်ဖြစ်သလို ၂၀၁၃ ခုနှစ်မှာ အာဆီယံတောရိုင်း တိရစ္ဆာန် အမွေအနှစ်ဒေသနဲ့ ၂၀၁၈ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသအဖြစ် သတ်မှတ်ခံထားရပါတယ်။

အင်းလေးကန်ဟာ ၄၅ စတုရန်းမိုင်ကျယ်ပြီး မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံး ကုန်းတွင်း ရေကန်ကြီးဖြစ် ပါတယ်။ အင်းလေးကန်ဟာ သဘာဝဘေးမဲ့တောအဖြစ် ထိန်းသိမ်းဖို့ သတ်မှတ်ထားတဲ့ wetland လို့ခေါ်တဲ့ စိမ့်မြေအရပ်ဖြစ်ပြီး ၂၀၁၃ ခုနှစ်က ASEAN Heritage Parks အာဆီယံ အမွေအနှစ်ဥယျာဉ်အဖြစ် သတ်မှတ် ခံရပြီး၊ ၂၀၁၅ ခုနှစ်မှာ ယူနက်စကိုရဲ့ ဇီဝအ၀န်းနယ်မြေ World Network of Biosphere Reserves သတ်မှတ်ခံရပါတယ်။

ဒါ့ကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ မရောက်ရောက်အောင် လာလည်တဲ့နေရာ၊ စိတ်အပန်းဖြေလည်ပတ်ဖို့နဲ့ လေ့လာဖို့အတွက် ပြည်တွင်း၊ ပြည်ပခရီးသွားတွေ အသွားလာများတဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။

winmoekyaw-boat.jpg
(အင်းလေးမှာ စက်လှေမောင်းနေတဲ့ ကိုဝင်းမိုးကျော်ကို တွေ့ရစဥ်)

ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံကိုလာတဲ့ ပြည်ပခရီးသွား ဧည့်သည် တွေဟာ ၂၀၁၈ ခုနှစ် မှာ သုံးသိန်းကျော်၊ ၂၀၁၉ ခုနှစ်မှာ လေးသိန်းနီးပါး ရှိခဲ့ပါတယ်။ ၂၀၂၀ မှာ ခရီးသွား ငါးသိန်း ကျော်ဝင်မယ်လို့ ခန့်မှန်းခဲ့ပေမယ့် ကိုဗစ်ရိုက်ခတ်မှုကြောင့် ဧပြီလနောက်ပိုင်း ခရီးသွားတွေ မရှိ တော့ဘူးလို့ ၂၀၂၁ ခုနှစ် ဇန်ဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီကာလအတွင်း ပြည်တွင်းခရီးသွားအချို့ လာလည်တာတွေရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ အင်းလေးကို ခရီးသွားတွေ ရောက်မလာတော့ပါဘူး။

အင်းလေးဒေသမှာ ကျေးရွာပေါင်း ၁၅၀ ကျော်ရှိပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းဟာ ခရီးသွားတွေကို မှီခိုနေကြရတဲ့ ကျေးရွာတွေဖြစ်ကြပါတယ်။

တစ်ချိန်က ခရီးသွားတွေမဖြစ်မနေ လာလည်တတ်တဲ့ ဟဲယာရွာမက Golden Moon စားသောက်ဆိုင်ပိုင်ရှင် ဦးထွန်းမြတ်လင်းဟာ အခုဆိုရင် သူ့ရဲ့ဆိုင်ကိုပိတ်ထားရတာ ကာလအတော်ကြာခဲ့ပါပြီ။

“ဧည့်သည်တွေလည်း မလာတော့ဘူး။ ဖုန်တွေလည်း တက်တယ်ဗျ။ ကျနော်က ပင့်ကူအိမ်တွေကို သန့်ရှင်းရေးတောင် မလုပ်တော့ဘူး။ ဧည့်သည်က မရှိတော့သလိုဘဲ ခံစားရတယ်ဗျ။ ခရီးသွားလုပ်ငန်းက ဘယ်အချိန်မှ အသက်ဝင်မလဲဆိုတဲ့ မျှော်လင့်ချက်တွေကလည်း ကင်းမဲ့သွားတယ်။ ကျနော်တို့တွေက တော်တော်လေးကို ထိခိုက်ဆုံးရှုံးရတဲ့ အချိန်တွေကို ကျော်ဖြတ်နေရတာပေါ့ဗျာ“

