အကျပ်အတည်းပေါင်းစုံကြားကနေ သားသမီးတွေကိုစောင့်ရှောက်နေတဲ့ တစ်ကိုယ်ရေမိခင်များ
2023.09.22
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တစ်နေ့တခြား မြင့်တက်လာတဲ့ အထွေထွေ ကုန်ဈေးနှုန်းတွေကြောင့် နိုင်ငံသားအများစုက ထမင်းနပ်မှန်ရေးအတွက် ရုန်းကန်နေကြရပါတယ်။ ဒီလိုအချိန်မှာ Single Mother လို့ခေါ်တဲ့ တစ်ကိုယ်ရေရပ်တည်ပြီး သားသမီးတွေကို ရှာဖွေကျွေးမွေးနေတဲ့ မိခင်တွေအတွက် ပိုပြီးခက်ခဲနေပါတယ်။
“အရင်ကတော့ သမ္မာအာဇီဝ ကျွန်မ အဝတ်လျှော်စားတာပါ။ ဒါပေမဲ့ အဲဒီ အဝတ်လျှော်စားတာ ကျွန်မ မလုပ်နိုင်တော့ဘူး။ ကလေးတွေမှာ ကသီပါတယ်။ တစ်ခါတလေ ကျောင်းသွားရင် မစားရ မသောက်ရဘဲ သွားရတယ်။ အဲဒါနဲ့ ကျွန်မ ဒီအလုပ်ကိုရွေးလိုက်တာ။ ဘာပဲဖြစ်ဖြစ် လေးငါးထောင်ပဲရရဆိုပြီး ကျွန်မ ကလေးတွေကို တောင်းကျွေးတာပါ။ တစ်ခါမှ ဒီအလုပ်တွေကို စိတ်မကူးမိပါဘူး”
သားသမီး ငါးယောက်အတွက် လမ်းတကာလှည့် အလှူခံပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် ၄၀ ကျော်အရွယ် ဒေါ်အိအိစိုး ပြောပြနေတာပါ။ သူ့သားသမီးတွေက အသက် ၁၃ နှစ်ကနေ ၄ နှစ်ကြား ကလေးတွေဖြစ်ပြီး ရန်ကုန်တိုင်း သန်လျင်မြို့နယ် ကွမ်ခြံကုန်းရွာမှာ နေကြပါတယ်။ ဒေါ်အိအိစိုးရဲ့ ခင်ပွန်း ဦးအောင်ကိုလင်းက ပြီးခဲ့တဲ့ မတ်လမှာ ဆုံးသွားခဲ့လို့ မုဆိုးမအဖြစ် ကျန်ရစ်ခဲ့သလို၊ သူ့ခင်ပွန်းဆီက တီဘီရောဂါပါ သူ့ဆီကျန်ရစ်ခဲ့ပါတယ်။
"ကျွန်မ သားလေးတွေကို ကျောင်းထားချင်ပေမယ့်လို့ မထားနိုင်ဘူး"
တစ်နေ့ထက်တစ်နေ့ တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြား ကျန်းမာပြီး မိသားစုစုံတဲ့ သူတွေတောင် မနည်းရုန်းကန်နေရတာ တွေ့နေရတဲ့အခုကာလမှာ ဒေါ်အိအိစိုးအဖို့ ရောဂါက တဖက်၊ သူအပါအဝင် ကလေး ငါးယောက်ရဲ့ စားဝတ်နေရေးကတဖက်နဲ့ နောက်ဆုံးမှာတော့ အရှက်ကိုမငဲ့နိုင်တော့ဘဲ အလှူခံစားရတဲ့ဘဝ ရောက်နေရတာပါ။
သူ့မှာ ငွေကြေးဆင်းရဲလွန်းပေမယ့် သားသမီးတွေကို ပညာမဆင်းရဲစေချင်တဲ့အတွက် သူတို့နားက ရွှေကျင်ဘုန်းကြီးကျောင်းမှာ အပ်ထားလို့ အကြီးဆုံး ကလေးနှစ်ယောက်က ဒုတိယတန်း၊ အလတ် ကလေးက သူငယ်တန်းတက်နေပါတယ်။