ဝန်ထမ်း ၂၀ ကျော်နဲ့ မနက် ၆ နာရီလောက်ကနေ ညနေ ၃ နာရီအထိ ဧည့်သည်တွေကို ရောင်းချ၊ ဝန်ဆောင် မှုပေးဖို့ မနားတမ်းအလုပ်လုပ်ခဲ့ရတဲ့ အချိန်တွေကို သူလွမ်းနေတယ်လို့ ပြောပါတယ်။

inlay-house.jpg
(ခရီးသွားတွေအလာနည်းတဲ့ အင်းလေးကို စက်တင်ဘာလက တွေ့ရစဥ်)

ခရီးသည်တွေ ရောက်မလာတာကြောင့် စားသောက်ဆိုင်တွေကို ပိတ်ထားကြရသလို ညောင်ရွှေမြို့မှာရှိတဲ့ ဟိုတယ်၊ မိုတယ်နဲ့ တည်းခိုခန်းပေါင်း ၁၀၀ ကျော် ၉၀ ရာခိုင်နှုန်းလောက် ပိတ်ထားကြရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ညောင်ရွှေမြို့က တည်းခိုခန်းပိုင်ရှင် မသူသူ ကတော့ ခရီးသွားတွေနဲ့ ပြန်လည်စည်ကားလာမယ့်အချိန်ကို မျှော်နေပါတယ်။

“အခုလောလောဆယ် နိုင်ငံရေးအခြေနေအရ ကျမကိုယ်တိုင် ခရီးမသွားချင်ပါဘူးရှင့်။ နိုင်ငံရေးရယ်၊ ကိုဗစ်ရယ်၊ ကိုယ့်ကျန်းမာရေးက အဓိကလေ။ ကျမလုံခြုံရေးက အဓိကပေါ့နော်။ အဲဒီနှစ်ခုလုံးက မသင့်တော်တဲ့အချိန်ဖြစ်နေတော့ အကုန်လုံးငြိမ်းချမ်းမှသာ သူသူကိုယ်ကိုယ် ခရီးသွားကြမယ်၊ အဲချိန်ကျမှ လာကြမယ်လို့ ထင်ပါတယ်“

အင်းလေးကန်မှာ နာမည်ကြီးတဲ့ ဟဲယာရွာမက ရေပေါ်ဈေးဟာလည်း အခုတော့ လှေတချို့ ဖြတ်သွား ဖြတ်လာသာရှိပြီး တိတ်ဆိတ်နေပါတယ်။

နှစ်စဉ် လှေအစီးရေ ၁၀၀ ကျော်အထိ အော်ဒါရတဲ့ စက်လှေပိုင်ရှင် ဦးကျော်မိုးကတော့ လှေတွေအလုပ် မဖြစ်ကြတော့လို့ အခု စက်လှေ ၁၅ စီးလောက်သာ အော်ဒါရထားပါတယ်။

“ပိုက်ဆံအဆင်မပြေတဲ့သူနဲ့၊ ကိုဗစ်ကာလမှာ ဝယ်ရမယ့်ဟာကို ချင့်ချိန်နေတာပေါ့။ ဆီ၊ ဆန်ဝယ်ရမလား၊ စားစရာ ဆေးဝယ်ရမလား အဲလိုဖြစ်နေတယ်။ အော်ဒါအပ်ထားတာတောင် လာမယူနိုင်ကြသေးဘူး။ အော်ဒါအပ်ထားတာ ခြောက်စီးလောက်ရှိတယ်။ အကြွေးတွေနဲ့ ဖြစ်နေတယ်။ အလုပ်သမားခကတော့ ချက်ချင်းရှင်းပေးရတာပေါ့။ သူတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာကိုး’’

inlay-seller.jpg
(စက်လှေနဲ့ အသီးအနှံတွေ လိုက်လံရောင်းချနေတဲ့ အင်းလေးက စျေးသည်တွေကို တွေ့ရစဥ်)

ကမ္ဘာလှည့်ခရီးသွားတွေ မလာရောက်တော့လို့ ထိခိုက်သူတွေထဲမှာ ဧည့်လမ်းညွှန်တွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက လိုင်စင်ထုတ်ပေးထားတဲ့ ဧည့်လမ်းညွှန် တစ် သောင်းလောက်ရှိပေမယ့် တကယ့်လက်တွေ့ လုပ်ငန်းခွင်မှာရှိနေသူက အယောက် ၂၅၀၀ ဝန်းကျင်ရှိတယ်လို့ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။

အခုတော့ ဧည့်လမ်းညွှန်တွေလည်း သူတို့ရဲ့ စားဝတ်နေရေးအတွက် ဘာသာစကားသင်ပြတာ၊ အင်တာနက် ကနေ ဈေးရောင်းတာစတဲ့ တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ကူးပြောင်းကြရပါတယ်။

အမြဲခရီးသွားနေရသူတွေက စိတ်မကောင်းစွာနဲ့ပဲ အခုလို အလုပ်အကိုင်ပြောင်းလိုက်ရတာလို့ စာသင်တဲ့ အလုပ်ကို ပြောင်းလိုက်ရတဲ့ အင်္ဂလိပ်ဘာသာ ဧည့်လမ်းညွှန်တစ်ယောက်က ပြောပါတယ်။

“ကျနော်တို့ ဧည့်လမ်းညွှန်အများစုသည် ဘယ်သူ့ဘယ်သူရဲ့ ချည်နှောင်မှုမှမပါဘူး။ အဲလိုလုပ်ချင် ကြတယ်။ တစ်နေရာကနေ တစ်နေရာ ခရီးသွားရတာကို နှစ်သက်တယ်။ လူတွေနဲ့ စကားပြောရတာကို နှစ်သက်တယ်။ အခုချိန်မှာ အဲဒါတွေ မရှိတော့ဘူးဖြစ်တဲ့အတွက် သွားမေးလိုက်ရင် ပြောလိမ့်မယ်။ သူတို့မဖြစ်မနေ တခြားအသက်မွေးဝမ်းကျောင်းကို လုပ်နေရာသော်ငြား အခုချိန်မှာ သူတို့ကို ကျေနပ် နေလားမေးရင် တစ်ရာမှာ တစ်ယောက်ကတော့ ကျေနပ်မှာ မဟုတ်ဘူး“

ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်က ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ၂၀၂၁ ဇန်နဝါရီကနေ မေလအထိ ကမ္ဘာတဝှမ်း နိုင်ငံတကာ ခရီးသည်ရောက်ရှိမှုဟာ ၂၀၁၉ ခုနှစ်နဲ့ နိုင်းယှဉ်ရင် ၈၅ ရာခိုင်နှုန်းအောက် ကျဆင်းသွားပြီး အရေအတွက်နဲ့ဆို သန်း ၄၆၀ လျော့သွားတယ်လို့ ဆိုပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာလည်း ၂၀၂၁ ခုနှစ် ပထမ ၅ လအတွင်း ခရီးသည်ရောက်ရှိမှုဟာ ၉၅ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့လည်း စာရင်းမှာ ပါရှိပါတယ်။

"အကုန်လုံးငြိမ်းချမ်းမှသာ သူသူကိုယ်ကိုယ် ခရီးသွားကြမယ်၊ အဲချိန်ကျမှ လာကြမယ်လို့ ထင်ပါတယ်"

အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်ရှင်သန်လာဖို့အတွက် ကိုဗစ်လျော့ ကျရေးက အရေးကြီးကြောင်း၊ ကိုဗစ်ကာကွယ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ ဌာနဆိုင်ရာနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဘက်ကပါ ဟန်ချက်ညီညီ အကောင်ထည်ဖော်ဖို့ လိုအပ်တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ စက်တင်ဘာ ၂၇ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့မှာ ပြောပါတယ်။

ဒါပေမဲ့ လက်ရှိ နိုင်ငံအနှံ့မှာ လုံခြုံမှုအားနည်းချိန်မှာတော့ ခရီးသွားတွေ ပြန်လာဖို့က မလွယ်နိုင်သေးဘူးလို့ ညောင်ရွှေမြို့က ပုဂ္ဂလိက ခရီးသွားလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ဦးမောင်ကျော်က ပြောပါတယ်။