“ပညာဆုံးခန်းတိုင်အောင် သင်ပြီးတော့ သူတို့လေးတွေ လူတော်လူကောင်းဖြစ်စေ ချင်တယ်။ ကိုယ်ပိုင်အလုပ်ကလေးနဲ့ ဘာလေးနဲ့ အဲလိုဖြစ်စေချင်တယ်။ သူတို့ဘာသာ ရှာစားနိုင်တဲ့ အရည်အချင်းရှိတာမျိုး။ ရှာနိုင်ရမယ်၊ သုံးနိုင်ရမယ်။ အဲလိုမျိုး ကိုယ်က လိုချင်တယ် သူတို့ကို။ ဘာကြောင့်လဲဆိုတော့ ကျွန်မက ကျန်းမာရေး မကောင်းတဲ့ သူဆိုတော့ ကျွန်မ ဘယ်နေ့သေမယ် ဆိုတာက ကျွန်မကိုယ်လည်း ကျွန်မ မသိဘူးလေ။ သူတို့ကို ကျွန်မ ထားခဲ့ရမှာလေ။ သူတို့ ရှာနိုင်ဖွေနိုင်တဲ့ သူမျိုးတွေဖြစ်မှ အဆင်ပြေမှာ လေ”
သူတို့သားအမိတွေနေတဲ့ အိမ်လေးက အမိုးမလုံ၊ မိုးရေကပက်တာကြောင့် မြေပိုင်ရှင်က သနားပြီး ဘေးနားက လူမနေတဲ့ပျဉ်ထောင်အိမ်မှာ ယာယီနေခွင့်ပြုပေးထားတာလို့ ပြောပြပါတယ်။
ဒါကြောင့် အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ ဦးကျော်ဇေယျက ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးနေတဲ့ ကိုထွန်းမင်းနဲ့ ချိတ်ဆက်ပေးခဲ့တဲ့အတွက် အလှူငွေတချို့ရလို့ ရာသီဥတုကာကွယ်နိုင်မယ့် နေစရာလေးဆောက်ပေးနိုင်ဖို့ ကြိုးစားပေးနေတယ်လို့ ပြောပြပါတယ်။
“ကောင်မလေးမှာလည်း တီဘီရောဂါရှိတယ်။ နေရ၊ ထိုင်ရတာလည်း ဆင်းဆင်းရဲရဲ ဖြစ်ပြီးတော့ သူများအိမ်ပေါ်တက်အိပ်ရတဲ့ အနေအထားတွေဖြစ်နေတဲ့အတွက် ကျွန်တော်တို့ကလည်း ရပ်ကွက် အနေအထားနဲ့တော့ ကြည့်မယ်ဆိုရင် မြင်ရ၊ တွေ့ရတာ အဆင်မပြေဘူးပေါ့။ အဲဒါကြောင့် သူတို့ကို ကျွန်တော် ကူညီဖြစ်တာပါဗျ”
ခင်ပွန်းမရှိတော့ဘဲ တစ်ကိုယ်ရေမိခင်ဘဝနဲ့ သားသမီး လေးယောက်အတွက် လမ်းဘေးမှာ စျေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့သူ နောက်တစ်ယောက်ကတော့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က အသက် ၅၇ နှစ် အရွယ် ဒေါ်ရင်ရင်အေးပါ။
"ကျွန်မမှာ စျေးရောင်းပြီး မနည်းရုန်းကန်နေရတော့ ကလေးတွေလည်း ကျောင်းမထား နိုင်ပါဘူး၊ မိခင် တစ်ယောက်ကတော့ သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်တာ ပေါ့ရှင်၊ ကျွန်မ သားလေးတွေကို ကျောင်းထားချင်ပေမယ့်လို့ မထားနိုင်ဘူး။ ဒါပေသိ စာမတတ်မှာစိုးလို့ ဘုန်းကြီးကျောင်းမှာတော့ သွားထားပါတယ်။ သူတို့လေးတွေ ကျောင်းကပြန်လာတာနဲ့ ဘုန်းကြီးကျောင်းက ပြန်လာတာနဲ့ ကြည့်ကြည့်ပြီး ကလေးတွေကွယ်ရာမှာ ကျွန်မမှာ အမြဲတမ်းလိုလို မျက်ရည်တွေ ကျခဲ့ရပါတယ်ရှင်။ သားသမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ထားချင်တာပေါ့"