“ငါတို့မြို့မှာ မွန်းကျပ်လာပြီ ခရီးထွက်ချင်တယ်။ အဲလိုမျိုး စွန့်စွန့်စားစားထွက်တဲ့ တစ်ဖွဲ့တစ်လေတော့ ရှိမှာပေါ့။ ကျနော်တို့ ကြုံလာခဲ့တဲ့ ၂၀၁၈-၁၉ အခြေအနေမျိုး ရောက်လာဖို့ကတော့ ကိုယ်လည်း မမှန်း တတ်ဘူး။ မျှော်လည်း မမျှော်လင့်ရဲဘူး။ ဘာလို့ဆိုတော့ ဒီလိုဖြစ်တာ အခုဆို ၇ လကျော်ပြီပေါ့နော်။ ဘာမှလည်း မထူးခြားလာဘူး။ တဖြည်းဖြည်းနဲ့ အနေကျဉ်း အနေကျုံ့လာတာပဲရှိတယ်“

inlay-view.jpg
(တောင်တန်းတွေနဲ့ သာယာလှပတဲ့ အင်းလေးရှုခင်းကို မြင်ရစဥ်)

မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်စပိုင်းမှာသာ ခရီးသွားအနည်းငယ်ရှိခဲ့ပေမယ့် ၂၀၂၁ မှာတော့ အလည်ပတ်ခရီးသွား လုံးဝမရှိတော့တာကြောင့် ခရီးသွားလုပ်ငန်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ဝန်ထမ်း ငါးသောင်းလောက် အလုပ် လက်မဲ့ဖြစ်သွားခဲ့ရတယ်လို့ ခရီးသွားလုပ်ငန်းရှင်များအသင်းက ဆိုပါတယ်။

အခုချိန်မှာတော့ ခရီးသွားလုပ်ငန်းဟာ ဘေးအန္တရာယ်ကျရောက်တဲ့ နေရာကြီးတစ်ခုလိုဖြစ်နေပြီလို့ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက နာမည်မဖော်ချင်တဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

“ကိုယ့်ဝန်ထမ်းတွေ ထိန်းသိမ်းရတာ၊ သူတို့ ရပ်တည်ရေးအတွက် စောင့်ရှောက်ရတာ၊ ရောဂါတွေဖြစ်တော့ အသက်အန္တရာယ် ကာကွယ်ရတာတွေ၊ အခုဆို ကာကွယ်ဆေးတွေ ဘာတွေထိုးပေးဖို့ လုပ်ရတာတွေ အများကြီးပေါ့။ အားလုံးကတော့ တကယ့် Disaster (ဘေးအန္တရာယ်ကျရောက်တဲ့နေရာ) ဖြစ်ခဲ့တာပေါ့ လေ။ ကိုယ့်လုပ်ငန်းတိုးတက်ဖို့ မစဉ်းစားနိုင်ဘူး။ Tour Operator လောကကတော့ ကိုယ့်လုပ်ငန်း ဖောင်ဖျက်ရမယ့်အခြေအနေ မရောက်အောင် ကြိုးစားရုန်းကန်နေရတဲ့ အခြေအနေပေါ့။"

ကိုဗစ်ကာကွယ်ဆေးထိုးပြီး ရောဂါမကူးစက်အောင် ဂရုတစိုက် ခရီးသွားလာလို့ရပေမယ့် စစ်အာဏာသိမ်း ခံထားရလို့ နေရာပေါင်းစုံမှာ မလုံခြုံတော့တဲ့အခြေအနေက ဘယ်အချိန် ပြီးဆုံးမလဲဆိုတာကိုတော့ မသိနိုင် ကြသေးပါဘူး။

တစ်ချိန်က ဧည့်သည်တွေနဲ့ စည်ကားခဲ့တဲ့ အင်းလေးကန်ကြီးကတော့ ဧည့်သည်တွေကို စောင့်မျှော်ရင်း တိတ်ဆိတ်လို့ နေပါတယ်။

အင်းလေးဒေသခံတွေကလည်း အရင်လို ဧည့်သည်တွေကို ပြုံးပြကြိုဆိုဖို့အခွင့်အရေးကို ပြန်ရဖို့မျှော်လင့် နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။