ဒေါ်ရင်ရင်အေးရဲ့ ခင်ပွန်းကလဲ နာတာရှည်ဘဝနဲ့ ဆယ်နှစ်ကျော်ကြာပြီး ဆုံးသွားခဲ့တာပါ။
ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတော့ ခင်ပွန်းမရှိတော့တဲ့ တစ်ကိုယ်ရေ အမျိုးသမီးတွေနဲ့ သားသမီးတွေကို သက်ဆိုင်ရာ အစိုးရတွေက ကူညီပံ့ပိုးတဲ့အစီအစဉ်တွေ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာလည်း အဲဒီလို အမျိုးသမီးတွေကို ထောက်ပံ့ဖို့ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွေ တည်ထောင်ပြီး ကူညီနိုင်မယ့်ဥပဒေကို NLD အစိုးရ လက်ထက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နေ့မှာ သမ္မတ ဦးဝင်းမြင့် လက်မှတ်ထိုးပြီး အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက်မှာ အခြေအနေတွေအားလုံး ယိုယွင်းနေတဲ့ အတွက် တစ်ကိုယ်ရေ ရပ်တည်နေရတဲ့ မိခင်နဲ့ကလေးတွေကို တာဝန်ယူကူညီတာတွေ မတွေ့ရတော့ပါဘူး။
ဒီအခြေအနေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကို မေးကြည့်ဖို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် တာဝန်ယူလက်ခံဖြေဆိုမယ့်သူ မရှိပါဘူး။
အခုလို ဘဝအသက်ရှင်ရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ရပ်တည်နေရတဲ့ တစ်ကိုယ်ရေ မိခင်တွေကို လူမှုအသိုက်အဝန်းက ဖေးမကူညီရမယ်လို့ မြန်မာ့အမျိုးသမီးများသမဂ္ဂ (BWU) ရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါ်တင်တင်ညိုက RFA ကို ပြောပါတယ်။
"ဒီ Single Mother တွေက သူတို့ဘာသာ သူတို့ ခြေထောက်ပေါ်မှာ ရပ်တည်နိုင်တယ်။ အဓိကက အခွင့်အလမ်းရှိဖို့နဲ့ သူတို့ရဲ့ ရပ်တည်မှုအပေါ်မှာ ဝေဖန်ရှုတ်ချပြီးတော့မှ လစ်လျူရှုတဲ့ ပုံစံမျိုးမဖြစ်ဖို့ လိုတယ်။ သူတို့ရဲ့ ဖြစ်တည်မှုကို ဖြစ်တည်မှုအတိုင်း အသိအမှတ်ပြုပြီးတော့ ပိုမိုပြီးတော့မှ နွေးထွေးစွာနဲ့ ဖေးမကူညီတဲ့ အသိုက်အဝန်းမျိုးကို ပိုလိုတာပေါ့"
အခုဆိုရင် ဒေါ်ရင်ရင်အေးတို့ ဒေါ်အိအိစိုးတို့လို မိခင်တွေ မြန်မာပြည်မှာ ဘယ်လောက် ရှိမလဲဆိုတာ တိတိကျကျ မပြောနိုင်လောက်အောင်ဖြစ်နေပါတယ်။ ပြောနိုင်တာကတော့ သူတို့မှာ မယိုင်လဲတဲ့ စိတ်ဓာတ်နဲ့ ကြုံရာကျပန်းလုပ်ကိုင်ရင်း အနာဂတ်လူမမယ်တွေကို ပြုစုပျိုးထောင်နေတယ်ဆိုတာပါပဲ။